Monday, June 10, 2013

တကယ်လေတိုက်ရင် တကယ်လည်တယ်




(၁)

ကတ္တရာလမ်းနက်နက်ရဲ့ ကျောပေါ်မှာ တံလျှပ်တို့ကို တနင့်တပိုးထမ်းပိုးထားရချိန်။ လမ်းမပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ အထူးတလည်ကိစ္စမရှိပါပဲ ဖြတ်သန်းသွားလာဖို့ ဆန္ဒမရှိတဲ့အချိန်။ ပူပြင်းလှပေစွ။ လမ်းတလျှောက်မှာလည်း ကြီးကြီးမားမား အရိပ်ခိုစရာအပင်ဆိုလို့ နတ္ထိ။ ရှိစုမဲ့စု အပင်လေးတစ်ပင်တစ်လေတောင်မှ သူ့အရွက်တွေကို တအီအီခါချနေလိုက်တာ ရိုးတံနဲ့ငေါငေါ။ တဖြည်းဖြည်း မြို့ပြပိုဆန်ဆန်လာတဲ့ တောမြို့လေးဟာ အခြားမြို့ပြတွေလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်နဲ့ အချိုးကျ ရောနှောရှူရှိုက်။ မြစ်ပြင်ကို ဖြတ်တိုက်လာရတဲ့ လေအေးအေးတွေလည်း ရရာမြေနေရာလေးပေါ် တစ်ထပ်ပြီးတစ်ထပ် တင်ဆောက်လာရတဲ့ မိုးတိုးမတ်တပ် အဆောက်အဦတွေကို မကျော်နိုင်တော့ မြစ်ပြင်ထဲကလေ မြစ်ပြင်ထဲမှာသာ အေးမြခွင့်ရနေတော့တယ်။ မြို့ကလေးပေါ်ထိ၊ လမ်းတွေပေါ်ထိ ခြေချခွင့်မရနိုင်တော့။ 

အရင်က ရှိခဲ့ဖူးတဲ့ လမ်းဘေးရေအိုးစင်လေးတွေသော်မှ အခုမရှိတော့။ အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားတဲ့ ရေအိုးစင်လေးတွေအစား သံကြိုးတည်းနှောင်ထားခံရတဲ့ ပလတ်စတစ်ခွက်တွေ နေရာယူလာ၊ နောက် .. သောက်ရေအိုးကိုပါ တံခါးပိတ်၊ သော့ခတ် အကျဉ်းချထားရ။ နောက်တော့ … ရေအိုးစင်လေးတွေ ရှားပါး ပျောက်ကွယ်လာ။ ရာသီဥတု ဖေါက်ပြန်ပျက်ယွင်းခြင်း၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာခြင်းဒဏ်တွေအောက် မြို့ကလေးဟာ ပြားပြားမှောက် ဖွံ့ဖြိုးနေဆဲ။ အမြီးနဲ့ ခေါင်း ကျက်တာအရင်စားမယ်ဆိုတဲ့ လူ့အန္ဓတွေ ပိုပိုများလာတဲ့မြို့လေး၊ ပရထက် အတ္တကို ပိုပိုပြီး မွေးမြူလာတဲ့ မြို့လေး။ အထဲမှာဗလာကျင်းနေတဲ့ ခေါင်းကိုမော့၊ နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ကြီးကို ကော့ကော့ပြီး မြို့ကြီးပြကြီးဟန်ဆောင်နေပေမယ့် တစ်ချိန်တုန်းက သူ့ရဲ့ရိုးသားမှု၊ အေးဆေးမှု နဲ့ မြို့ပြမဆန်တဲ့ အလှအပတွေကို သူကိုယ်တိုင် ပြန်လွမ်းနေရတဲ့မြို့လေး။ 

အပူချိန်က တရိပ်ရိပ်နဲ့ တက်တက်လာပြီ။ နွေလယ်နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်ကိုရောက်လာခဲ့ပြီ။ မကြာခင်မှာပဲ ဒီလမ်လေးပေါ်မှာ တံလျှပ်တွေအလိမ်းလိမ်းကြားမှာ တရွေ့ရွေ့လျှောက်လာတဲ့ သူ့ကို တွေ့ကြရတော့မယ်။ သေချာတယ် သူ စာသင်ကျောင်းတွေဖက်က ပြန်လာတာ။ အခုအချိန်ဆိုရင် စာသင်ကျောင်းတွေမှာ မုန့်စားလွှတ်ပြီးလို့ ကျောင်းပြန်ခေါ်နေပြီ။ ဆိုတော့ .. သူ့အလုပ်ဘာမှ မရှိတော့။ ကျောင်းပြန်ခေါ်ချိန်ရောက်ပြီ ဆိုတာနဲ့ လမ်းတကာပေါ် သူလျှောက်သွားနေပြီ။ ဘယ်လမ်းတကာကို ဘယ်လိုပဲ သူလျှောက်သွားသွား ခုလိုအချိန်ဆိုရင် ဒီလမ်းလေးကိုတော့ သူရောက်ရောက်လာမြဲ။ ဘာကြောင့် ဒီအချိန်တိုင်း ဒီလမ်းကလေးပေါ်ကို ရောက်ရောက်လာပါသလဲလို့ သူ့ကိုသွားမေးရင် “ဒီလမ်းလေးက ဆင်းရဲတယ်လေကွာ။ ငါ့အလုပ်နဲ့တော့ ကွက်တိပေါ့ကွ။ နောက် .. ငါ့မိတ်ဆွေလေးတွေက ဒီအချိန်ဆိုရင် လမ်းပေါ်ရောက်နေကြပြီ။ တခြားမှာဆိုရင် ဒီအချိန် လမ်းပေါ်လူမရှိဘူး။” လို့ အသေအချာဖြေလိမ့်မယ်။

မြို့လေးရဲ့ လမ်းတကာပေါ်မှာ သူ့ကိုတွေ့တွေ့နေရတယ် ဆိုပေမယ့်လို့ တိုက်မြင့်မြင့်ကြီးတွေရဲ့ အခန်းကျဉ်းလေးတွေထဲ အဲကွန်းသံတ၀ီဝီအောက် ကိုယ့်ဘာသာ အကျဉ်းကျနေတဲ့ “လူချမ်းသာ” ဆိုသူတွေသာနေတဲ့ မြို့လယ်လမ်းမကြီး တွေ ပေါ်မှာတော့ သူ့ကို တွေ့ရခဲတယ်။ တကယ်လို့သာ ဘာကြောင့် အဲဒီလမ်းတွေပေါ် အလာကျဲသလဲလို့ သူ့ကိုမေးကြည့်ရင် “ငါ့အလုပ်နဲ့ မကိုက်ဘူးလေကွာ။ သူတို့ ငါ့ကိုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။” လို့ဖြေမှာပါပဲ။ သူ့အလုပ်ကလည်း အဲဒီလို။ သူ့မိတ်ဆွေဆိုသူတွေက သူ့ကိုစိတ်ဝင်စားပါမှ အဆင်ပြေမှာဆိုတော့ သူအဆင်မပြေတဲ့ လမ်းတွေဆိုရင် သိပ်မရောက်ဖြစ်။ လုံးဝမရောက်တာတော့လည်းမဟုတ် တစ်ခါတရံ အဆင်ပြေလိုပြေငြား ရောက်လာတဲ့အခါလည်း ရှိတယ်။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ လမ်းတကာပေါ်မှာတော့ သူ့ကို မပျက်မကွက် တွေ့တွေ့နေရမှာပဲ။ “နေပူတယ် မိုးရွာတယ်ဆိုတာ သဘာဝတရားကြီးက လုပ်နေတာလေကွာ။ ငါမှ သဘာဝတရားကြီးကို မထိမ်းနိုင်တာ နေပူမိုးရွာ ဘယ်ရှောင်နိုင်ပါ့မတုန်း။ လမ်းပေါ်ထွက်မှ ဖြစ်မှာဆိုတော့ ထွက်ရတာပါပဲကွာ။ အဆင်ပြေလားဆိုတော့ … အင်း … အဆင်ပြေပါတယ်။ မြို့လေးမှာ ငါ့ကိုစိတ်ဝင်စားတဲ့၊ ငါ့ကို နေ့စဉ်မျှော်နေတဲ့ ငါ့မိတ်ဆွေတွေ အမြဲ ရှိတယ်လေကွာ။ အဆင်ပြေတယ် ဆိုပါတော့။” သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်သူတိုင်းကို ဖြေနေကျ သူ့အဖြေ။



(၂)


လျှပ်စစ်စကားပြောခွက်ကို ခါးမှာချိတ်ချိတ်ပြီး ဟိတ်ဟန်ထုတ်တတ်တဲ့မြို့လေးဟာ အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ သူ့ကမ်းပါးတလျှောက် ဘာပင်မှ ဟုတ်ဟုတ်ငြားငြား မရှိတော့တဲ့ ၀တ်လစ်စလစ်မြစ်ကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ မြို့လေးရဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်များကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ ဘယ်သူတွေဘယ်လိုပဲ နောက်ကြောင်းပြန်လွမ်းလွမ်း ဖလင်တစ်ချပ်ပေါ်က ဇာတ်ကွက်တစ်ခု မဟုတ်တော့လည်း ရုပ်ရှင်ကားတွေလို အဖြူအမည်းနဲ့ နောက်ကြောင်းပြန် ပြလို့မရတော့တဲ့မြို့လေး။ ဘာပဲဖြစ်ဖြစ် နဂိုရည်ပျက်ခဲ့ပေမယ့် အပျိုစင်တစ်ယောက်လို စတိုင်ထွားနေဆဲမြို့လေး။ ဒီမြို့လေးမှာ တဖြည်းဖြည်း များများလာတာက လူ့မလိုင်ရေပေါ်ဆီများ။ တဖြည်းဖြည်း ရှားရှားလာတာက ဗြဟ္မစိုရ်တရားနဲ့ ငါးပါးသီလ။ တဖြည်းဖြည်း ထွားထွားလာတာက လျှင်သူစားစတမ်းဓလေ့။

သူဟာ ဒီမြို့သားစစ်စစ်ပါလို့ အမြဲပြောလေ့ရှိတယ်။ မြို့လေးရဲ့အပြောင်းအလဲကိုလည်း သိပ်စိတ်ဝင်စားပုံမရ။ သူသိတာက ဒီမြို့လေးရဲ့ လမ်းတစ်ချို့မှာ သူ့ကိုနေ့စဉ်မျှော်နေတဲ့ သူ့မိတ်ဆွေတွေရှိတယ်။ ဆိုက္ကားဂိတ်၊ ကားဂိတ်တွေမှာ သူ့အလုပ် ခဏတာနားတုန်း စကားလက်ဆုံကျမယ့် သူ့အသိတွေရှိတယ်။ ညနေအလုပ်သိမ်းချိန် သူပြန်စရာ မြို့လေးနဲ့ အောက်ဖက်ရွာတွေ ဆက်သွယ်ထားတဲ့ မြေသားတာဘောင်ဘေးက ၀ါးတဲလေးရှိတယ်။ (အိမ်သူ နဲ့ သားသမီးတွေတော့ မရှိဘူးလို့ သူ့အပြောအရသိရတယ်။) ဒီလောက်နဲ့တင်ပဲ ဒီမြို့လေးက သူ့အတွက် နေချင့်စဖွယ်ဖြစ်နေတော့ပုံ။ “ငါလား .. ဒီမြို့လေးကို ချစ်တာပေါ့။ ငါ့မြို့လေးပဲ။ အဲ … မြို့လေးကတော့ ငါ့ကို အရင်ကလောက် မချစ်တော့ဘူးထင်ပါရဲ့။ နည်းနည်းများ စိမ်းလာသလားလို့”  ဆိုက္ကားဆရာတွေ၊ ကားသမားတွေနဲ့ စကားထိုင်ပြောဖြစ်တဲ့ တစ်ခါတရံမှာတော့ သူ့ဆီက စိတ်မကောင်းသံလား၊ သံဝေဂသံလား စွက်နေတဲ့ ဒီစကားကို မကြာခဏ ကြားရလေ့ရှိတယ်။

တစ်ခါတစ်ခါ စိတ်လိုလက်ရရှိနေချိန်တွေမှာတော့ “တို့ငယ်ငယ်တုန်းကများဆိုရင် ဒီမြို့လေးဟာ … ” အစချီတဲ့ နောက်ကြောင်းပြန်အလွမ်းတွေက ဖြတ်ကနဲ ပြိုဆင်းလာတတ်တယ်။ အဲဒီလို ..  မြို့လေးရဲ့တစ်ခါက အခင်းအကျင်းကို ပြန်ပြန်ပြောတိုင်း သူပြောလေ့ရှိတာက “အခုနောက်ပိုင်းတွေမှာ တို့မြို့လေးလည်း ဘာတွေဖြစ်လာတယ် မသိပါဘူးကွာ။ လူတွေက တဖြည်းဖြည်း ကဏန်းတွေနဲ့ ပိုတူလာတယ်။ ကဏန်းတွေကို ပုံးထဲထည့်ထားသလိုပေါ့။ တစ်ကောင်က သူ့လွတ်မြောက်လမ်းအတွက် တွယ်တက်သွားလိုက်၊ နောက်တစ်ကောင်က အောက်ကနေ ဆွဲချလိုက်။ ဒီလိုနဲ့ ဘယ်ကဏန်းမှ မလွတ်မြောက်တော့ဘူး။ ဒီကလူတွေလည်း အဲဒီလိုဖြစ်နေတယ် ထင်တာပဲ။”  

နောက် သူ့ဘ၀တလျှောက်လုံး ပင်ပင်ပန်းပန်းနဲ့ ဆင်းတောင့်ဆင်းရဲ ရှာဖွေစားသောက်လာရတာဆိုပေမယ့် သူ့ကိုယ်သူတော့ ဂုဏ်ယူတယ်ဆိုပဲ။ “ငါ .. ဒါလေးတွေလုပ်တတ်တယ်။ ဒါလေးတွေကို ရောင်းပြီး ၀မ်းရေးဖြေရှင်းတယ်။ တစ်ခါမှ ဖြတ်စား၊ ခုတ်စား၊ လိမ်ညာစားတဲ့အလုပ် ငါမလုပ်ခဲ့ဖူးဘူး။ ငါကျိန်ပြောရဲပါတယ် .. ခုအသက်အရွယ်ထိ ငါစားခဲ့တဲ့ ထမင်းလုတ်တိုင်းအတွက် ငါ့လိပ်ပြာ ငါလုံတယ်။” ဆိုတာကို တရှိုက်မက်မက် သူပြောခဲ့ဖူးတယ်။ သူပြောချင်တာတွေပြော၊ သူ့ခံစားချက်တွေဖွင့်ထုတ်၊ သူ့ရဲ့ မြို့လွမ်းချင်းတွေ ချပြပြီးရင်တော့ သူ့လုပ်ငန်းခွင်ရှိရာ နေပူပူအောက်၊ သို့မဟုတ် မိုးစိုစိုအောက် တရွေ့ရွေ့ ထွက်ခွာသွားမြဲ။ သူထွက်ခွာသွားပြီဆိုတာနဲ့ …

 “ဓါတ်ခဲမလို၊ လျှပ်စစ်မလို၊ ဘက်ထရီအိုး မလိုဘူးနော် .. တကယ်လေတိုက်ရင် တကယ်လည်တယ်။ … …. တကယ်လေတိုက်ရင် တကယ်လည်တယ် …      တကယ်လေတိုက်ရင် ….   ….       …. ”
ဆိုတဲ့ သူ့အသံက သူ့နောက်ပါးမှာ ဝေ့ကာဝဲကာ ကျန်ခဲ့မြဲ။

ရောင်စုံစက္ကူလေးတွေကို စင်္ကြာလေးတွေချိုးပြီး အဲဒီစက္ကူစင်္ကြာလေးတွေကို ငှက်ပျောတုံးတစ်တုံးမှာထိုးစိုက်၊ပြီးတော့ ပုခုံးပေါ်ထမ်း၊ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ကလေးကစားစရာစင်္ကြာလေးတွေကို နှုတ်ရွှင်ရွှင် အာသွက်သွက်နဲ့ လိုက်လံရောင်းချနေတဲ့ အဖိုးအိုရဲ့ အသံကြားတိုင်း “တကယ်လေတိုက်လို့ တကယ်လည်သွားရတာက ကျုပ်ပါဗျာ။ ခင်ဗျားကတော့ တစ်ဘ၀လုံး မုန်တိုင်းမိလာတာတောင်မှ လိပ်ပြာလှနေတုန်းပါ။ ကျုပ်မှာသာ …” ဆိုတဲ့အတွေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့  မြို့လေးက အဖိုးအိုနဲ့ သူ့ရဲ့ တဖျပ်ဖျပ်လည်နေတဲ့ စင်္ကြာလေးတွေကို ရှက်ဝဲ၀ဲ ငုံ့ကိုင်းကြည့်နေမြဲ။




                                                                                                                                                    ကိုကြည်နိုင်



1 comment:

  1. မြို့လေးက ရှက်တတ်တော့ ရှက်မှာပေါ့ ... မရှက်တတ်သူများက မြို့လေးရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုဖြည့်ဆည်းကြမယ်ဆိုတာ အတွေးထဲမှာတောင် မလည်ခဲ့တာ အသေအချာ ...

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။