၎
လမ်းဘေး မြက်တောက
မနက်နှင်းပေါက် ပွတ်တိုက်ချ
ရေမဲ မိုးမခ။ ။
ဆိုးဂီ
လမ်းဘေး မြက်တောက
မနက်နှင်းပေါက် ပွတ်တိုက်ချ
ရေမဲ မိုးမခ။ ။
ဆိုးဂီ
ရေမဲပင် ဟူ၍လည်းကောင်း၊ မိုးမခပင် ဟူ၍လည်းကောင်း ခေါ်သော တောင်ပေါ်သစ်ပင်သည် ရှည်လျားပျော့ပျောင်းသော အကိုင်းတို့နှင့် လေပြည်ထဲတွင် ယိမ်းနွဲ့နေတတ်သည်။ ထိုအခါ လက်ချောင်းပမာသွယ်လျသော မိုးမခရွက်တို့သည် လေပြည်တွင် ဒန်းလွှဲလျှက် မြက်ပေါ်တွင် တလက်လက် တောက်ပနေသည့် နှင်းပေါက်များကို ပွတ်တိုက်ချနေသကဲ့သို့ ရှိသည်။ ဘုန်းတော်ကြီးဆိုးဂီသည် အလှကိုကြည့်၍ သံဝေဂယူလေသလား။
________________________________
၅
လမင်း ၀င်ပြီကွယ်
မနက်ဒီရေ စီးမြန်တယ်
နွေဥတု ပင်လယ်။ ။
ဆိုးဂီ
ဤသည်လည်း ပန်းချီဆရာဆိုးဂီ၏ ပင်လယ်ရှုခင်းကဗျာတစ်ပုဒ် ဖြစ်သည်။ သူ့ကဗျာတို့သည် ပန်းချီဆရာ၏စုတ်ချက်များနှင့် လွတ်ကင်းလှသည် မရှိလှ။ မငြိမ်မသက်သော ပင်လယ်ရေပြင်တွင် တလှုပ်လှုပ် အရိပ်ထင်နေသည့် လမင်းကို ကြည့်ရှုနေခိုက် လမင်းသည် တရိပ်ရိပ်နှင့် ပင်လယ်ရေထဲကို လျှိုးဝင်မြုပ်ပျောက်သွားသည်။ ဤနွေဥတုပင်လယ်၏ သဘောတွင် ဆိုးဂီသည် မည်သို့ အတွေးရောက်သနည်း။ အလှတရား၏ တိုတောင်းသောသဘော၊ ပျက်စီးယိုယွင်းတတ်သော သဘော၊ မတွယ်တာအပ်သော သဘောကို မြင်လေသလား။ သို့မဟုတ်ပါက နံနက်ခင်း၏ တင့်တယ်သော အလှသဘောကို သက်ဝင်ဖေါ်ကျူးထားလေသလား။
______________________________________
၆
မျှစ်စို့ ၀ါးရုံထဲ
၀၀တုတ်တုတ် ဖြစ်တာလဲ
မိဘ ကျေးဇူးပဲ။ ။
ဆိုးကန်(၁၄၅၈-၁၅၃၆)
၀၀တုတ်တုတ် ဖြစ်တာလဲ
မိဘ ကျေးဇူးပဲ။ ။
ဆိုးကန်(၁၄၅၈-၁၅၃၆)
သို့သော်လည်း စာဆိုဆိုးကန်သည်ကား တကယ်ပင် မိဘကျေးဇူးကို ရည်စူး၍ ရေးသည်ဟု ဆိုပါသည်။ ဆိုးကန်သည် ဆမူရအိသူရဲကောင်းဖြစ်သည်။ မင်းထံတွင် ခစားသည်။ မိမိနှင့် သက်တူရွယ်မျှဖြစ်သော မင်း၏ သာသနာရေး၊ စာပေရေး ကြိုးပမ်းမှုတို့တွင် ကိုယ်ထိလက်ရောက် အားပါးတရ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မိမိသခင် မင်းသည် စစ်ချီရာတွင် မမာမကျန်းဖြစ်၍ ငယ်ငယ်ရွယ်ရွယ်နှင့် ကံကုန်သွားသောအခါ ဆိုးကန်သည် အနိစ္စတရားကိုမြင်၍ ဘုန်းကြီးဝတ်သည်။ ကျောင်းသင်္ခန်းကလေးတစ်ခုတွင် ရိုးရိုးကလေးနေကာ စာပေကြည့်ရှုရင်း ဟိုက္ကူများ ရေးခဲ့လေသည်။
ဂျပန်စကားတွင် မျှစ်ကို တကေနိုကို ဟုခေါ်သည်။ စကားတစ်လုံးချင်း အဓိပ္ပါယ်ကောက်လျှင် ၀ါး၏သားကလေး ဖြစ်သည်။ သို့ဖြစ်ပါက ၀ါး၏သားကလေးခေါ် မျှစ်တွင် မိဘရှိရမည်။ ယင်းမိဘကား ၀ါးပင်ကြီးပေတည်း။ ၀ါးပင်ကြီး၏ ကျေးဇူးကြောင့် ၀ါးသားကလေး မျှစ်စို့ပေါက် ဖြစ်ရသည်။ ဤကား ကျနော်၏ စာပေကြည့်ရှုရင်း ဟိုက္ကူများ ရေးခဲ့လေသည်။ ပေါ့ပေါ့တန်တန်နှင့် ဟာသဆန်နေမည်လားမသိ။
_____________________________________________
၇
ဟောင်းလောင်း အခွံမှာ
သူ့ကိုယ် နဂုံးချုပ်ရရှာ
ပုစဉ်း၏ ကြမ္မာ။ ။
ဆအိမု(သက္ကရာဇ်မသိ)
ကျိုတိုမြို့ ၀ါဂွမ်းကုန်သည် ဆအိမု ရေးသော ဤကဗျာသည် ပုစဉ်းရင်ကွဲအကြောင်းဖြစ်သည်။ နွေရာသီတွင် ပုစဉ်းရင်ကွဲ၏ အသံကို ဂျပန်ပြည်၌ ရှောင်၍မလွတ်နိုင်ပါ။ ကလေးသူငယ်တို့သည် ပုစဉ်းရင်ကွဲများကိုဖမ်း၍ လှောင်ချိုင့်နှင့်မွေးကာ မြည်သံကို နားထောင်ကြသည်။ ဤသို့ ပုစဉ်းရင်ကွဲ၏ဘ၀နှင့် နီးစပ်သော ဂျပန်စာဆို ဆအိမုသည် သစ်ပင်တွင် တွယ်ကပ်၍ ကျန်ရစ်ခဲ့သည့် ပုစဉ်းရင်ကွဲ၏ အရေခွံကိုကြည့်ကာ ဤဟိုက္ကူကို စပ်ဆိုခဲ့သည်။ သေသောအခါ အရိုးစုများသာ ဖြစ်သည်တကားဟု တရားသံဝေဂ ယူလေသည်လားဟု တွေးတောစရာ ဖြစ်သည်။
_______________________________
၈
မီးသွေးခဲ အဖြူ
တစ်ခါတုန်းက ဖြစ်ပါမူ
နှင်းဖုံး သစ်ကိုင်းဖြူ။ ။
တဒတိုမို(သက္ကရာဇ်မသိ)
ဂျပန်ပြည်တွင် အဖြူရောင်မီးသွေး ရှိသည်။ လက်ဖက်ရည်ပွဲ ကျင်းပသောအခါများတွင် ရေနွေးကျိုရန် အလှအပသုံးကြသည်။ ယင်းမီးသွေးခဲအဖြူကို မြင်သောအခါ စာဆိုတဒတိုမို၏ မျက်စေ့ရှေ့တွင် ရုတ်တရက်ပေါ်လာသည်မှာကား ဆောင်းဥတုအခါ နှင်းခဲတို့ ဖုံးအုပ်နေ၍ ဖြူဖွေးနေသော သစ်ကိုင်းဖြစ်သည်။ ဤသစ်ကိုင်းကိုဖုတ်၍ ဖြစ်လာသော မီးသွေးဖြူ။ သစ်ကိုင်းနှင့် မီးသွေးတို့သည် ဤအဖြူရောင် ကြားခံပစ္စည်းဖြင့် ဆက်သွယ်မှုရှိသည်ကို ဟိုက္ကူကဗျာ၏ သဘာဝနှင့်အညီ စာဆိုက စီကုံးလိုက်ခြင်းဖြစ်သည်။
_______________________________________
၉
စဉ်းသွားမြားအောက်မှာ
မိခင်နို့ချို စို့နေရှာ
သမင်ကလေးပါ။ ။
ဂင်စတ်စု(၁၆၀၆-၁၆၈၉)
ဤကဗျာရေးသူ ဂင်စတ်စုသည် ၁၆၈၉ ခု အသက် ၈၃နှစ်တွင် ကျိုတိုမြို့၌ အနိစ္စရောက်သော သမားတော်တစ်ဦး ဖြစ်သည်။ သူသည် စကားလုံးများကို မျက်လှည့်ပြကာ ကစားတတ်သည်ဟု ထင်ရှားသည်။
မြားလက်နက်ပုံများဖြင့် ပန်းရိုက်ထားသော ကီမိုနိုအင်္ကျီ ၀တ်ထားသည့် သားသည်မိခင်သည် သမင်မွေးရောင်အထည်ကို ၀တ်ထားသည့် သားငယ်အား နို့ချိုတိုက်ကျွေးနေသည်။ ဤမြင်ကွင်းကိုပင် မြားအောက်၌ မကြောက်နိုင် မရွံ့နိုင်ပဲ မိမိ၏ ဆာလောင်မွတ်သိပ်ခြင်းကို ဖြေဖျောက်ရန် သမင်ငယ်သည် မိခင်နို့ချိုကို စို့နေသယောင်ယောင်၊ သားငယ်၏ ဆာလောင်မွတ်သိပ်ခြင်းကို ဖြေဖျောက်ရမည်ဖြစ်၍ မြားကိုပင် မကြောက်နိုင်ပဲ မိခင်က စွန့်စားနေသယောင်ယောင် ဖြစ်အောင် ဖွဲ့ဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း စာဆို၏ ရွှင်သောဥာဏ်၊ သနားတတ်သောစိတ်၊ အလှကိုမြင်တတ်သော သဘောတို့မှာ ထင်ရှား ပေါ်လွင်လျှက် ရှိပါသည်။
_______________________________________
၁၀
ချယ်ရီပန်းလှတို့
ငေးမော မျှော်စိုက်ကြည့်နေလို့
ကုပ်ရိုး ညောင်းတယ်ဗျို့ ။ ။
ဆိုးအင်(၁၆၀၄-၁၆၈၂)
စာဆိုဆိုးအင်သည် သူတို့လောကတွင် ခေတ်စားနေသည့် အကျော့အမော့ အလှအပ ကဗျာဝါဒကို တော်လှန်ကာ ကဗျာမဆန်၊ ခံတွင်းမတွေ့၊ အရုပ်ဆိုး အကျည်းတန်သည်ကို ဖွဲ့ဆိုသော ကဗျာဝါဒအသစ်ကို သွတ်သွင်းလျှက် ဂိုဏ်းသစ်ထောင်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဂျပန်ကဗျာမူရင်းမှာ ယခုမြန်မာပြန်မူကဲ့သို့ ဝေေ၀ဆာဆာ မဟုတ်ပါ။ ပန်းကို ငေးကြည့်နေလို့ ကုပ်ရိုးနာတယ် ဟု ဖြစ်ပါသည်။ မြန်မာပြန်ရာတွင် ၀ဏ္ဏ ဆယ့်ခုနှစ်လုံးစေ့အောင် စကားပိုများထည့်ရသဖြင့် ဆိုးအင်၏ ကဗျာဝါဒကို ချိုးဖျက်နေသကဲ့သို့ ရှိပါသည်။
___________________ ဆက်ပါဦးမယ် ___________________






ကဗျာလေးတွေကို ထိုင်းဘာသာနဲ့ဖတ်ဖူးတယ်။ ကျွန်မသူငယ်ချင်းက ဒီလိုကဗျာတွေကို သိပ်ကြိုက်တယ်။ သူကပြောတယ် ဒီကဗျာလေးတွေဟာ အင်မတန်လှပတဲ့ ပန်းချီကားချပ်တွေတဲ့လေ။ ကျွန်မလည်း ဒီလိုကဗျာလေးတွေကို ကြိုက်တယ်။ ဘာသာပြန်ထားတာကောင်းပါတယ်။ ချီးကျူးပါတယ်ရှင်။ လေးစားလျှက်/ ပြုံး
ReplyDeleteပြောဖို့ကျန်ခဲ့လို့ ကျွန်မလည်းဘာသာပြန်တစ်ယောက်ပဲမို့ ကဗျာတွေကို ဘာသာပြန်ရတာ ဘယ်လောက်ခဲရာခဲဆစ်ဖြစ်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချို့အပုဒ်လေးတွေ တော်တော်ကောင်းပါတယ်။
ReplyDelete