(၁)
အသက်ကို ခက်ခက်ခဲခဲ ပင်ပန်းစွာရှိုက်သွင်းနေရသည်။ ရှိုက်သွင်းလိုက်လေသမျှ အောက်စီဂျင်တို့သည် မြားအစင်းစင်းအလား ဘယ်ဖက်ရင်အုံကို ပြင်းပြစွာနာကျင်စေခဲ့။
“ဘုရား... ဘုရား...အချိန်မှ မီပါ့ဦးမလား ”
မျက်မှန်ကိုင်းကျိုးထူထူအောက်မှ မျက်ဝန်းတို့ကား မှုံသီလွန်းစွ။ လက်ထဲတွင်ကိုင်လာသော ၀ါးလုံးတိုလေးကို အားပြုမှေးရပ်ရင်း ဘေးဘီဝဲယာသို့ မြင်နိုင်သမျှလေး မျက်လုံးကစားကြည့်လိုက်သည်။
“ဟာ! ခရေပန်း”
ပလက်ဖေါင်းတွင်စိုက်ပျိုးထားသော ခရေပင်မှ ခရေပွင့်ကြွေတို့က လမ်းပေါ်တွင်ဖွေးဖွေးလှုပ်လှုပ်။ သူတောင့်တသော၊ အရေးတကြီးလိုအပ်နေသောခရေပွင့်တို့ကို အားရ၀မ်းသာကောက်လိုက်မည်အပြု....
“ပွမ်”
“ဝေါ.....”
“ကျွီ ....”
ကားဘရိတ်အုပ်သံ၊ ဟွန်းသံ၊ အပြင်းဖြတ်ကျော်သွားသံတို့ ပွက်လောရိုက်ဆူညံ။ ချက်ခြင်းကိုယ်ရှိန်ပြန်သတ်လိုက်နိုင်လို့သာ ...
“အဖိုးကြီး သေချင်လို့လား မမြင်မစမ်းနဲ့ ကားလမ်းပေါ်ခရေပန်းထွက်ကောက်နေတာ”
ကားပေါ်က ဒေါတကြီးကြိမ်းမောင်းသွားသံကို ဂရုမပြုအား။
“ဟုတ်သားပဲ ...ငါသေလို့မဖြစ်သေးဘူး...ဒီခရေတွေကို ကောက်သွားပါပြီတဲ့။ ဘယ်သူက ပန်းကုံးလုပ်ပေးမှာလဲ ငါကလည်း...ငါကလည်း မမြင်မစမ်းနဲ့”
သူ့အတွေးနှင့်သူ လမ်းပေါ်က ခရေပန်းကို ကောက်ယူဖို့ လက်လျှော့လိုက်ပါပြီ။
(၂)
ခရေပန်းရှာပုံတော်ခရီးကား မဆုံးသေး။ ၀ါးလုံးတိုတစ်ချောင်းကို အားပြုပြီး ဒရွတ်ဆွဲလျှောက်နေရသဖြင့် ခရီးကမတွင်။ မှုံရီဖျော့အိုင်သောမျက်ဝန်းအစုံက ကျီးကန်းတောင်းမှောက်။
ဟော...တွေ့ပါပြီ။ ခရေပန်းကုံးတွေကိုင်လာတဲ့ သူငယ်လေးတစ်ယောက်။
“ကလေးရယ်... အဘကို ခရေပန်းလေးတစ်ကုံးလောက်..”
“အာ..ဒါရောင်းဖို့ဗျ”
“ဟို..ပိုက်...ပိုက်ဆံတော့ ပေးစရာမရှိပါဘူးကွယ်... အချိန်မမီမှာ စိုးလို့ပါ”
“ဟာဗျာ.. ဘာတွေလာပြောနေတာလဲ.. မရဘူး.. မပေးနိုင်ဘူးဗျာ... စောစောစီးစီး”
အဖိုးအို၏ မျှော်လင့်ချက်တို့က အမှုံအမွှားများအဖြစ် တစ်စစီ လွင့်ကြွေ။ ၀ါးလုံးတိုတုတ်ကောက်လေးကို စုံကိုင်အားပြုရင်း တဖြည်းဖြည်း ထိုင်၍ ထိုင်၍ ကျသွားခဲ့။ မှုံသီရီဝေသော မျက်ဝန်းအစုံမှ မျက်ရည်စများက လမ်းပေါ်သို့ တဖြုတ်ဖြုတ်လွင့်ကြွေ။
“အချိန်မှ မီပါ့ဦးတော့မလား”
(၃)
ဆည်းလည်းသံကား ချမ်းမြငြိမ်းချိုလျှက်။ ဝေလီဝေလင်း အရုဏ်ဦးနေခြည်အောက်တွင် စေတီတော်မှာ ထုံးသင်္ဃန်းဖွေးလွလွဖြင့် သပ္ပါယ်လွန်းပေစွ။
“အရှင်ဘုရား.....ဘ၀ဆက်တိုင်း....”
ဝမ်းပန်းတနည်းဆုတောင်းအပြီး ခေါင်းကို ဖြည်းဖြည်းငြင်ငြင်ပြန်အမော့...
“ဟာ!...”
တွေ့လိုက်ပါပြီ။ အခြားသူတစ်ဦး ကပ်လှူသွားသော ဆီမီးတိုင်၊နံ့သာတိုင်တို့နှင့်အတူ ခရေပန်းကုံးများ။
အဖိုးအိုက ဒူးတုပ်ထိုင်ချလျှက် ဘ၀တစ်လျှောက်လုံး ရိုသေညွှတ်နူးစွာ ကိုးကွယ်လာခဲ့သော ဘုရားရှင်အား အရင့်အရင်ထက် ပိုမိုညွှတ်နူးသော၊ အဆုံးမရှိသော ယုံကြည်ကိုးစားခြင်းများဖြင့် တောင်းပန်တိုးလျှိုးရင်း အကြိမ်ကြိမ် ဦးညွှတ်မိပါတော့သည်။
“အရှင်ဘုရား ကရုဏာတော်ရှေ့ထားပြီး ဘုရားတပည့်တော်ကို ခရေပန်းတစ်ကုံး စွန့်ကျဲပါဘုရား... တကယ်ဆိုရင် တပည့်တော်ကသာ ကပ်လှူသူဖြစ်သင့်တာပါဘုရား။ ..ဒါပေမယ့်လည်း အချိန်မမီမှာစိုးတဲ့အတွက် ဘုရားတပည့်တော်ကို ခွင့်လွှတ်ပေးတော်မူပါဘုရား”
(၄)
ဝါးလုံးတိုလေးကို အားပြုပြီး ဒရွတ်ဆွဲလျှောက်လာရသော အဖိုးအို၏ အပြန်ခရီးကား အောင်ပွဲရစစ်သူကြီး၏ မာန်ဟုန်မျိုးဖြင့်။
“တဲ”ဟုမည်ကာမတ္တခေါ်ရမည်ဖြစ်သော လေးတိုင်စင် အကာမဲ့ အမိုးလေးတစ်ခုရှေ့အရောက်....
“ဗျိုး...အဖွားကြီး...ထစမ်းပါဦးဗျ...”
အဖိုးအို၏ အားရ၀မ်းသာခေါ်သံအဆုံး ၀ါးကဒ်အခင်းလေးပေါ်တွင် ပုဆိုးစုတ်လေးခြုံ၍ ခွေခွေလေး အိပ်ပျော်နေသော အဖွားအိုတစ်ယောက် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်း၍ စမ်းတ၀ါးဝါး ထလာပါသည်။
“ကဲ.. ပြောပါဦးတော်။ ဘာတွေများအရေးတကြီးဖြစ်လာရတာတုန်း”
အဖိုးအိုက အဖွားအိုဘေး ၀ါးကဒ်အစွန်းလေးတွင် ၀င်ထိုင်လိုက်ရင်းမှ …
“ပြောပါ့မယ်ဗျာ.. ဒီမယ်အဖွားကြီး ဟို.. ဟိုလေ ခင်ဗျားကျူပ်ကို ဘယ်အချိန်ကတည်းက စပြီး မေတ္တာရှိခဲ့တာလဲဟင်”
“အာ.. ဒီအဖိုးကြီးနှယ် ဘာတွေလျှောက်ပြောနေမှန်းမသိ။ ဒီအရွယ်ကြီးရောက်မှ၊ ရှက်စရာတော်”
“မဟုတ်ရပါဘူးကွာ ကျုပ်သိချင်လို့ပါ။ သူငယ်ပြန်တယ်တော့ မထင်လိုက်ပါနဲ့ ..ကဲပါ ပြောစမ်းပါ”
ပြံုးယောင်ယောင် ရှက်ဝဲ၀ဲဖြင့် အဖွားအို၏မျက်နှာမှာ အပြုံးနုနုတစ်ခုက လတ်ဆတ်လင်းဝေလျှက်။
မမြင်ရတော့တာကြာခဲ့ပြီဖြစ်သော မျက်ဝန်းအစုံတို့က ဟိုးလွန်လေခဲ့သော ကာလများကို ပြက်ပြက်ထင်ထင် မြင်ရဘိသို့။
“အဲဒီနေ့က တော်တို့ကာလသားတစ်သိုက် ရွာဦးကျောင်းက သောက်ရေကန်ကို ဆည်ဖို့ပြုပြင်ကြတဲ့နေ့ကပေါ့ …. ။ ကျုပ်တို့မိန်းမဖေါ်တွေက ကောက်ညှင်းပေါင်းတွေသယ်လာပြီး တော်တို့ကိုကျွေးဖို့ ကန်ဘောင်ပေါ်ကို ရောက်လာခဲ့တဲ့အချိန်ကလေ။ ကျုပ်မှတ်မိတယ်။ ရွှံ့တွေပေလူးနေတဲ့တော့်ကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကျုပ် … ကျုပ်လေ တော့်ကို …။”
“ ဟားဟား … ဒါဆိုရင်တော့ အဖွားကြီးရေ ကျုပ်ကအရင်ဗျ။ အဲဒီရှေ့ ဟိုးအဝေးကြီးကတည်းက ကျုပ်က ခင်ဗျားကို..”
အဖိုးအိုက ပြောလက်စ စကားကို ရပ်လိုက်ပြီး တစ်ခုခုကို သတိရသွားသလို..
“အဲ.. ဒါနဲ့ ခုကော။ ခင်ဗျားက ... ကျုပ်ကို... ဟိုအရင်လိုပဲ...”
“တော့်နှယ်တော် .. ဒီကနေ့ဘာတွေဖြစ်နေတယ်မသိဘူး။ ကလေးကလားနဲ့”
“မဟုတ်ပါဘူးကွာ။ ဟို.. ကျုပ်လေ ခင်ဗျားကို ၀န်ခံစရာတစ်ခုရှိလို့ပါ။”
အဖွားအိုက ကဲဆိုစမ်းပါဦး ဘာတွေများမဟုတ်မဟပ်ပြောဦးမလဲ ဆိုသည့်သဘောဖြင့် အဖိုးအိုရှိရာဖက်သို့ ရော်ရမ်းမျက်စပင့်ကြည့်လိုက်ပါသည်။
“ကျုပ်လေ ခင်ဗျားကို အရင်ကလို မဟုတ်တော့ဘူး။ ဟိုးအရင်က ကျုပ်က သမီးရည်းစားလို၊ လင်လိုမယားလိုပဲ စိတ်ထဲမှာ ရှိခဲ့တာ။ အခု ကျုပ်လေ ခင်ဗျားကို သေဖေါ်ရှင်ဖက်တစ်ယောက်လို၊ ကျုပ်ရဲ့ညီမလေးတစ်ယောက်လို စိတ်ထဲမှာ ရှိနေခဲ့တာ။ ဟုတ်ပါတယ်.. အဖွားကြီး ခင်ဗျားဟာ ကျုပ်ရဲ့ ....”
အဖွားအိုမှာ ကျေကျေနပ်နပ်အပြုံးတစ်ခုကို ဆောင်၍ …
“ကျုပ်လည်းပဲလေ .. ကျုပ်တော့်ကို အားနာလို့မပြောတာ။ တော်စိတ်မကောင်းမှာစိုးလို့။ ဟိုး အရင်ဆိုရင် တော့်အရိပ်အောက်မှာ ကျုပ်က တကယ့်ကို လုံခြုံခဲ့ရတာပါ။ အခု .. အခုတော့လေ တော့်အရိပ်က ကျုပ်ကို မိဘမောင်ဘွားတွေက ၀န်းရံစောင့်ရှောက်နေသလို လုံခြုံရုံတင်မက အေးမြနေခဲ့တာပါ။ ကျုပ်လေ တော့်ကို မိလိုဖလို၊ ကျုပ်ရဲ့မွေးချင်းတစ်ယောက်လိုပါ။ လင်ရယ်မယားရယ်ဆိုတဲ့အသိမျိုး ကျုပ်မှာပျောက်နေခဲ့တာကြာပါပြီ။ ”
အဖိုးအိုက ဝေသီမှုံရီနေသော မျက်မှန်ကိုင်းကျိုးလေးကိုဖြုတ်ပြီး တစ်ချက်ပွတ်သပ်လိုက်ရင်းမှ …အဖွားအို၏ အကြောပြိုင်းပြိုင်းလက်ကလေးတစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး ..
“ဒီမယ် အဖွားကြီး ...ကျုပ်တို့အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ..”
“အင်း...နှစ်ပေါင်း၅၀လောက် ရှိရောပေါ့တော်....”
“ ၅၃ နှစ်ဗျ...ဒီကနေ့ အိမ်ထောင်သက် ၅၃ နှစ်ပြည့်အထိမ်းအမှတ် ကျုပ်ကခင်ဗျားကို ဟောဒီခရေကုံးလေး ပန်ပေးချင်လို့ ....ဒီမှာကြည့်ဗျ...ဒါဘာလဲဆိုတာ”
အဖွားအို၏ မျက်ဝန်းမှိန်မှိန်ကလေးများသည် တဖျတ်ဖျတ်အရည်လဲ့လာသည် ထင်ရ၏။
“အို..ခရေပန်းကုံးပဲ”
နှုတ်ခမ်းဖျော့ဖျော့ကလေးသည် နူးညံ့စွာ ပြုံးလွန့်လန်းဆန်း လာလျှက်...
“အို...ဒီအဖိုးကြီးနှယ်...အရူးထရန်ကော..”
ပြောသော်လည်း ခေါင်းလေးငဲ့စောင်းပေးလာလေလျှင် အဖိုးအိုက အဖွားအို၏ ဖွေးဖွေးဆွတ် ခေါင်းဖြူဖြူတွင် ခရေကုံးလေးကို တယုတယ ပန်ပေးလိုက်ပါသည်။
“ကဲ..ကျုပ်လည်း ခရေပန်းရှာရတာ မောလာတယ်...တစ်မှေးလောက်တော့ နားဦးမှ ကျုပ်ညီမရေ”
အဖိုးအိုက ပုဆိုးစုတ်လေးခြုံရင်း ၀ါးကဒ်အခင်းလေးပေါ် ငြင်ငြင်သာသာ လှဲလိုက်ပါတော့သည်။
အဖိုးအို၏ အသက်ရှူသံမျှင်းမျှင်းလေးကား တဖြည်းဖြည်း နှေး၍......နှေး၍......
နောက်ဆုံးမှာတော့ ရပ်တန့်ငြိမ်သက်သွားပါပြီ။ ကျေကျေနပ်နပ် အပြုံးတစ်ခုကိုဆောင်၍။ ။
ကိုကြည်နိုင်
အရင်တုန်းက ကျုံတိုင်းမှာပဲ တင်ခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေးပါ။ ပထမရေးခဲ့စဉ်တုန်းက ကိုယ်ရေးပြီးမှ ကိုယ်တိုင်အားမရလို့ ပြန်ပြင်ရေးဖို့ အားခဲထားခဲ့တာလေးပေါ့။ ပြင်ရေးမယ်.. ပြင်ရေးမယ်နဲ့ အခုမှပဲ (MMG အတွက်စာမူပေးဖို့ရှိလာတာနဲ့ ) စိတ်တိုင်းကျ ပြန်ပြင်ရေးဖြစ်ပါတော့တယ်။







0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။