Wednesday, September 14, 2011

တန်ဖိုးများ

(၁)

လူတွေပြောပြောနေသည့် “တန်ဖိုး” ဟူသော ဝေါဟာရကို ကျွန်တော် ကြားဖူးခဲ့သည်မှာကြပေပြီ။ အကြိမ်ပေါင်းများစွာ။ သို့သော် ထိုဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို သေသေချာစွာ ကျွန်တော် မသိသေး။ စီးပွားရေးလောကတွင် ဒိတ်ဒိတ်ကြဲအောင်မြင်နေသော ကျွန်တော့်သခင်၏ ပတ်ဝန်းကျင်တွင် ထိုတန်ဖိုးဟူသော ဝေါဟာရမှာ အတော်တွင်ကျယ်လေသည်။

“ဘော့စ်တို့များ ကားကိုထည်လဲပဲ။ စီးလိုက်ရင်လည်း တန်ဖိုးကြီးပေ့ဆိုတဲ့ နောက်ဆုံးပေါ် အကောင်းဆုံးကားချည်းပဲ”

ထိုသို့ မကြာခဏ ပြောသံကြားနေရသဖြင့် သခင်နှင့်အနီးကပ်ဆုံးနေရသော ကျွန်တော့်အဖို့ “တန်ဖိုး” ဆိုသည်မှာ ငွေကြေး အနည်းအများအပေါ်မူတည်ပြီး သတ်မှတ်သော ဝေါဟာရပင်ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့လေသည်။

(၂)

“ရှေးဟောင်းပစ္စည်းပြခန်း” ဆိုသော ပြခန်းတစ်ခုသို့ သခင်နှင့်အတူ ကျွန်တော်ရောက်ဖူးခဲ့သည်။ ထိုပြခန်းရှိ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ အိုးခြမ်းပဲ့များ၊ အရိုးများနှင့် အခြားပစ္စည်းအဟောင်းများကို တန်ဖိုးရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။ ကျွန်တော်လုံးဝမှားယွင်းနေပေသည်။


“တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေပဲ။ ငွေနဲ့ဝယ်ယူလို့မရနိုင်တဲ့သမိုင်းတန်ဖိုးတွေပေါ့”
ကျွန်တော် သခင်ပြောစကားအရ အလွန်အဖိုးတန်သော ပစ္စည်းများဖြစ်ပေလိမ့်မည်။ သို့သော် ၄င်းတို့၏တန်ဖိုးဆိုသည်မှာကား ငွေဖြင့်ပိုင်းခြားသတ်မှတ်ခြင်း မဟုတ်ပြန်။ ဤသို့ဆိုလျှင် “တန်ဖိုး” ဆိုသည်မှာ ပစ္စည်းတစ်ခု၏ သက်တမ်း (နှစ်ပေါင်းတစ်ထောင်၊ တစ်သောင်းစသည် …..) ပေါ်မူတည်ပြီး သတ်မှတ်ခြင်းပေလော။


(၃)


ကျွန်တော့်သခင်နှင့် အလွန်ရင်းနှီးသော ဇနီးမောင်နှံနှစ်ယောက်ရှိလေသည်။ ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုဘွဲ့ဒီဂရီ သုံးလေးခု ရရှိပိုင်ဆိုင်ထားပြီး ဘာသာစကားလေးမျိုးကိုကျွမ်းကျင်ပိုင်နိုင်သော ပုဂ္ဂိုလ်ကြီးနှင့် မထင်မရှားတောရွာလေးတစ်ရွာမှသာမန်ဘွဲ့ရသူ့ဇနီးတို့ပင်။ (၉၆) ပါးသောရောဂါဖြင့် ထိုပုဂ္ဂိုလ်ကြီး ကွယ်လွန်ချိန် ...  ....
“ အမလေး .. ကျေးဇူးရှင်ကြီးရဲ့  လူ့အဖိုးတန်ကြီးရဲ့တော်အရင်သွားမဲ့အစား ဘာတန်ဖိုးမှမရှိတဲ့ကျုပ်သာ အရင်သွားသင့်တာတော်ရဲ့ ...အီး...ဟီး..” ကျန်ရစ်သူဇနီးသည်ရဲ့ ပူဆွေးမြည်တမ်းသံ။ ဤသို့ဆိုလျှင် တန်ဖိုးဆိုသည်မှာ ဘွဲ့ထူး၊ ဂုဏ်ထူးများဖြင့်သတ်မှတ်ပါသလား။ ဘာသာစကားကျွမ်းကျင်မှုကိုကြည့်၍ ဆုံးဖြတ်ပါသလား။ ဥာဏ်ပညာကြီးရင့်ခြင်းသည် တန်ဖိုးကြီးခြင်းလား ။


(၄)


“ဒီနာရီအစုတ်ကြီးများ ပတ်နေရသးတယ်ဘော့စ်ရာ …..။ အဖိုးတန်နာရီကောင်းကောင်းတစ်လုံးတော့ ၀ယ်ပတ်သင့်တာပေါ့” ကျွန်တော့်သခင်နှင့် အလွန်ရင်းနှီးသူတစ်ဦး၏စကား။ ကျွန်တော့်သခင်က ထိုသူကိုခေါင်းခါပြလိုက်ပြီး “ကျွန်တော့်ဘ၀မှာ တန်ဖိုးအထားဆုံးကဒီနာရီပဲဗျ။ ကျွန်တော့်အဖေက ကျွန်တော် (၁၀)တန်းအောင်တဲ့ အထိမ်းအမှတ်နဲ့ဝယ်ပေးခဲ့တာ။ အင်း …. လွန်ခဲ့တဲ့နှစ်(၂၀)လောက်ကပေါ့” ဤသို့ဆိုလျှင် မည်သည့်အရာဖြင့် “တန်ဖိုး”ကို သတ်မှတ်ပြန်လေသနည်း။
“တန်ဖိုး” ဟူသောဝေါဟာရကို ကျွန်တော်ကြားဖူးခဲ့သည်မှာကြာပြီ။ သို့သော် ဝေါဟာရအနက်အဓိပ္ပာယ်ကို သေချာစွာ ကျွန်တော်မသိသေး။ ကျွန်တော့်တန်ဖိုးကရော... မည်သို့ပင်ဖြစ်စေ ကျွန်တော့်သခင်၏ တန်ဖိုးအထားဆုံးမှာ ကျွန်တော်ဖြစ်နေရခြင်းကိုဖြင့် အလွန်ကျေနပ်မိပါသည်။


ကိုကြည်နိုင်

________________________________________


“တန်ဖိုး” ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဟိုတစ်စဒီတစ်စ အတွေးတွေကို နိုင်သလောက်လေး ဖမ်းဆုပ်ကြည့်လိုက်တာပါ.... ကျွန်တော်တို့ နေ့တိုင်းပြောပြောနေတဲ့ “တန်ဖိုး”၊ ကျွန်တော်တို့ နေ့တိုင်းကြားကြားနေတဲ့“တန်ဖိုး” ။

     “တန်ဖိုး”ဆိုတာဘာလဲ ?

“တန်ဖိုး”ဆိုတာ အဲဒီဝေါဟာရကို လက်ရှိသုံးစွဲလိုက်တဲ့ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနေမယ်ထင်ပါတယ်...  ....

_____________________________________

         ကျွန်တော်လေးစားအားကျတဲ့ ကျွန်တော့်ရဲ့ရောင်းရင်းကြီး/ မိတ်ဆွေကြီး / ရဲဖေါ်ရဲဖက်ကြီး

ကိုဇော်   http://www.zaw357.net/2010/03/tag.html

ရဲ့ ** အတွေးစများ Tag **  အတွက် မှတ်မှတ်ရရ

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။