Wednesday, September 21, 2011

ကျောင်းသားဘ၀ နွေညများ အမှတ်တရ (၁)

နွေညများ အမှတ်တရ (၁)


ကျွန်တော်ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက် သမင်လည်ပြန် မျှော်ကြည့်လိုက်ရင် တက္ကသိုလ်ကျောင်းဘ၀ဟာ ကျွန်တော့်အတွက်တော့ ``ပန်းခေတ်မှာ သာတဲ့ လမင်း´´ပါပဲ။ ဘ၀တစ်လျှောက်လုံးမှာ ကြည်နူးစရာ၊ ဆွတ်ပျံ့လွမ်းမောစရာ၊ပေါ့ပါးပျော်ရွှင်စရာ အကောင်းဆုံး တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်မြင်ယောင်အိပ်မက်မက်ခွင့်ပြုပါ။


၁၉၉၄ ခုနှစ်၊ ကျွန်တော်တို့ ပုသိမ်တက္ကသိုလ်မှာ ပထမနှစ် စတက်တော့
အဖွဲ့က(၉)ယောက်ရှိပါတယ်။ ကျွန်တော်ကိုကြည်နိုင် ၊ ကြည်ခိုင် (နာမည်ချင်းဆင်တာ၊ ဘာမှမတော်ဘူး) ၊ မြဇော်ဦး ၊ ဆန်းမင်း ၊ ဇော်ဝင်းနိုင်၊ ရဲနိုင်ထွန်း ၊ အောင်မင်းထွန်း ဆိုပြီး ယောက်ကျားလေးက (၇)ယောက် ၊မင်းမင်းအေး ၊ အေးအေးငြိမ်း ဆိုတဲ့ မိန်းကလေးက (၂) ယောက်ပေါ့။

``ဟေ့ကောင်…ကြည်ခိုင်..မင်းနှမ နောက်မီးလင်းနေလို့ အခုထိထွက်မလာသေးတာလားကွ´´

``ကြည်ခိုင်ရေ..မင်းဘကြီးနတ်ကတော်က လင်ယူသွားလို့ ရှက်ပြီးထွက်မလာတာလားကွ´´


``ခွေးကောင်ကြည်ခိုင်ရေ..မင်ြး
ကီတော်ကြီးက ရေထမ်းကုလားကို မျက်စပစ်ပြလို့ မင်းက မထွက်ရဲတာလားကွ´´

ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ပထမဆုံးနေ့မှာ ကြုံလိုက်ရတာပါ။ ပထမဆုံးနေ့ဆိုတော့ အရမ်းကိုကြွတက်ပြီး စောစောနိုးနေချိန် ၊ ရေမိုးချိုး အ၀တ်အစားလဲပြီးမှ အဆောင်ထဲမှာပဲ ဘယ်ကစပြီး ဘာလုပ်ရမှန်းမသိလို့ အူကြောင်ကြောင်နဲ့ ထိုင်နေကြတုန်း အခုလိုအဆောင်ရှေ့က လာဆဲတာကိုခံလိုက်ရတော့တာပါပဲ။ စက်ဘီးကိုယ်စီနဲ့ ကျောင်းသားသုံးယောက် အဆောင်ရှေ့လမ်းပေါ်ကနေ အားရပါးရ ပီရ၀ါစာလွှတ်နေတာလေ ။ ကျွန်တော်တို့အားလုံးလဲ ထောင်းကနဲ ဒေါသတွေထွက်ပြီး ၀ုန်းကနဲပြေးထွက်ကြမယ်အလုပ် ကျွန်တော်တို့ရဲ့နောက်ဖက်အခန်းက ကျောင်းသားတစ်ယောက် ခယိုးခယိုင် ပြေးထွက်လာပါတယ် ။ ပုဆိုးစွန်တောင်ဆွဲနဲ့ မျက်ချေးပွတ်ပြီးထွက်လာတဲ့ အဲဒီကျောင်းသားက...

``ငါ့လခွမ်း…ဘယ့်နှယ်ဖြစ်နေကြတာ
တုန်း…အိပ်ကောင်းနေတုန်း ရှိသေးတယ်ကွ..လဒတွေရဲ့´´

လို့ပြောလိုက်တော့မှ..သြော်..သူကလည်း ကြည်ခိုင်ပဲကိုး ။ ကြံကြံဖန်ဖန်ဗျာ။ ကျွန်တော်တို့လူ ကြည်ခိုင်ထက် အသက်ရောအတန်းရောကြီးတယ်ဆိုတာ နောင်မှသိရတာ ။ ဒီလိုနဲ့ သူ့ကို လူကြီးကြည်ခိုင်၊ ကျွန်တော်တို့လူကို လူငယ်ကြည်ခိုင်လို့ ခွဲခေါ်ရတော့တယ် ။ကျောင်းတပြီးတွင်သွားတဲ့နာမည်ပေါ့ဗျာ။


ကျွန်တော်တို့အဖွဲ့က ဘွဲ့တစ်ခုစီကို ၄-၅-၁၀ရက်အတွင်း
ရတော့တာဗျ..။တော်တယ်နော်။ ပုဆိုးကြီး ရင်ခေါင်းတက်တက်စည်းတဲ့မြဇော်ဦးက အညာသား၊ မနက်မနက် ကျန်းမာရေးလေ့ကျင့်ခန်းထထလုပ်တဲ ဆန်းမင်းက ကန်ပတ်ပြေး ၊ မေးစေ့လေးချွန်ချွန်နဲ့ ဇော်ဝင်းနိုင်က ကြွက်၊ မဟူရာအသားနဲ့ ရဲထွန်းနိုင်က ချစ်တီး ၊ အမြဲတမ်း သောက်မယ်တကဲကဲလုပ်နေတဲ့ အောင်မင်းထွန်းက သမားကြီး( ရှေ့က`အရက်´ကိုဖြုတ်ခေါ်တာ ) ၊အကောင်သေးသေးလေးနဲ့ မင်းမင်းအေးကိုတော့ ပိစိ ၊ အေးအေးငြိမ်းက ရှင်ငြိမ်းမယ် ဆိုပြီးတော့ နာမည်ပြောင်တွေရကုန်တော့တာ ။ အဲဒီနာမည်တွေအတိုင်းပဲ ကျောင်းတပြီးကို တွင်သွားတော့တာပါပဲဗျာ ။

အဲ…ပြောဖို့ကျန်နေတာက ကျွန်တော့်ကိုတော့ မာလာဆောင်လို့ ခေါ်ကြတယ်ဗျ ။ ဖြစ်ပုံကဒီလို…. ….



ဆက်ပါဦးမယ်ခင်ဗျာ

ကိုကြည်နိုင်


_________________________________


0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။