Wednesday, September 21, 2011

ကျောင်းသားဘ၀ နွေညများအမှတ်တရ (၂)



နွေညများအမှတ်တရ (၂)



ကျွန်တော်တို့ ပုသိမ်တက္ကသိုလ်ဝန်းက ကျဉ်းကျဉ်းလေးဗျ။ ရပ်ကွက်တစ်ခုစာလောက် ဒါမှမဟုတ် ရွာလေးတစ်ရွာလောက်ပဲ အ၀န်းအ၀ိုင်းရှိတာလေ ။ နေရာကျဉ်းကျဉ်းလေးမှာ ကျောင်းသားအများကြီးဆိုတော့ သက်သက်ကြီး လူစုပေးထားသလိုဖြစ်ပြီး အတော်ပျော်စရာကောင်းတာဗျ ။

ဒီလိုဗျာ ..ပင်မတက္ကသိုလ်ဝန်းကြီးရယ်၊ သူ့ဘေးမှာက ကန်သုံးဆင့်လို့ခေါ်တဲ့ ပုသိမ်မြို့ရဲ့ အထင်ကရ ရေကန်ကြီးလေ ။ ပင်မ၀န်းကြီးရဲ့ရှေ့မှာတော့ လမ်းမကြီးနှစ်ခု။ တာလမ်းမကြီးလို့ ကျွန်တော်တို့ခေါ်တဲ့ ပြင်ပဆောင်တွေ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေ ချည်းပဲရှိတဲ့ လမ်းမကြီးရယ် .. မြို့ထဲက ထွက်လာတဲ့လမ်းမကြီးရယ်ပေါ့ ။ အဲဒီမှာလည်း ပြင်ပဆောင်တွေရှိတယ်ဗျ။ ညဦးပိုင်းဆိုရင် တာလမ်းမကြီးပေါ်က လက်ဖက်ရည်ဆိုင်တိုင်း ကြိတ်ကြိတ်တိုး စည်ကားနေတာလေ ။ ည(၁၂)နာရီလောက်မှ လူရှင်းတော့တာ ။ လူရှင်းပြီဆိုတာနဲ့ ဂစ်တာတီးတဲ့အဖွဲ့လေးတွေ အလျှိုအလျှိုထွက်လာကြရောဗျ ။ မိန်းကလေးဆောင်တွေရှေ့မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လက်စွမ်းပြတော့တာ။ ချစ်စရာကောင်းတာက အဲဒီအဖွဲ့အားလုံး ရန်မဖြစ်ကြဘူး ၊ နေရာမလုကြဘူးဗျ ။ တစ်ဖွဲ့က ဆိုတီးနေရင် နောက်တစ်ဖွဲ့ကစောင့် ၊ ပြီးမှ သူတို့အလှည့်…အဲဒီလို ။

မိန်းကလေးဆောင်တွေကလည်း အဲဒီအချိန်ဆို အဆောင်မီးတွေအားလုံး ပိတ်ထားလိုက်ပြီ။ သူတို့အဆောင်ရှေ့မှာ ဂစ်တာလာတီးတဲ့ အဖွဲ့ကို နှစ်သက်တယ်ဆိုမှ မီးတွေပြန်ဖွင့်၊ ပြတင်းပေါက်တွေ ပြန်ဖွင့်ပြီးလက်ဖက်သုပ်၊ လိမ္မော်သီး အဲဒီလိုမျိုးလေးတွေနဲ့ ဂုဏ်ပြုတော့တာ။ သူတို့မနှစ်သက်ရင်တော့ မီးတွေပွင့်လာဖို့ မမျှော်လင့်တော့နဲ့ ။ ကျွန်တော်တို့အဖွဲ့ထဲက ယောက်ကျားလေး (၇) ယောက်မှာမှ ကျွန်တော်က လိဒ်ဂစ်တာ ၊ အညာသားက ဘေ့စ်ဂစ်တာ ၊ ကြွက်က ရစ်သမ်ဂစ်တာ အဲဒီလို တာဝန်ယူထားကြတာ ။ ကျွန်တော်တို့က ဟိုး..အထက်တန်းကျောင်းသားကတည်းက ဂစ်တာအတူတွဲတီးလာတဲ့ သုံးယောက်လေ ။

အဲဒီတုန်းကဆိုရင် သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်
ပွဲတော်ရက်တွေမှာ ရပ်ကွက် စတေ့ခ်ျရှိုးလေးတွေမှာဖြစ်ဖြစ်၊ အနီးအနားမြို့ရွာတွေက စတေ့ခ်ျရှိုးမှာဖြစ်ဖြစ် ကျွန်တော်တို့ (၃) ယောက် တွဲတီးနေကျပေါ့ ။ ကျွန်တော်တို့က သီချင်းပုဒ်ရေ (၅၀) လောက်ကို Notes တွေဘာတွေနဲ့ စနစ်တကျတိုက် ၊ သေချာမှ အဆောင်တွေရှေ့သွားပြီး ဆိုတီးတော့တာ ။ ဒီတော့ ကျွန်တော်တို့ အဖွဲ့လေးက အတန်အသင့်နာမည်ရတဲ့၊ အများလက်ခံတဲ့ ၊ အဆောင်မီးတွေ အမြဲဖွင့်ပေးရတဲ့ ဂစ်တာဝိုင်းလေးပေါ့ ။

ကျွန်တော်တို့ထဲမှာလဲ အပိုင်နိုင်ဆုံးသီချင်းအနေနဲ့ တစ်ယောက်ကို တစ်ပုဒ်စ နှစ်ပုဒ်စ ရှိကြတယ်ဗျ ။ ကြွက် ဆိုမယ့်အလှည့်ရောက်ပြီဆိုရင် ကိုညီထွဋ်ရဲ့ ``ရှင်သန်ခြင်း´´ အမြဲတောင်းကြတယ်။ အညာသားအလှည့်ကျတော့ ကိုလေးဖြူရဲ့ ``အလင်းရောင်´´ ။ အဲဒါတွေက မဖြစ်မနေဆိုပေးရတဲ့ ပရိတ်သတ် ပွဲအတောင်းဆုံး သီချင်းတွေပေါ့ ။ ကျွန်တော်ဆိုရမယ့်အလှည့် ရောက်ပြီဆိုရင် အမြဲပွဲတောင်းတဲ့ သီချင်းတစ်ပုဒ်ရှိတယ်ဗျ ။ နောင်အခါတွေမှာ ကျွန်တော်တို့အဖွဲ့ စပြီဆိုတာနဲ့ အဲဒီသီချင်းနဲ့ပဲ စဖွင့်တော့တာ ။ ဒီသီချင်းသံကြားရင် ကျွန်တော်တို့မှန်း သိပြီပေါ့ဗျာ ။ ကျွန်တော်တို့ရဲ့ Trademark ပေါ့ (ကျွန်တော်ဆိုတာလည်း တော်တော်ကောင်းတာကိုးဗျ…ဟီး ) ။ နော်လီဇာရဲ့ သူ့ခေတ် သူ့အခါက နာမည်အကြီးဆုံးသီချင်း ``မာလာဆောင် မောင်မလာဘူး´´ ဆိုတဲ့ သီချင်းပါ ။

ဒီသီချင်းက ကျွန်တော်တို့အဖွဲ့ရဲ့ အမှတ်အသားဖြစ်သွားပြီးတော့ ကျွန်တော်တို့အဖွဲ့ကို ``မာလာဆောင်အဖွဲ့´´၊ ကျွန်တော့်ကို `မာလာဆောင်´ လို့ ခေါ်ကြတော့တာ ။

(တကယ်လို့ သူငယ်ချင်းက ၁၉၉၄/၉၅ ပညာသင်နှစ်တုန်းက ပုသိမ်တက္ကသိုလ်မှာ ရှိနေခဲ့တယ်ဆိုရင် မာလာဆောင်အဖွဲ့ကို မှတ်မိပါလိမ့်မယ် ။ )

အဲ…ကျွန်တော်တို့အဖွဲ့မှာ အထူးခြားဆုံးက သမားကြီးဗျ ။ သူက ဂစ်တာမတီးတတ်ဘူး ။ သီချင်းမဆိုတတ်ဘူး ။ ဒါပေမယ့် ဂစ်တာဝိုင်းတွေကြားမှာ သူဖျော်ဖြေဖို့ သီးသန့်အချိန်တစ်ချိန် ပေးထားရလောက်အောင်ကို ပရိတ်သတ်ပွဲတောင်းခံရတယ်ဗျ ။ သူ့အလှည့်ရောက်ပြီဆိုရင်သူက …. …



ဆက်ပါဦးမယ်ခင်ဗျာ


ကိုကြည်နိုင်


ကျွန်တော်တို့ (၁၁) ယောက်လုံးစုံတဲ့ပုံက ပျက်သွားတယ်ဗျာ..

အခုပုံလေးက တတိယနှစ်လောက်မှာရိုက်ထားကြတာလေ။

ကျွန်တော်ရယ်၊သမားကြီးရယ်၊ကြွက်ရယ်၊ အညာသားရယ်ပေါ့ ။


_______________________________


0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။