နွေညများ အမှတ်တရ ( ၃ )
ကျွန်တော်တို့အဖွဲ့ရဲ့ မင်းသားကြီးက သမားကြီးပေါ့။ သူက ဂစ်တာမတီးတတ်၊ သီချင်းမဆိုတတ်ပဲ ဂစ်တာဝိုင်းတွေကြားမှာ တစ်ချိန်ပေးထားရတယ်လေ။ သူ့အလှည့်ရောက်ပြီဆိုရင် သူက …. အသင့်ပါလာတဲ့ စောင်တစ်ထည်ကိုထုတ်၊ စလွယ်သိုင်းခြုံပြီး အဆောင်ရှေ့အုတ်တံတိုင်းရဲ့ ဘုတ်တိုင်ပေါ် တင်ပလ္လင်ခွေတက်ထိုင်တော့တာ ။
ကျွန်တော်တို့ကလည်း ဂစ်တာလေးတွေအသာချပြီး အသင့်ဆောင်လာတဲ့ ကြေးစည်သေးသေးလေးနဲ့ လက်ခတ်ဘုကိုထုတ်ပြီး ငုတ်တုတ်လေး လက်အုပ်ချီထိုင်လို့ပေါ့ ။ သူကတရားဟောပုဂ္ဂိုလ် ၊ ကျွန်တော်တို့ရယ် အဆောင်ပေါ်က မိန်းကလေးတွေရယ်က တရားနာပရိတ်သတ်ပေါ့ ။
``အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား ….အိမ်း …ခုလို အနန္တငါးပါးကို ရှိခိုးပြီးတဲ့နောက် ဘုန်းကြီးတို့ ကနေ့ ကြေငြာထားတဲ့ တရားက ဘာတဲ့တုန်းတို့ပရိတ်သတ်….´´
``သင်္ဘောသားဇာတ်တော်ကြီးပါဘုရား´
``အိမ်း…တို့မြတ်စွာဘုရားရှင်ရဲ
``မှန်ပါဘုရား´´
``… …. … ….´´
``… … …´´
``… …. … ….. …. … ….. ….´´
``အိမ်း..တရားလည်းကျ ၊ ရေစက်လည်းချပြီးပြီမို့ ..ကဲ..အိမ်ပြန်ပို့ကြပါစို့.. အတ္တဂေဟေ .. ပြောသမျှဟောသမျှထဲက သဘော…….မကျပဲ အပြစ်တွေ့ခဲ့လျှင် နိဝတန္တုသည်းခံ၍သာ ပြန်ကြပေတော့ ဘေးဘယာတွေဝေးကွာလျှမ်းကြစေဖို့ မေတ္တာရေပက်ကာဖြန်းလိုက်မယ်…မှန်စွာမနေ ပြန်ပါလေတော့ ပြန်ကြလေကုန်သတည်း…´´
``သာဓု…သာဓု…သာဓုပါဘုရား ´´
ဒူ…ဝေ….ဝေ…..ဝေ
အဲဒီအချိန်ကာလက လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ တရားဟော ဓမ္မကထိက ကြာနီကန်ဆရာတော် ဥူးဇဋိလရဲ့ လေယူလေသိမ်းအတိုင်း တစ်ညကို တရားတစ်ခွေစာ ဟောတော့ ကောင်းသပေါ့ဗျာ..။ စောင့်ပြီးတော့ကိုနာယူရတော့တာ ။ မောလာလိုက် ခါးကြားထဲက ပုလင်းပြားလေးထုတ်မော့လိုက်နဲ့ပေါ့ ။ မှတ်သားစရာပဲနော် ။
အဲ..အားလုံးထဲမှာ ကဗ္ဗည်းတွင်ကျန်ခဲ့တာက ကန်ပတ်ပြေး ဆန်းမင်းဗျ။ သူကဂစ်တာမတီးတတ်၊ သီချင်းမဆိုတတ်၊ သူ့လက်ဝါးနှစ်ဖက်ကိုတောင် တစ်ဖက်နဲ့ တစ်ဖက် တည့်တည့်ကျအောင် လက်ခုပ်တီးတတ်တာမဟုတ်ဘူး ။ တစ်နေ့မှာတော့ သူ့ရဲ့ အနုပညာအငုံ့စိတ်က ကြွတက်လာပါတော့တယ် ။
``ဟေ့ကောင်တွေ..ငါ..သရဖီဆောင်က ကောင်မလေးတစ်ယောာက်ကို ဟိုကွာ….ဟီး….အဲဒါ…´´
``ဟေ့ကောင်တွေ..ငါ..သရဖီဆောင်က ကောင်မလေးတစ်ယောာက်ကို ဟိုကွာ….ဟီး….အဲဒါ…´´
ကန်ပတ်ပြေးဆန်းမင်းရဲ့ အူကြောင်ကြောင် ရင်ဖွင့်သံလေ….
``ဟာ…ရုပ်ကြမ်းကြီးနဲ့ ရှက်နေရပြန်ပြီ…ပြောလိုက်စမ်းပါ.. ဘယ်သူလဲ၊ ဘယ်မေဂျာကလဲ၊ မင်းက ဘယ်လိုဖြစ်ချင်တာလဲ´´
ဝိုင်းဟောက်လိုက်ကြတာကျွက်ကျွက်
``ဟို..Chemistry first year ကတဲ့ တရုပ်မလေးကွာ..အေးချမ်းမြင့်မိုရ်တဲ့.. အဲဒါ…သူ့အဆောင်ရှေ့မှာ ငါ…ဟီး..သီချင်းဆိုချင်လို့ ´´
လက်ဝါးနှစ်ဖက်ကို ပေါင်ကြားထဲ ထည့်ပွတ်ရင်း လိမ်ကျစ်နေတဲ့ ကန်ပတ်ပြေးကိုကြည့်ပြီး ကျွန်တော်တို့ ဇဝေဇ၀ါ ဖြစ်သွားတယ် ။
``ဟေ့ကောင်..သရဖီဆောင်ကနော်..´´
``အေးပါဆို..´´
``အာ..Chemistry ကတရုပ်မက မကျင်အုံးပါကွာ..ဘယ့်နှယ် အေးချမ်းမြင့်မိုရ်ဖြစ်သွားရတာတုန်းဟ..´´
``ဟီး..သူ့နာမည်ကြီးက ကဗျာမဆန်လို့ ငါ့ဘာသာ ကျိတ်ပြီးနာမည်လှလှလေး ပေးထားတာ´´
ဒီလိုနဲ့ သီချင်းလုံးဝမဆိုတတ်တဲ့ ကန်ပတ်ပြေးကို တစ်နေကုန်သီချင်းတိုက်ပေးရတာ လူတွေကို ဖတ်ဖတ်မောရော။ အတန်းတောင် မတက်ဖြစ်ဘူး။ အသံတို့ရဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ ဒိုင်ယာတောနစ်စကေး/ ခရိုမဲတစ်စကေး ဘာစကေးနဲ့မှ၊ ဘယ်ကီးနဲ့မှမ၀င်တဲ့သူ့ကို ``တက္ကသိုလ်ကျောင်းသူကြီးကို ချစ်ခဲ့မိလို့´´ တစ်ပုဒ်တိုက်ပေးလိုက်တာ ည (၉) နာရီကိုထိုးရောဗျာ ။
အခေါက်ပေါင်း ဘယ်လောက်ဖြစ်သွားမှန်းတောင် မမှတ်မိတော့ဘူး။ ချီတက်ကြပါပြီ ။ ည(၁၂) နာရီလောက်မှာ ။ သရဖီဆောင်ရှေ့ကို ။ အဆောင်ရှေ့ရောက်တော့ ကံဆိုးတာလား/ကံကောင်းတာလားမသိ ။ တခြားအဖွဲ့တွေ မရောက်ကြသေးဘူးဗျ ။ အဆောင်သူအားလုံးက မီးတွေပိတ် ၊ တံခါးတွေပိတ်လို့ ငြိမ်နေကြပြီ။ ကျွန်တော်တို့ကလည်း တိုင်ပင်ထားတဲ့အတိုင်း ``မာလာဆောင်´´ နဲ့စမဖွင့်ပဲ ကန်ပတ်ပြေးကို စပြီးဆိုခိုင်းတာပေါ့ဗျာ ။ အဆောင်ရှေ့ အုတ်တံတိုင်းပေါ် မေးလေးတင်ပြီး ကန်ပတ်ပြေးတို့ Mood အပြည့်နဲ့ ဆိုပါလေပြီ ။
``တက္ကသိုလ်ကျောင်းကို ရောက်တာကြာတော့ x x x အသည်းခွဲတတ်ပြီပေါ့ x x xမင်းစာတတ်တာ ငါသိပြီ x x x တက္ကသိုလ်ကျောင်းသူကြီးကို ချစ်ခဲ့မိလို့ x x x ငါ့ရဲ့အသည်းတွေ ကွဲကြေခဲ့ရပြီ x x x´´
အဲဒီတစ်ပိုဒ်ပဲ စဆိုလိုက်ရသေးတယ် အဆောင်မီးများအားလုံး`ဖျပ်ကနဲ´ ပွင့်သွားပါတော့တယ်။ ကျွန်တော်တို့တောင် ဂစ်တာတီးနေရင်း အတော်အံ့သြသွားပါတယ် ။ မကြာခင်မှာပဲ ပြတင်းတံခါးများအားလုံးပါ ပွင့်သွားပါတော့တယ်။ ဒီထက်ပိုအံ့သြစရာကောင်းတာက အဆောင်ဘေးတံခါးကြီးပါ ပွင့်သွားပြီး အဆောင်သူများအားလုံး လှေကားကနေ ဆင်းလာပါတော့တယ်ခင်ဗျာ။ ဘာကီးနဲ့မှမ၀င်တဲ့ ကန်ပတ်ပြေးရဲ့ အောင်မြင်မှုက ဘုရားဘုရား ကြက်သီးမွေးညင်းထလောက်စရာဗျာ။ အဲ့ဒီအချိန်မှာပဲ အဆောင်ပေါ်က ဆင်းလာတဲ့ အဆောင်သူများအားလုံးက အဆောင်နောက်ဖက် ခြံစည်းရိုးအစပ်ကို ဦးတည်သွားနေကြပါပြီ ။ ဟီး…အိမ်သာက အဲဒီခြံစပ်မှာကိုး…။ ဘာဆိုတာကို ကွက်ကွက်ကွင်းကွင်း နားလည်သွားပြီဖြစ်တဲ့ ကန်ပတ်ပြေးတစ်ယောက် ဇီးရွက်လောက်မျက်နှာငယ်လေးနဲ့ ငိုချင်းချပါလေတော့တယ်။
``သြော်..ငါ့ဘ၀နှယ်..သီချင်းတစ်ပုဒ်ထဲကို တစ်နေကုန် အခေါက်တစ်သန်းလောက်တိုက်ထားတာတောင်မှ သူတို့ကို အိပ်ယာကနှိုးပြီး ရှူရှူးတည်ဖို့လောက်ပဲအသုံးကျပါလားနော်..´´
ပုသိမ်တက္ကသိုလ်မှာ ထူးခြားဖြစ်စဉ်မှတ်တမ်းများထားခဲ့ရင် သူ့ကို နံပါတ်(၁)မှာတွေ့ရမှာဗျ ။ ကျွန်တော်တို့က ကိုယ့်အဖွဲ့အနေနဲ့တင်မဟုတ်ပဲ တခြားသူက လာခေါ်ရင်လည်း လိုက်တီးပေးတယ်လေ ။ ဒါကတော့ စီးပွားရေးကြောင့်သက်သက်ပါ။ ဘိုင်ပြတ်နေတဲ့အချိန်ဆိုရင် လက်ဖက်ရည်တစ်ခွက်နဲ့လည်းလိုက်တီးပေးတာပဲ။ မုန့်ဖက်ထုပ် တစ်ထုပ်နဲ့လည်း လိုက်တီးပေးတာပဲ ဟီး။ တချို့က အဆောင်ရှေ့သွားကြွေချင်တယ် ။ ဂစ်တာမတီးတတ်ဘူး ။ ဒီတော့ ဂစ်တာသမားငှားရတော့တာပေါ့။ အဲဒီလို အငှားလိုက်အတီးကောင်းလို့ ကျွန်တော်ကိုကြည်နိုင် အကြီးအကျယ်ချောက်ကျခဲ့ဖူးတာပေါ့ ။ မှတ်မှတ်ရရပါပဲဗျာ ။ တစ်နေ့မှာပေါ့ … …
ဆက်ပါဦးမယ်ခင်ဗျာ
ကိုကြည်နိုင်






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။