နွေညများအမှတ်တရ (၄)
နောက်ပိုင်းရက်တွေမှာ ကျွန်တော်တစ်ယောက်တည်း သီးသန့်ဂစ်တာသွားတီးဖြစ်တဲ့ အဆောင်က အင်ကြင်းဆောင်ပါ။ ည ၁၁နာရီလောက် ရောက်သွားပြီး သီချင်း ငါးပုဒ်လောက်ဆိုပြီးမှအဖွဲ့နဲ့ပြန်ပေါင်းပေါ့။ အဲဒီအဆောင်မှာ ဒူးခေါက်ကွေးလောက်ရောက်တဲ့ ဆံပင်ရှည်တစ်ထွေးကြီးနဲ့ (နောင်မှာ ကျွန်တော်က“ခိုင်” လို့ခေါ်တဲ့) ကေခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လေ။ ကျွန်တော်က သူ့အတွက် သီးသန့်ရည်ရွယ်ထားတဲ့ သီချင်းတွေကို သူတစ်ယောက်တည်းအတွက်လို့ ကြေငြာပြီးမှသွားဆိုတာပါ။ သူကလည်း ကျေကျေနပ်နပ်နဲ့ အဆောင်ရှေ့ခုံတန်းလေးကနေ ထိုင်နားထောင်ပေးခဲ့ပါတယ်...။
သူက ကျွန်တော့်ကို “ဇော်” လို့ ခေါ်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်တက်ခဲ့စဉ်တစ်လျှောက် ဘယ်နေရာသွားသွား အမြဲတတွဲတွဲရှိခဲ့တဲ့ ကျွန်တော်နဲ့ခိုင်တို့ ချစ်သူမဖြစ်ခဲ့ကြပါဘူး။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် အဖြစ်နဲ့ပဲ ခုချိန်ထိရှိနေတုန်းပါပဲ။ သူ့အဆောင်ရှေ့သီချင်းသွားဆိုတိုင်း မဖြစ်မနေထည့်ဆိုဖြစ်တဲ့သီချင်းကတော့ “ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်”ပေါ့။
ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ၀န်မခံခဲ့ဖူးတာကိုခုဒီနေရာမှာ ၀န်ခံပါ့မယ်။ သူ့ကို ကျွန်တော်ချစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အရမ်းရင်းနှီးလာချိန်ကျမှ သိရပါတယ်။ သူက ကျွန်တော်ရဲ့ သီချင်းတွေကို စကြားတဲ့အချိန်ထဲက ရင်ထဲမှာ ခင်ချင်နေခဲ့တာတဲ့။ အသံပိုင်ရှင်နဲ့ တစ်သက်လုံး သူငယ်ချင်းတွေ ဖြစ်သွားချင်တဲ့ဆန္ဒက အဲဒီကတည်းက ရှိနေခဲ့တာပါလို့ ပြောပါတယ်။
အဲဒီအချိန် ကျွန်တော့်မှာလည်း ခိုင်နဲ့ပတ်သက်ရင် ပြင်းပြင်းပျပျ ဆန္ဒတစ်ခုပဲ ရှိပါတော့တယ်။ သူ့ရဲ့ ဆံပင်ရှည်တစ်ထွေးကြီးကို ခဏလေးဖြစ်ဖြစ် ကိုင်ထားကြည့်ခွင့်ရချင်တာပါ။ ကျွန်တော်နဲ့ ခိုင်(သို့မဟုတ်) ကေခိုင် (သို့မဟုတ်) နော်ကေခိုင်လင်းနဲ့ကြားမှာ ဘာသာတရားက သူငယ်ချင်းဖြစ်ခွင့်ပဲ ပေးခဲ့တယ်လေ။ အားလုံးရဲ့အမြင်မှာတော့ အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေပေါ့။ သူငယ်ချင်းတွေကတော့ “ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်” သီချင်းရဲ့ အောင်မြင်မှုလို့ ခုချိန်ထိထင်နေကြတုန်း။
ထင်မယ်ဆိုရင်လည်း ထင်လောက်စရာဗျာ။ “ကြွက်” အတွက် ကျွန်တော်က သူချစ်တဲ့ကောင်မလေးအဆောင်ရှေ့မှာ အဲဒီသီချင်းကို ညတိုင်းဆိုပေးတာ မကြာခင်မှာပဲ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြတယ်။ ရွှေသံလွင်ဆောင်က နှင်းနှင်းခိုင်နဲ့ပေါ့။ အညာသားနဲ့ ဥမ္မာဒန္တီဆောင်ကခိုင်ခိုင်ဇော်မင်းလည်း ဒီသီချင်းနဲ့ အဆင်ပြေသွားကြတာလေ။
တစ်နေ့မှာပေါ့ ကျွန်တော်တို့သူငယ်ချင်း ဟင်္သာတသားကျော်ဦး အဆောင်ကိုပေါက်ချလာပါတယ်။
“ဟေ့ကောင် ..... ကြည်နိုင် ..... မင်းရဲ့အောင်မြင်မှုတွေကြားလို့ ငါလာတာကွ..ဟီး ..”
မျက်နှာချိုသွေးပါလေပြီ။ တစ်ခုခုတော့ တစ်ခုခုပဲလို့တော့ ထင်လိုက်မိသား။
“ဘာ ..... အောင်မြင်မှုလဲ ..... လင်းစမ်းပါဦးကွ”
“ဟာကွာ ..... မင်းနဲ့ကေခိုင်၊ ကြွက်နဲ့နှင်းနှင်းခိုင်၊ နောက် ..... အညာသားနဲ့ခိုင်ခိုင်ဇော်မင်းကွာ အဲဒါ ...... မင်းသီချင်းဆိုပေးလို့ အဆင်ပြေသွားတယ်ဆို .....”
“ဟေ့ကောင် ...... ပေါက်ကရ လျှောက်ပြောမနေနဲ့ ..... မင်းဘာဖြစ်ချင်လို့ စကားတွေ ပတ်ပြောနေတာလဲ တည့်တည့်ပြောကွာ ..... ”
“ဟို ..... ဟီး ..... ငါ့လည်း သီချင်းလိုက်ဆိုပေးကွာ ..... အဲဒီသီချင်းပဲ”
ငြင်းမရမဲ့အတူတူ လက်ခံလိုက်ရပါတော့တယ်။
ကျော်ဦးက ရွှေဝတ်မှုံရပ်ကွက်ထဲက အဆောင်တစ်ခုဆီ ကျွန်တော့်ကို ခေါ်သွားပါတယ်။ အဆောင်ရှေ့ရောက်တယ်ဆိုရင်ပဲ .....
“ကဲ ..... စတော့သူငယ်ချင်း..ဟိုသီချင်းပဲနော်”
ဆိုပြီး သူက တံခါးသံဘောင်လေးကိုင်ပြီး အဆောင်မီးတွေ ဖွင့်လာနိုးနဲ့ မျှော်ပါတော့တယ်။ မီးကားပွင့်မလာ။ ဆိုလို့ကားပြီးပြီ။ ကျော်ဦးကားမျက်နှာငယ်ဖြင့် ..... ။ ကျွန်တော်ကား ရာဇ၀င်ရိုင်းလေပြီ။
“နေပါဦး ..... ကျော်ဦးရဲ့ ..ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်..သီချင်းကို ဆိုပေးရတာတော့ ဟုတ်ပါပြီ။ မင်းကောင်မလေး နာမည်က ဘယ်သူတုန်း”
“ကြည်ကြည်မြင့် လေ ...... ဘာဖြစ်လို့လဲ”
“သေလိုက်ပါတော့ကွာ .....”
ကျွန်တော် ဂစ်တာအငှားလိုက်တီးရင်း ချောက်ကျခဲ့ရတဲ့ အဖြစ်လေးပါ။ ကျွန်တော်က ဒီအဖြစ်လေးကို “ခိုင့်” ကိုပြောပြတော့ .....
ဆက်ပါဦးမယ်ခင်ဗျာ
_______________________ကိုကြည်နိုင် _______________________






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။