Thursday, September 22, 2011

ကျောင်းသားဘ၀ နွေညများ အမှတ်တရ ( ၅ )

နွေညများ အမှတ်တရ ( ၅ )


ကျွန်တော်က ကျော်ဦးလုပ်လို့ ကို့ယို့ကားယားဖြစ်ရပုံကို ခိုင့်ကိုပြောပြတော့ ခိုင်က မျက်လုံးလေးစင်းပြီး နားထောင်နေပါတယ်။ ပြီးတော့ .....
``ကျော်ဦး ကောင်မလေးကလည်းဟယ် ..... ဘာလို့များ ထွက်နားမထောင်တာလဲ မသိဘူးနော်.....´´
``ဟာကွာ ခိုင်ရယ် ..... မင်းပဲစဉ်းစားကြည့်ပါဦး ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင် သီချင်းမှာ ကြည်ကြည်မြင့်ဆိုတဲ့ နာမည်ကိုဘယ်စာလုံးထည့်ဆိုလို့ရမှာလဲ ... အဲဒီတော့ ထည့်မဆိုဘူးပေါ့ ..... ကောင်မလေးက သူ့ကိုလာကြွေမှန်းတောင်မသိတော့ ဘယ်လာ ထနားထောင်ပါ့မလဲ ..... ကဲ ´´

ဒီလိုရှည်ရှည်ဝေးဝေးရှင်းပြလိုက်တော့မှ .....
``သြော် ..... ဟုတ်သားပဲ ..... ဟီး´´
ကျွန်တော့်ရဲ့ခိုင်က အဲဒီလို အူတူတူကောင်မလေးလည်း ဖြစ်ပါတယ်။ ခိုင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ ဇယားပြောင်းသွားတာကိုလည်း ပြောပြချင်ပါသေးတယ်။ ကျွန်တော်တို့နဲ့ ကိုးကွယ်ရာမတူတဲ့ ခိုင်က စနေနေ့မှာ ကျွန်တော်တို့ကို ပုသိမ်ဘုရားစုံ ဖူးဖြစ်အောင်တိုက်တွန်းပါတယ်။ ဒီလိုနဲ့ ကျွန်တော်ကစပြီး တစ်ဖွဲ့လုံး စနေနေ့တိုင်း ဘုရားသွားဖြစ်ကြပါတော့တယ်။ ကျောင်းထဲကနေ စက်ဘီးကိုယ်စီနဲ့ (ကျွန်တော်နဲ့ခိုင်က တစ်စီး) ထွက်လာပြီဆိုရင် အရင်ဆုံး ရွှေမုဌောစေတီတော်ကို မဖြစ်မနေ၀င်ဖူးကြပါတယ်။ ဘုရားပေါ်စတက်ပြီဆိုတာနဲ့ ကျွန်တော်ချွတ်လိုက်တဲ့ ဖိနပ်ကို ခိုင်က အမြဲကိုင်ပေးလေ့ရှိပါတယ်။ ကျွန်တော်က အားနားလို့တားရင် မျက်ရည်လေးဝဲပြီး .....
``ဇော်ရယ် ဘုရားပေါ်မှာ ခိုင်က ဒီလိုနည်းနဲ့ ကုသိုလ်ယူရုံကလွဲပြီး ဘာများ လုပ်လို့ရမှာမို့လို့လဲ´´
ပြီးရင် စောင်းတန်းက ပန်းစည်းလှလှနှစ်စီးကိုလည်း သူကပဲ အမြဲဝယ်ပါတယ်။ ပြီးရင် ကျွန်တော့်လက်ထဲထည့်ပေးပြီး
``နှစ်ယောက်အတွက် ဆုတောင်းနော်´´
လို့ မပျက်မကွက် ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့အားလုံး ဘုရားဝတ်ပြုနေချိန်မှာ ငုတ်တုတ်လေးထိုင်ပြီး ငေးနေတတ်တဲ့ခိုင်ကြောင့် ကျွန်တော့်ရဲ့တစ်မျိုးတည်းသောဆုတောင်းကတော့
``နောင်ဘ၀မှာ ဘာသာတရားတစ်ခုပဲရှိတဲ့ ကမ္ဘာကြီးမှာ ခိုင်နဲ့အတူတူလူဖြစ်ရပါလို၏ဘုရား´´
ဆိုတာပဲပေါ့။ ရွှေမောဌောပေါ်ကဆင်းပြီးမှ ပုသိမ်မြို့ရဲ့ အထင်ကရတွေဖြစ်တဲ့ ရေကြည်ဦးစေတီ၊ တကောင်းဘုရား၊ ရွှေစည်းခုံ၊ စက်တော်ရာ တို့အနက်က ဘုရားတစ်ဆူဆူမှာ ညနေစောင်းသည်အထိ နေဖြစ်ကြပါတယ်။ နေ့တိုင်းသောက်တဲ့ သမားကြီးတောင် စနေနေ့မှာလုံးဝမသောက်ပဲ ကျွန်တော်တို့နဲ့အတူ ဘုရားဖူးအမြဲလိုက်ပါတယ်။ ကျွန်တော့်ရဲ့ခိုင်က အဲဒီလို စည်းရုံးရေးကောင်းတဲ့ ကောင်မလေးလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ခိုင် ဘုရားဝတ်ပြုနေကျ ချာ့ခ်ျကို ကျွန်တော်က လိုက်ပို့ပေးရပါတယ်။ ကျွန်တော့်ကို ဘယ်တော့မှ ထိုင်မစောင့်စေပဲ (ကျွန်တော်က အမြဲထိုင်စောင့်ပါတယ်) ၀တ်ပြုပြီးချိန်လောက်မှ မှန်းပြီးလာခေါ်ဖို့ အမြဲပြောပါတယ်။ ကျွန်တော့် ခိုင်က အဲဒီလို အားနာတတ်တဲ့ ကောင်မလေးလည်း ဖြစ်ပါတယ်။

အဲဒီ တနင်္ဂနွေနေ့ ညနေစာကိုတော့ ကျွန်တော်တို့အဆောင်မှာပဲ
အားလုံးအတွက် ခိုင်က ချက်ပါတယ်။ တစ်မျိုးတည်းသောဟင်းပါပဲ။ ``အပြုံးဘဲဥ ချဉ်ရည်ဟင်း´´ တဲ့။ ခိုင်ပေးထားတဲ့ နာမည်ပေါ့။ ကျန်တဲ့သူတွေကတော့ ဘုမသိဘမသိ ကျိတ်မှိတ် စားကြရရှာတာ။ ဒီလို.... ဘဲဥချဉ်ရည်ဟင်း ချက်မယ်ဆိုပြီး ဘဲဥတွေကို မပြုတ်ခင် ခိုင်က ကျွန်တော့်ကို ဆော့ပင်(Permanent ink) တစ်ချေုာင်းပေးပြီး အဲဒီဘဲဥပေါ်မှာ အပြုံးမျက်နှာလေးတွေကို ဆွဲခိုင်းလေ့ရှိတယ်။ ပြီးတော့မှ ထည့်ပြုတ်လိုက်တာ။ ပြုတ်တာကျက်လို့ အိုးဖုံးဖွင့်လိုက်တာနဲ့ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ဘဲဥလေးတွေက ယောက်ယက်ခတ်လို့ပေါ့။ ဒါပေမဲ့အပြုံးမပျက်။ ရေနွေးဆူဆူထဲမှာ အပြုံးမပျက်ခုန်ပေါက်နေတဲ့ ဘဲဥလေးတွေကို ကြည့်ပြီး ခိုင်က....
`` တွေ့လား ဇော် ...ဒီလောက်ပူလောင်နေတာတောင်မှ ဘဲဥလေးတွေ အပြုံးမပျက်ကြဘူးနော်.. ခိုင်တို့လည်း ဘာအခက်အခဲတွေနဲ့ ကြုံကြုံ ၀မ်းမနည်းကြေး..သိလား ´´

ကျွန်တော့် ခိုင်က အဲဒီလိုမျိုး ဒဿနဆန်ဆန် ကောင်မလေးလဲ ဖြစ်ပါတယ်။ စာမေးပွဲတွေနီးလို့ စာသင်ချိန်တွေ ရပ်လိုက်ပါပြီ။ အတန်းမတက်ရတော့။ စာကိုပဲနင်းကန်ကျက်ကြရတာပေါ့.။ ဒီအချိန်မှာ စာကျက်ခြင်းဟာ လူကို အင်အားဆုတ်ယုတ်စေတယ်လို့ယူုဆထားတဲ့ ကြွက်က ...

`` တို့တွေရဲ့ ဦးနှောက်တွေဟာ စာမေးပွဲခန်းကို ၀င်တဲ့အခါ ကြည်လင်နေဖို့
လိုတယ်ကွ..ဒီတော့....´´
ဒီတော့ စာမေးပွဲမဖြေခင်ရက်လေးကပ်ပြီး ချောင်းသာ သွားကြဖို့ အစီအစဉ် ဆွဲကြပါတော့တယ်။



လေးစားစွာဖြင့်

__________________ကိုကြည်နိုင်___________________



ဆက်ပါဦးမယ်ခင်ဗျာ....


0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။