Friday, September 23, 2011

တောင်ယာမီးနဲ့ အလွမ်းကိုမှ နွှေးမိသူ


တောင်ယာမီးနဲ့ အလွမ်းကိုမှ နွှေးမိသူ


ပန်းခေတ်မှာ သာတဲ့ လမင်းရေ

တယုတယသေမိန့်ကျခဲ့သူ ကျနော့်နှလုံးသားက

“ခွဲမသွားကြေး”ဆိုတဲ့စကားကို ယုံမိခဲ့တယ်


ကျနော့်အလွမ်းတွေ ရင့်နေလိုက်ပုံများပြောပါတယ်

ရွက်ဝါတွေ ၀ဲလွင့်သက်ကြွေချိန်ဟာ ကျနော့်အလွမ်း

ကျနော့်အလွမ်းဟာ မိုးရာသီဂီတ

ဆောင်းရာသီပွဲတော်တွေရောက်လည်း ကျနော်လွမ်းတယ်

(ကျနော် တကယ်လွမ်းတာပါခိုင်)


တရံတဆစ်တော့ သတိရပေးပါ

ကြယ်တွေရဲ့သီးခြားဘာသာစကားအောက်မှာ

အိပ်မွေ့ချခံ မုဆိုးတစ်ယောက် ကျနော်

(တစ်ချိန်က) အသေအချာ ရှိခဲ့တယ် ဆိုတဲ့အကြောင်း


တကယ်တော့ ခိုင်ရယ်

ကျနော်ဟာ ... ...

တောင်ယာမီးနဲ့ အလွမ်းကိုမှ နွှေးမိသူပါ

......... ....... ......


မိုးတွေရွာနေပြီလေ ခိုင်။ ရောက်ရာနေရာက မှတ်မိပေးပါ။ ၁၉၉၉ ခုနှစ်၊ ဧပရယ်(၁၂)ရက်လေ။ “မြ၀ါးရုံတော”လို့ခေါ်တဲ့ ကျနော်တို့ရဲ့ ပုသိမ်တက္ကသိုလ်ကြီးမှာပေါ့။ခိုင်မမေ့သေးဘူးဆိုရင် အဲဒီနေ့က ကျနော်တို့ရဲ့ နောက်ဆုံးနှစ် စာမေးပွဲကြီး ပြီးတဲ့နေ့ဆိုတာကို မှတ်မိပါလိမ့်မယ်။ ကျောင်းသားဘ၀ရဲ့ နောက်ဆုံးစက္ကန့်တံတွေ ပြေးနေချိန်။ “ဘာသာခြားခြင်း”ဆိုတဲ့တောင်စွယ်မှာ ကျနော်တို့ နှလုံးသားတွေ နေကွယ်တော့မယ့် အချိန်ပေါ့။

ဟေးလားဝါးလားနဲ့ တစ်ယောက်ကိုတစ်ယောက် ပျော်နေဟန်ဆောင်ပြထားတဲ့ ကျနော်တို့ သူငယ်ချင်းတစ်စု။ နွေခေါင်ခေါင် ဆိုင်းမဆင့် ဗုံမဆင့်၊ ဘာမှမဆင့်ပဲရွာတဲ့မိုးကြောင့် တုတ်တုတ်ကျ စိုခဲ့တာ မှတ်မိဦးမှာပေါ့။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ ကျနော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။

ကျနော် အသေအချာ မှတ်မိတယ်ခိုင်။ တစ်သက်စာလွမ်းစေမယ့်စကားကို ခိုင်ပြောခဲ့တာလေ။ ကျနော့်စက်ဘီးနောက်ကထိုင်ရင်း တိုးတိုးလေးပြောခဲ့စကား။ခုချိန်ထိ ကျယ်ကျယ်လောင်လောင် ကျနော်ကြားနေတုန်းပါပဲ။
“ဇော်ရယ်..ဒီလို မိုးရေထဲမှာပဲ လျှောက်သွားချင်နေမိတော့တယ်...ရင်ထဲမှာ ဘယ်လောက်ပူနေပေမဲ့ အပြင်မှာတော့ နည်းနည်းလေး အေးခွင့်ရနေသေးတယ်နော်”
ကျနော့် ရင်ထက်အက္ခရာပါပဲ ခိုင်။

တငွေ့ငွေ့တောက်လောင်တတ်တဲ့ တောင်ယာမီးနဲ့မှ နွေးမိလေတော့ ကျနော့်အလွမ်းတွေ (မိုးရာသီရောက်တိုင်း) ပူနွေးဆွတ်ပျံ့လာမြဲပါခိုင်။

(နော်ကေခိုင်လင်းရယ်....ကျနော်တကယ်လွမ်းတာပါ)





ကိုကြည်နိုင်


25.June.2010

..... ...... ......





ကျနော်နဲ့ ခိုင်တို့ရဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ တစ်ချိန်က ဇာတ်လမ်းတစ်စတစ်လေကို ဒီနေရာမှာ ကျနော်ရေးခဲ့ဘူးပါတယ်...



0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။