Monday, September 26, 2011

အရုပ်ဆိုင်




မြို့ကလေးကတော့ ဘာမှ မထူးခြားတဲ့ မြို့လေးပါပဲ။ အခြားမြို့လေးတွေလိုပဲ လူရောင်စုံတွေနဲ့ လူးလာဆန်ခတ်။ အခြားမြို့လေးတွေလိုပဲ ငွေကိုကိုးကွယ်သူတွေနဲ့ ပြည့်အင့်။ အခြားမြို့လေးတွေလိုပဲ ဘောလုံးပွဲမှာ ဆဲဆဲဆိုဆို။ ဆိုက်ကားဂိတ်မှာ ကျားထိုးလေ့ရှိတဲ့ မြို့လေးပါပဲ။ ရုပ်ရှင်ရုံလေးသေးသေးတစ်ရုံ၊ ကားသုံးစီးသာရှိတဲ့ အဝေးပြေးဂိတ်တစ်ခု။ ခါးမှာလျှပ်စစ်စကားပြောခွက်ကိုချိတ်ပြီး မယ်တစ်ရွာ မောင်တစ်မြို့တို့ စကားပြောချင်လာရင် လမ်းပေါ်ထွက်ထွက်ပြီး နှစ်ကိုယ်ကြားစကားကို အော်ဟစ်နေရတဲ့ မြို့လေး။ ကိုယ့်အိပ်ထဲကခြင်္သေ့ သူ့အိပ်ထဲခုန်ဝင်သွားမှ ဆေးရုံတံခါးကြီးပွင့်ပွင့်သွားပြီး ဧည့်တွေ့ခွင့်ရတဲ့ ပဉ္စလက်ဆန်ဆန်မြို့လေး။ အခြားမြို့လေးတွေလိုပဲ ယဉ်စီးကမ်း လမ်းစည်းကမ်း ဖေါက်ဖျက်တာချင်းအတူတူ ဖမ်းသင့်သူကိုသာဖမ်းပြီး မဖမ်းသင့်သူကို မဖမ်းတဲ့ သဘောထားကြီးကြီး မြို့လေး။

အခြားမြို့လေးတွေနဲ့အတူတူ ဘာမှမထူးခြားတဲ့ အဲဒီမြို့လေးမှာ ဘယ်မြို့မှာမှ မရှိနိုင်တဲ့ ထူးခြားမှုတစ်ခုက သီးသန့်မြို့လေးတစ်မြို့အဖြစ် ကွဲပြားတည်ရှိနေလေပုံ။ မြို့လေးမှာ အရုပ်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အရုပ်ဆိုင်တစ်ဆိုင်ရှိတာကတော့ မထူးခြားဘူးပေါ့။ ဒါပေမယ့် …  …

(၁) လူကြီးများအတွက်သာ။
(၂) အသက် ၅၀ မပြည့်သူများမ၀င်ရ။
(၃) အရုပ်အမျိုးအစား ၄ မျိုးသာရှိသည်။ အရေအတွက် အလုံအလောက်ရှိသည်။ လူတစ်ဥင်္ိးလျှင် နှစ်ရုပ်သာ ၀ယ်ယူခွင့်ရှိသည်။
(၄) မိမိအတွက် ၀ယ်ယူသွားသည့်အရုပ်များကို မိမိ၏သားသမီးမြေးမြစ်များအား လက်ဆင့်မကမ်းရ။   တွေ့ရှိက     ဥပဒေအရ အရေးယူမည်။
ပုံ
ဆိုင်ပိုင်ရှင်

ဆိုင်ရှေ့ကျောက်သင်ပုန်းပေါ်မှာ အထင်အရှားရေးထားတဲ့စာ။ ကျနော်တို့ကလေးများအဖို့ ရပ်တန့်ငေးမောရုံ သာခွင့်ပြုထားတဲ့အရုပ်ဆိုင်လေး။ ပြည်တွင်းဖြစ် အရုပ်လေးများသာ မှန်ဘီရိုအသီးသီးမှာနေရာယူထားတဲ့ အရုပ်ဆိုင်လေး။ ဖိုးဝရုပ်၊ ကျားရုပ်၊ နဂါးရုပ်၊ ပစ်တိုင်းထောင်ရုပ် ဒီအရုပ်အမျိုးအစား လေးမျိုးပဲရှိတဲ့အရုပ်ဆိုင်လေး။

“ဦးလေး သားတို့အထဲကိုခဏလောက် ၀င်ကြည့်လို့ရမလားဟင်” လို့မေးလေတိုင်း ဆိုင်ရှင်ရဲ့ တစ်မျိုးတည်းသော၊ ဘယ်တော့မှ မပြောင်းလဲတဲ့အဖြေကတော့ “မရပါဘူးကွယ်။ ဦးလေးဆိုင်က လူကြီးတွေဆော့ဖို့ပဲရောင်းတာ။ သားတို့နဲ့ မဆိုင်ဘူး။ သားတို့မှာ ဆော့စရာတွေ များလှပါတယ်ကွာ။ အခြားအရုပ်ဆိုင်သွားနော်။” မှန်ဘီရိုအသီးသီးထဲက အရုပ်ကလေးတွေကို စိတ်ကူးနဲ့သာငေးမောဆော့ခဲ့ရတဲ့ ကျနော့်ရဲ့ငယ်ဘ၀။ ကျောင်းသွားကျောင်းပြန် ရပ်တန့်ငေးမောခဲ့ရတဲ့၊ ကျနော်တို့ကို ဘယ်တော့မှ ဆိုင်ထဲပေးမ၀င်တဲ့ ဒီအရုပ်ဆိုင်ကလေးကို ကျနော့်ငယ်ဘ၀မှာပဲ ခွဲခွာခဲ့ရပါတော့တယ်။

ဘ၀ကို ခေါင်းလောင်သံတွေနဲ့ ဝေလွင်လင်းပခဲ့ရင်း၊ နောက်… ဘ၀ထဲမှာရုန်းကန်လှော်ခတ်ရင်း၊ နောက်… သားရေးသမီးရေး ဟိုအရေးဒီအရေးတွေနဲ့ လူးလာဆန်ခတ် ပြေးလွှားရင်း … သံသရာစက်ဝန်း ၃၆၀ ဒီဂရီပြည့်ချိန်မှာ မြို့ကလေးဆီ ကျနော်ပြန်ရောက်ခဲ့ရပါပြီ။ နှင်းတွေနဲ့ ပြာလွင်ညို့ရီနေတဲ့ အုံ့အုံ့ပျပျ နေ့တစ်နေ့မှာပဲ မြိုကကလေးဆီ ကျနော်ပြန်ရောက်ခဲ့ပါပြီ။ မြို့ကလေးရဲ့ မြေနီနီကို ပထမဆုံးနင်းလိုက်တဲ့ ခြေလှမ်းမှာပဲ ကျနော့်သွေးထဲက အရင်ဆုံးသတိရမိတာ အရုပ်ဆိုင်လေးပါပဲ။

အရုပ်ဆိုင်လေးရှိသေးရဲ့လား၊ ဆိုင်ပိုင်ရှင်ရောရှိသေးရဲ့လား၊ ရောင်းရောကောင်းရဲ့လား၊ အရင်လိုပဲ လူကြီးတွေကိုပဲ ရောင်းတာလား၊ …. ကျနော်သိချင်နေတဲ့ မေးခွန်းတွေကို ဘယ်သူ့ကိုမှ မမေးဖြစ်ခဲ့ပါဘူး။ ဒီမေးခွန်းတွေအကုန်လုံး ဆိုင်ရှေ့တည့်တည့်ရောက်ချိန်မှာ အားလုံးရှင်းသွားပါပြီ။ ဟိုး … အရင်၊ လွန်ခဲ့သော နှစ်လေးဆယ်ကအတိုင်း အရုပ်ဆိုင်လေးရှေ့မှာ ရပ်တန့်ငေးမောနေတဲ့ ကျနော့်ကို ဆိုင်ထဲက အဖိုးအိုတစ်ယောက်က လက်ယပ်ဖိတ်ခေါ်နေပါပြီ။

“၀င်ခဲ့ပါကွ မင်းအခု ရပ်ပြီးငေးမောနေရမယ့်အရွယ်မဟုတ်တော့ပါဘူး။ မင်းကိုယ်တိုင် ၀ယ်သွားတဲ့ အရုပ်နဲ့ မင်းကိုယ်တိုင်ဆော့နိုင်ပါပြီကွ။”

အရုပ်ဆိုင်ရှင်အဖိုးအိုရဲ့စကား။ ဆိုင်လေးရော၊ ဆိုင်ပိုင်ရှင်ရော ပိုပြီးအိုမင်းရင့်ရော်သွားတာကလွဲလို့ ဘာမှမပြောင်းလဲခဲ့။

“ဟို … ဦးလေး ကျနော့်ကို မှတ်မိ …  ..”

 ဆိုင်ရှင်အဖိုးအိုက ကျနော့်အမေးကို မှိုင်းမှိုင်းရီရီပဲ ပြန်ဖြေပါတယ်။

“သိပ်မှတ်မိတာပေါ့ကွာ။ မင်းဘယ်သူလဲဆိုတာ ငါမသိပါဘူး။ ဒါပေမယ့် ငါ့ရဲ့ အရုပ်ဆိုင်လေးရှေ့မှာ လာငေးနေတဲ့ လူကြီးတစ်ယောက်ဟာ တစ်ချိန်က ငါဝင်ခွင့်မပြုလို့ ဒီဆိုင်လေးထဲ မရောက်ဖူးခဲ့တဲ့ ကလေးတစ်ယောက်ပဲဆိုတာ ငါသိပ်မှတ်မိတာပေါ့။ အင်း … တစ်ချိန်ချိန်မှာ သူတို့ ငါ့ဆီပြန်ရောက်ကြတာပဲလေ။ တစ်ချိန်ချိန်ပေါ့”

ဆိုင်လေးထဲကို ကျနော်ရောက်တော့ ဆိုင်ရှင်အဖိုးအိုက

“မင်းအခု အသက် ၅၀ ပြည့်ခဲ့ပြီ မှတ်တယ်။ ဟုတ်ပါပြီ။ ဆိုင်ထဲမှာရှိတဲ့ ဘယ်နေရာက ဘယ်အရုပ်ကိုမဆို စိတ်ကြိုက်ကြည့်နိုင်ပါပြီ။ ၀ယ်ချင်ရင်တော့ အရုပ်နှစ်မျိုးပဲ ရောင်းပါမယ်”

အရုပ်လေးများထားရာ မှန်ဘီရိုကို လှည့်ပတ်ငေးရီနေတဲ့ ကျနော့်နောက် တကောက်ကောက်လိုက်ရင်း ကျနော်သိလိုသမျှကို ဆိုင်ရှင်အဖိုးအိုက ပြောပြနေပါတယ်။

“ငါ့ဆိုင်ကို ရောက်လာတဲ့သူတိုင်းက ဒီမေးခွန်းတွေကို သိချင်ကြတာချည်းပဲကွ။ ဟုတ်ပါတယ်။ ငါကအမြဲတမ်း လူကြီးတွေဆော့ဖို့ပဲ ရောင်းပါတယ်။ အင်း … ရောင်းကောင်းပါတယ်လေ။ မြို့လေးမှာရှိတဲ့ လူကြီးတွေအားလုံး ငါ့ဆိုင်က အရုပ်နဲ့ ကစားဖူးကြတာပေါ့။ ”

ကျနော့်ကို ပြောပြနေတဲ့စကားတွေထက် ကျနော် ပိုသိချင်တာတစ်ခု ရှိနေတယ်ဆိုတာ အဖိုးအို မသိလေရော့သလား။

“ လူတန်းစားအစုံပါပဲကွာ။ အရာရှိကြီးတွေရော၊ စီးပွားရေးလောကမှာ အောင်မြင်နေသူ၊ ကျရှုံးနေသူတွေရော၊ လက်လုပ်လက်စားတွေရော စုံလို့ပေါ့။ အားလုံးငါ့ဆိုင်ထဲကို တစ်ခေါက်တော့ ရောက်လာဖူးကြတာချည်းပဲကွ။ သူတို့စိတ်ကြိုက် အရုပ်နှစ်ရုပ်တော့ ၀ယ်သွားကြတာချည်းပဲလေ။ မင်းလည်း အခု … ”

“ဟုတ်ကဲ့ … ကျနော်နဂါးရုပ်တစ်ရုပ် ယူမယ်ဦးလေး … ဒါနဲ့ ၀ယ်သွားတဲ့လူကြီးတွေက အဲဒီအရုပ်နဲ့ရော တကယ်ကစားကြရဲ့လားဗျ။ နောက်ပြီး … ဟိုဆိုင်ရှေ့မှာရေးထားတဲ့ လက်ဆင့်ကမ်းရင် ဥပဒေအရ အရေးယူမယ် ဆိုတာကရော …”

အဖိုးအိုက ကျနော့်ကို လင်းလင်းပွင့်ပွင့်ပဲ ပြန်ကြည့်ပါတယ်။ ပြီး .. ခိုင်မာယုံကြည်စွာ

“၀ယ်သွားတဲ့ လူကြီးတိုင်း ဒီအရုပ်တွေနဲ့ တကယ်ကစားကြတာပေါ့။ သိပ်သေချာတယ်မောင်ရင်။ သူတို့ ကစားကြပါတယ်။ အရုပ်လေးတွေက သူတို့ဘ၀မှာ ဘယ်တော့မှ မရနိုင်တော့မယ့်အရာတွေကို ကူညီဖြည့်စွမ်းပေးတယ်လေ။ ဒီလိုကွာ အငြိမ်းစားအရာရှိကြီးတစ်ယောက် ဆိုပါစို့ သူဟာ တစ်သက်တာပတ်လုံး ခေါင်းညိတ်၊ ခေါင်းညိတ်၊ ခေါင်းညိတ်နဲ့ နေလာလိုက်ရတာ အနားယူချိန်ထိပဲဆိုပါတော့။”
“ဒီတော့ …”

ကျနော်စကားတွန်းပေးလိုက်တော့ အဖိုးအိုက

“ဒီတော့ သူနဂါးရုပ်လေးတစ်ရုပ် ၀ယ်သွားတယ်ကွာ။ အဲဒီနဂါးလေးနဲ့ အားလပ်ချိန်တိုင်းကစားနေတော့တာပေါ့။ အမောက်ထောင်တမ်းလေ။ပြီးရင် နောက်တစ်ရုပ်နဲ့ …”
“ဟို … လက်ဆင့်ကမ်းရင် ..”
“အေးလေ သားသမီးမြေးမြစ်တွေကို လက်ဆင့်ကမ်းရင် ဥပဒေအရ အရေးယူတယ်လေ။ ငါ့ဥပဒေပေါ့။ သူ့ကို နောက်ထပ်ဘယ်တော့မှာ ဆိုင်ထဲပေးမ၀င်တော့ဘူး။ အရုပ်မရောင်းတော့ဘူး။”
“တခြားဆိုင်က သွားဝယ်မှာပေါ့”

ကျနော်ကပြောတော့ အဖိုးအိုက ကျနော့်ကို သေသေချာချာအပြုံးတစ်ခုနဲ့ ကြည်ကြည်ရှင်းရှင်းပဲ ပြုံးပြပါတယ်။

“သွားဝယ်ကြပေ့စေပေါ့မောင် … ဒါပေမယ့် သူတို့ဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ဘူး..”
“ဘာကြောင့် …   …”
“ဘာကြောင့်လည်းဆိုတော့ တခြားဆိုင်တွေမှာ လူကြီးတွေအတွက် ရည်ရွယ်ပြီးရောင်းတဲ့ အရုပ်မှ မရှိတာ။”

အဲဒီနေ့က …   ….
ကျနော်ပထမဆုံးရွေးချယ်ထားတဲ့ နဂါးရုပ်လေးအပြင် နောက်ထပ်ကျနော့်ရဲ့ ၀ယ်ပိုင်ခွင့်အတွက် ဖိုးဝရုပ်လေးတစ်ရုပ်ကိုပါ ထပ်ဝယ်ဖြစ်ခဲ့ပါတယ်။ အရုပ်လေးနှစ်ရုပ်ကို အသေအချာထုပ်ပိုးထားတဲ့ စက္ကူဗူးလေးကိုပိုက်ရင်း ကျနော့်အပြန်လမ်းတစ်လျှောက် အဖိုး၏တိုးဖွဖွစကားသံတို့မှာ ကျနော့်နားထဲ တရစ်ဝဲ၀ဲ ကျယ်ကျယ်လောင်လောင် .. … ..

“ဒီကိုရောက်လာတဲ့ လူကြီးတွေအားလုံး သူတို့ရဲ့ ဒုတိယမြောက်ရွေးချယ်ခွင့်အတွက် မောင်ရင့်လိုပဲ ဖိုးဝရုပ်ကလေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြတယ်။ အေးလေ … တကယ့်အပြုံးစစ်စစ်တစ်ခု၊ လှိုက်လှိုက်လှဲလှဲအပြုံးတစ်ခုကိုရဖို့ အရုပ်ကလေးဆီက သူတို့ ပြန်သင်ယူကြရမှာပေါ့။”



ကိုကြည်နိုင်
10. 9. 2011


5 comments:

  1. ထူးထူးခြားခြား အတွေးလေးနဲ့ရေးထားတဲ့ အရုပ်တုရဲ့အပြုံးစစ်လေးကို ဖတ်သွားတယ် ဇာတ်ဆရာရေ.....

    ZaunG

    ReplyDelete
  2. ကျနော်လဲ ဖိုးဝရုပ် သွားဝယ်ဦးမှ ထင်တယ်။ အဲဒီ အရုပ်ဆိုင်မှာလေ။ အပြုံးလေးတွေ သင်ယူချင်လို့။ ဒါပေမဲ့ အခုအချိန်မှာတော့ ငေးကြည့်ခွင့်ဘဲ ရမဲ့အရွယ်ဆိုတော့ ဆိုင်ထဲထိ ၀င်ခွင့်ရဖို့ကိုတော့ အတော်လေး စောင့်ရပေဦးမယ်။

    ခင်မင်လျှက်

    ReplyDelete
  3. ရေးထားတာ ထူးထူးခြားခြားလေးပါပဲ ဆြာကျောင်းရေ..။
    တစ်ချိန်ချိန်မှာ အဲလို ဖြစ်လာနိုင်ပါတယ်လေ..။

    ReplyDelete
  4. ကောင်းတယ်အကို ... ဒီဝတ္တုလေးဖတ်ပြီး ကိုယ်ကိုယ်တိုင် အသိရှိရှိနဲ့ပျော်ပျော်ရွှင်ရွှင် နောက်ကျောလုံလုံ ဘယ်နှစ်ခါများပြုံးခဲ့ဖူးသလဲလို့ ပြန်စဉ်းစားမိတယ် ..။
    နောက်လည်း ရေးအားကောင်းနိုင်ပါစေဗျာ ..။

    အမြဲသတိရလျှက် ...
    နိုင်မင်းဦး ..။

    ReplyDelete
  5. ဒီ အရုပ် ဝတ္ထုတိုလေးကို shweamyutay မှာတစ်ခါဖတ်ပြီးကတည်းက ကြိုက်တာပါ။ ဆရာ့ရဲ့ site မှာ ပြန်ဖတ်ရတော့လည်း ကြိုက်တာပါပဲ။ အတွေးဆန်းဆန်းနဲ့ ရေးထားတာ ဖတ်လို့ အရမ်း ကောင်းပါတယ်...

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။