Sunday, September 18, 2011

သူငယ်ချင်း (သို့) နှလုံးသွေးနဲ့ရေးတဲ့ ရင်ထက်အက္ခရာ



တစ်ယောက်ရဲ့ လိုအပ်ချက်ကို

တစ်ယောက်က ဖြည့်စွမ်းပေးခဲ့

တစ်ယောက်ရဲ့ ရင်ခုန်သံကို

တစ်ယောက်က ရင်ခုန်ပေးခဲ့

စီးနေတဲ့ နှလုံးသွေးတွေက

နရီစည်းချက် အတူတူ

ခြားနေတဲ့ မြေအားလုံးက

တစ်ဆက်တစ်စပ်တည်း ဖြစ်ဖြစ်သွား

သူ့ရုပ် ကိုယ့်သွင် မြင်ဖူးစရာမလို

သူ့ရင်ခုန်သံ ကိုယ်ကြားရတယ်

ကိုယ့်နှလုံးသား သူမြင်ရတယ်

သူငယ်ချင်း ... ...

အဲဒီဝေါဟာရက

နှုတ်ဖျားက အသံမဟုတ်ဘူး

စာရွက်ပေါ်က မင်စက်မဟုတ်ဘူး

နှလုံးသွေးနဲ့ရေးတဲ့ ရင်ထက်အက္ခရာ

ကမ္ဘာတည်သ၍

ဘယ်တော့မှ မပျောက်နိုင်

ဘယ်တော့မှ မပျက်နိုင်

ဘယ်တော့မှ အရောင်မမှိန်

ဘယ်တော့မှ မဟောင်း မနွမ်း။         ။


ကိုကြည်နိုင်
21. 3. 2010 နေ့ကပါ။ ကမ္ဘာ့ကဗျာဆရာများနေ့အမှတ်တရ အတွက် ကျနော့်ရဲ့ကျုံတိုင်းရွာဆိုဒ်မှာ နံရံကပ်စာစောင်လေးလုပ်မယ်လို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ပဲ 20. 3. 2010 ညမှာ သူငယ်ချင်းတွေဆီမှာ ကဗျာလိုက်တောင်းပါတယ်။ မနက်ဖြန်အတွက် နံရံကပ်စာစောင်မှာတင်ဖို့ အခုချက်ချင်းရေးပေးပါဆိုပြီတော့ ကသောင်းကနင်းကို လိုက်တောင်းဖြစ်ခဲ့တာပါ။ 
ဒီတော့ ကျနော့်ရဲ့ သူငယ်ချင်းများအားလုံးက သူတို့ရဲ့ လက်ရှိအလုပ်တွေကို ခဏပစ်ထားပြီး ကျနော့်အတွက် ကဗျာကို ညတွင်းချင်းပဲရေးပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ကျနော်ရဲ့ နံရံကပ်စာစောင်ဟာ သူငယ်ချင်းများရဲ့ ချစ်ခြင်းအားနဲ့ အချိန်အခါမီ ထမြောက်အောင်မြင်ခဲ့ရပါတယ်။ အခုကဗျာလေးက ကျနော့်သူငယ်ချင်းများကို တလေးတစား မှတ်တမ်းတင်တဲ့အနေနဲ့ အဲဒီနံရံကပ်စာစောင်မှာ ကျနော်ရေးဖြစ်ခဲ့တာလေးပါ။


0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။