Sunday, September 18, 2011

အပြာရောင်သစ္စာပန်းတစ်ခင်း၏ သမိုင်း


အစ


တစ်ခါတုန်းက ဒီကမ်းပါးပေါ်မှာ အဖြူရောင်အိမ်လေးတစ်လုံးရယ်၊ ပန်းချီဆရာရယ်၊ သူ့ချစ်သူကောင်မလေးရယ်  ပျော်စရာအကောင်းဆုံးနေ့တွေကို အတူတတကွ (တကယ့်ကို) ဖြတ်သန်းခဲ့ကြဖူးတယ်။

(၁)

လရောင်တွေပြာလဲ့ညို့ရီနေတဲ့ ညတွေမှာ အိမ်ဖြူဖြူလေးရှေ့ပန်းခင်းလေးထဲ ကင်းဗတ်စ်ပေါ် တစ်ခုခုရေးနေတဲ့ ပန်းချီဆရာလေးရယ်၊ လရိပ်လှုံနေတဲ့ သူ့ချစ်သူကောင်မလေးရယ်ကို မြို့လေးကလူတွေအဖို့ သက်ရှိပန်းချီကားတစ်ချပ်အဖြစ် မြင်နေကျ။ လရိပ်ဝတ်ရုံပြာပြာက ကမ်းပါးလေးပေါ် လွှမ်းခြုံထားချိန်တိုင်း ပန်းချီဆရာလေးက ပန်းချီရေး၊ ချစ်သူကောင်မလေးက ဆံယဉ်ညို့ညို့တွေကြဲဖြန့်ပြီး လရိပ်လှုံ၊ ..... ဒါဟာလရောင်အောက်က သူတို့ရဲ့ကမ္ဘာ။
           
 နှင်းတွေဆွတ်ဆွတ်ကျင်ကျင်ကျနေတတ်တဲ့ ဖေဖေါ်ရီတစ်နေ့နေ့မှာ ချစ်သူကောင်မလေးရဲ့ မွေးနေ့ပွဲကို အိမ်ဖြူဖြူလေးထဲမှာ ကျင်းပနေကျ၊ မွေးနေ့ကိတ်မလို ဧည့်ပရိတ်သတ်မလိုတဲ့ သူတို့နှစ်ဦးထဲသာရှိတဲ့ မွေးနေ့ပွဲလေး။
            
 နှင်းဝတ်ရုံပါးပါးခြုံထားတဲ့ လသာညလေးတစ်ညမှာ .....အိမ်လေးရဲ့တံခါးများအားလုံးဖွင့်ပြီး အိမ်လည်မှာ ဖယောင်းတိုင်ဝိုင်းကြီးထွန်းလို့ပေါ့။ ဖယောင်းတိုင်တွေရဲ့အလည်မှာမှ သူတို့နှစ်ယောက်တစ်ယောက်မျက်နှာ
တစ်ယောက်တစ်စိမ့်စိမ့်ကြည့်ရင်း အဲဒီညကို ငြိမ်ငြိမ်လေးဖြတ်ကျော်ကြ။ အဲဒါက ချစ်သူကောင်မလေးရဲ့ ပြီးပြည့်စုံတဲ့ မွေးနေ့ပွဲလေးပေါ့ ။

(၂)

အိမ်လေးရှေ့ ပန်းခင်းလေးရဲ့ညာဖက်က ရေဆင်းတံတားလေးကတော့ ချစ်သူအတွက် ပန်းချီဆရာလေးကိုယ်တိုင်ဆောက်ပေးခဲ့တာပါ။ ချစ်သူရဲ့လရိပ်လှုံရာ နောက်တစ်နေရာပေါ့ ။ လရောင်ဖွေးဖွေးက မြစ်ပြင်ကိုထိနမ်းပြီး... ဘော်ငွေရောင်ဖျပ်ဖျပ် လဲ့ရီနေချိန်တချို့မှာ ချစ်သူကောင်မလေးက ရေဆင်းတံတားလေးပေါ်က ခြေဆင်းထိုင်ရင်း လမင်းသမီးရဲ့အက ၊မြစ်ပြင်ကျယ်ရဲ့ဂီတကို မြတ်မြတ်နိုးနိုးခံစားတတ်လေတော့ ရေဆင်းတံတားလေးကလည်းပန်းချီဆရာလေးရဲ့ ဘ၀အစိတ်အပိုင်းတစ်ခု ဆိုပါတော့ ။

(၃)

အခုအချိန်မှာတော့ ပန်းချီဆရာလေးအတွက် တစ်ဘ၀စာ အရေးအကြီးဆုံးအလုပ်ကိုလုပ်နေပါပြီ။ သူ့ချစ်သူကောင်မလေးရဲ့ လရောင်ဆမ်းတဲ့အလှကို ပုံတူရေးနေပြီလေ။ လသာတဲ့ညတိုင်း ချစ်သူကောင်မလေးက ပန်းခင်းလေးထဲမှာ ငြိမ်ငြိမ်လေးထိုင်၊ ဆံနွယ်ရှည်တွေက ဝေ့ဝေ့လွင်လွင်။ ဒါကိုပန်းချီဆရာလေးက ကောက်ကြောင်းရေး...ဒီလိုနဲ့........ ချစ်သူကောင်မလေးရဲ့ ပုံတူကားက တဖြည်းဖြည်း ....     .....  တဖြည်းဖြည်းနဲ့ .........


အခုဆိုရင် ချစ်သူကောင်မလေးရဲ့ မျက်နှာပေါ်က စံပယ်တင်မှဲ့လေးတစ်လုံးရေးလိုက်ရင် အရာအားလုံးပြည့်စုံတဲ့ ပန်ချီကားတစ်ချပ် လက်စသပ်ပြီပေါ့။ အဲဒီ စံပါယ်တင်မှဲ့လေးတစ်လုံးကပဲ ပန်ချီဆရာလေးအတွက် တစ်ဘ၀စာ အမှတ်တရလက်ရာဖြစ်နေတာ့မှာ......။ သူ့ချစ်သူကောင်မလေးကို စတင်စွဲလမ်းမြတ်နိုးရတာ ဒီစံပါယ်တင်မှဲ့ကလေးက စခဲ့တာပေါ့.....။

စံပါယ်တင်မှဲ့ကလေးကို မျက်နှာမှာ တင်ကြည့်လိုက်၊ စိတ်တိုင်းမကျလိုက်၊ ပြန်ဖျက်လိုက်။ ဒီလိုနဲ့......စံပါယ်တင်မှဲ့လး ကို ကြိုးစားပမ်းစားရေးနေတုန်း
လသာတစ်ည......``ရေဆင်းတံတားလေးဖက် ဆင်းလိုက်ဦးမယ်၊ ခဏနေရင်ပြန်လာခဲ့မယ်နော်´´ ချစ်သူရဲ့စကား။
``OK.....ပြန်လာတာနဲ့ ဒီပန်ချီကားလေးလက်စသပ်ပြီးဖြစ်နေစေရမယ်......´ ´  ပန်းချီဆရာလေးရဲ့ကတိ။

  (၄) 

ဒါပေမယ့်.....အဲဒီလသာညကချစ်သူကောင်မလေး  ပြန်ရောက်မလာခဲ့ပါဘူး။ 
နောက်လသာတစ်ည.. 
နောက်...   ... 

         (၅) 

   
(၃)ရက်လောက်ကြာတဲ့အချိန်မှာ မြို့လေးကလူတွေပြောနေကြတာကို သူ(ပန်ချီဆရာလေး) သဲ့သဲ့ကြားမိပါတယ်။ စံပါယ်တင်မှဲ့လေးနဲ့ မိန်းကလေး အလောင်းတစ်လောင်း  မြစ်ခြေဖက်သောင်ခုံမှာတွေ့ကြောင်း၊  ဆံပင်အရှည်လေးနဲ့ဖြစ်ကြောင်းများပင်။
အဲဒါ သူ့ချစ်သူ လုံးဝမဖြစ်နိုင်ပါ။ သူ့ချစ်သူကောင်မလေးက သူ့ကို ``ခဏနေပြန်လာမယ်´´လို့ အသေအချာပြောသွားခဲ့တာ။ သူ့ချစ်သူက သူ့အပေါ် ဘယ်တော့မှမညာခဲ့။ တစ်နေ့နေ့မှာ မဖြစ်မနေ ပြန်လာလိမ့်မယ်။ ဒီအချိန်လေးအတွင်းမှာ သူ့ဖက်ကလည်း ပန်ချီကားလက်စသပ်ထားဖို့ လိုတာပေါ့။

                   (၆) 

တစ်ခါတုန်းက .... နတ်သမီးတစ်ပါးနဲ့ လုလင်ငယ်တစ်ဦးတို့ အရူးအမူးချစ်ခဲ့ကြဖူးသတဲ့.....။ ဒီလိုနဲ့ နတ်သမီးလေး လူ့ပြည်လူ့ရွာမှာနေဖို့ အခွင့်ကုန်လို့  မဖြစ်မနေပြန်ရတော့မယ့် အချိန်ကို ရောက်လာပါတော့တယ်။

မလွှဲသာတဲ့အဆုံး နတ်သမီးလေးက ချစ်သူလုလင်ငယ်ကို သေတ္တာတစ်လုံးပေးထားခဲ့ပြီး နာနာကျင်ကျင် ခွဲခွာရပါတော့တယ်။ အဲဒီသေတ္တာကို ဘယ်တော့မှမဖွင့်ဖို့အကြောင်း၊ ဖွင့်မိသွားရင် အကြီးအကျယ်နောင်တရမှာဖြစ်ကြောင်း တွေကိုတော့ အသေအချာမှာသွားပါတယ်.....။

ချစ်သူနတ်သမီးလေး တစ်နေ့ပြန်လာနိုးနဲ့ မျှော်လင့်နေရတဲ့ လုလင်ငယ်ဟာ အရာအားလုံးဆုံးရှုံးလိုက်ရပြီးမှတော့ ဘာမှလည်းထူးမနေတော့ပါဘူးလေ ဆိုတဲ့အတွေးနဲ့ သေတ္တာလေးကို
ဖွင့်ပါလေတော့သတဲ့။

ဖျပ်ကနဲဖွင့်လိုက်တယ်ဆိုရင်ပဲ  အခိုးအငွေ့တစ်ချို့လေထဲဝဲပျံ  ပျောက်ကွယ်သွားပါတော့တယ်။
သေတ္တာထဲမှာတော့ ဘာမှမရှိဘူးဆိုပဲ။ တကယ်တော့ လေထဲမှာဝဲပျံပျောက်ကွယ်သွားတဲ့  အငွေ့တွေဆိုတာဟာ``မျှော်လင့်ခြင်း´´လို့ခေါ်တဲ့ အရာတွေတဲ့။ မျှော်လင့်ခြင်းတွေထည့်တဲ့သေတ္တာပေါ့။ ပန်ဒိုရာသေတ္တာလို့ခေါ်ပါသတဲ့။ ခုတော့ လုလင်ငယ်မှာ မျှော်လင့်ခြင်းသော်မှ မရှိရှာတော့ဘူးပေါ့။

  အဆုံး

 မြို့လေးရဲ့ကမ်းနဖူးထိပ်မှာ လေတိုက်တိုင်းယိမ်းနွဲ့နေတတ်တဲ့ (အရင်တုန်းကမရှိခဲ့တဲ့)  အပြာရောင်သစ္စာပန်းခင်းကြီးတစ်ခင်းက ဒဏ္ဍာရီဆန်ဆန်လှလှပပ။

ပန်းချီဆရာအဖိုးအိုတစ်ယောက် ပန်းချီရေးနေရင်း လဲကျသေဆုံးသွားတဲ့အခါ သူ့နှလုံးသားက မြေကြီးမှာအမြစ်တွယ်ပြီး အပြာရောင်သစ္စာပန်းခင်းကြီး ဖြစ်သွားနိုင်ပါသလား။ ဒါမှမဟုတ် ပန်ချီဆရာအဖိုးအိုရဲ့ ဘယ်တော့မှမဖွင့်ခဲ့တဲ့ ပန်ဒိုရာသေတ္တာက အပြာရောင်သစ္စာပန်းခင်းအဖြစ် အသွင်ပြောင်းသွားနိုင်ပါသလား။

ကိုကြည်နိုင်
 
၂၂. ၃. ၂၀၁၀

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။