Sunday, September 25, 2011

အနှိုင်းမဲ့ မေတ္တာတော်ဘွဲ့

 
 
(၁)

“ဆရာ..၀ယ်ထားလိုက်ဦးမလား ”
အခမဲ့ဆေးခန်းလေးမှာ အကူအညီလာပေးနေတဲ့ ရွာသားလူငယ်လေးရဲ့အသံ.. ဒါဆိုရင်.. ဈေးလည်ရောင်းနေတဲ့ အဖွားအို ဆေးခန်းရှေ့မှာ ရောက်နေပြီပေါ့...
 
“အေး..အေး..၂၀၀ ဖိုးလောက်ဝယ်ထားလိုက်ပါကွာ ”
 
ဆရာဝန်လေးက ရွာသားလေးဆီ လှမ်းအော်လိုက်ပြီး တစ်နေ့တာ လူနာမှတ်တမ်းတွေကို ပြန်ကြည့်နေလိုက်တယ်။ ဆရာဝန်လေးအဖို့ တော့  ဒါဟာ နေ့စဉ် ဓလေ့တစ်ခုလိုဖြစ်နေတာတောင် ရက်ပေါင်းမှ မနည်းတော့ပဲ..။

ဈေးဗန်းလေး ခေါင်းပေါ်ရွက်ပြီး အဖွားအိုရောက်လာပြီဆိုရင် သူကလည်း ၂၀၀ဖိုးလောက် ၀ယ်ထားနေကျ....။ အဖွားအိုက သူ့ဗန်းထဲမှာပါလာတဲ့ ပိန်းရွက်တွေ၊ ဗာဒံရွက်တွေ၊ လမ်းဘေးက အလေ့ကျတောပန်းပွင့်လေးတွေ တစ်ဆုပ်ကြီး ထားခဲ့နေကျ...။

(၂)

“သူ့နာမည်က ဒေါ်မြရင်တဲ့ ဆရာရဲ့...တစ်ရွာလုံးကတော့ အရီးမြပဲခေါ်ကြတာ.... အရင်ကတော့ စကားလည်းပြောတတ်သေးတယ်..၊စိတ်လည်းမှန်ပါတယ် သားအရက်သမားနဲ့ အမေတစ်ခု သားတစ်ခုပေါ့.. သိပ်ဒုက္ခပေးတဲ့သားပေါ့..အင်း ....မုန်တိုင်းထဲမှာ သူ့သားပါသွားပြီးကတည်းက အခုလို စကားလည်း မပြောနိုင်၊ စိတ်လည်းမနှံ့တဲ့အဖြစ်ကို ရောကသွားခဲ့တာပေါ့...”
 ရွာသား လူငယ်လေးပြောပြတဲ့ အရီးမြရဲ့ ဘ၀နောက်ကြောင်းပြန်.......
 “အင်း...အရီးမြလည်း အခုမှ ကံကောင်းတော့တာ  ”  
သူ့ရဲ့နောက်ဆက်တွဲစကားကိုတော့ ဆရာဝန်လေး ဟိုတုန်းကနားမလည်ခဲ့...။

(၃)

“မွေး...........မွေးမေကျေးဇူး...အေ့....ဆပ်ဘူးချင်တယ်လေ. xxxx   xxx သားချစ်တဲ့.. မွေးမေမေ...သား...ချစ်တဲ့....အေ့....မွေးမေမေ xxxxx     xxxxx”

ဒါက ..နေညိုချိန်မှာကြားနေကျ ရွာလယ် ကာရာအိုကေရုံကအသံ။ သွားပြီးပြေးကြည့်စရာတောင် မလိုဘူး..အဲဒါ အရီးမြရဲ့သား အလိမ္မာတုံးကြီးလေ။ ဒီအချိန်ဆို သူ့အဖို့ မဟာပထ၀ီမြေကြီးက ဇီးစေ့လောက်ပဲ မြင်ရတော့တဲ့ကိန်း..။

ပြီးရင်..သိုင်းလောကသားခြေလှမ်းတွေနဲ့ အိမ်ပြန်မယ်။ သူ ကျေးဇူးဆပ်ချင်လှချည်ရဲ့ ဆိုတဲ့ အမေ ရွာထဲလည်ရောင်းတဲ့အထဲက သူ့အတွက် သီးသန့်ချန်လာတဲ့အကြော်နဲ့ အိမ်မှာလစ်မစ် ထပ်တင်မယ်။ မူးရင်မှောက်ပြီး အိပ်ပျော်သွားမယ်..။ စောင်ခြုံဖို့၊ ခြင်ထောင်ထောင်ဖို့ ပူစရာမလို။ အဲဒါ သူ့အမေကိစ္စ၊ သူ့ကိစ္စမဟုတ် ။

မနက်ဖက်ဆွမ်းခံထွက်တဲ့ ဘုန်းကြီးကျောင်းသားလေးရဲ့ ကြေးစည်သံကြားရင် သူနိုးလာမယ်။ ဈေးရောင်းမထွက်ခင် သူ့အမေ အခန်းထရံမှာညှပ်သွားတဲ့ ပိုက်ဆံလေးကိုယူပြီး CS2A မှာ မျက်နှာသွားသစ်မယ် ။အဲဒါ..သူ့ရဲ့ မနက်ပိုင်း တိုင်တေဘယ်ပဲ ။

CS2A မှာသွေးပူလေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အိမ်ပြန်လာ...အမေချက်ထားတဲ့ထမင်းနဲ့ ကြုံရာဟင်းကို ဖြစ်သလိုစား၊...ပြီးရင်   နေညိုချိန် လေမပြိုခင် အားမွေးတဲ့အနေနဲ့ တစ်ရေးလောက်တော့ ရအောင်အိပ်တော့တာပဲ...။  အရီးမြအဖို့ သားအပေါ် အချစ်ပိုပြီးသနားရတာ အဲဒါတွေပါတာပေါ့..။ သူ့ခမျာ ရှိတာလေးနဲ့ မညည်းမငြူစားရှာတာ..။ကောင်းတယ် ဆိုးတယ် တစ်ခါမှ မပြောဘူး။ အရက်ဖိုးပေးတာနည်းရင်သာ နည်းနည်း ဂျီကျချင်တာ..။

ပြီးလို့...ညနေစောင်းနိုးလာရင်တော့ စိတ်ပါ လက်ပါရှိရင် ရေလေးဘာလေးချိုး၊ ထုံးစံအတိုင်း အမေ့ဆီ လက်ဖ၀ါးဖြန့်ပြီး ဘုံဆိုင်လစ်တော့တာပဲ ။ဘုံဆိုင်မှာအတော်လေးကြာလို့ နင်းထားတဲ့မြေကြီး စောင်းစောင်းလာပြီဆိုရင် အနုပညာဗီဇက ကြွာကြွလာပြီး ကာရာအိုကေရှိရာပြေး...၊ အဲဒါက ညနေပိုင်းတိုင်တေဘယ် ။

အရီးမြကတော့ မိုးလင်းတာနဲ့ ခေါင်းခုပုဆိုးစုတ်လေးဆွဲ၊ လင်ဗန်းတစ်ချပ်နဲ့ ရွာထိပ်အကြော်တဲက အကြော်ကို ဖောက်သည်သွားယူ၊ ရွာထဲလည်ရောင်း၊ အကြော်ကုန်ရင် အိမ်ကို သုတ်သုတ်လေးပြန်ပြေး၊ သားအမိနှစ်ယောက်စားဖို့ထမင်းချက်၊ ဟင်းကတော့ ကြုံရာပေါ့...။

ပြီးရင် ညနေပိုင်းဈေးရောင်းမထွက်ခင် နေကလည်တစ်မှေးလောက်အိပ် ၊ အဲ....သူ့သားအလိမ္မာလေးက မူးပြီးရွာထဲစုံရမ်းမနေဘူးဆိုရင်ပေါ့လေ။ ရွာထဲမှာ မွှေ့ပတ်ရမ်းကားနေပြီဆိုရင်တော့ အရီးမြရဲ့ အဲဒီနေ့ဇယားမှာ နေ့ခင်းအိပ်ချိန်ကို ပလပ်လိုက်ရပြီး၊ ရမ်းကားနေတဲ့သတင်း ကြားကြားချင်းလိုက်သွား၊ပြန်ချော့ခေါ်လာ၊ ပြီး...အိမ်မှာ သိပ်ထားလိုက်ရုံပဲ။ မဟုတ်လို့ ရုံရောက် ဂတ်ရောက်ဖြစ်ရင် အရီးမြပဲ ရင်ကျိုးရမှာလေ ။

တစ်ခါတုန်းကများဆိုရင်.... ရွာလူကြီးအိမ်နား သွားရမ်းလို့ ဟိုက  သူ့ခေါ်ပြီး ခြောက်ပေါက်ချထားလိုက်ပါရောလား..။ လူကြီးအိမ်အောက်က ခြောက်ပေါက်ထဲမှာ ခြေထောက်တန်းလန်းနဲ့ သားရဲ့မျက်နှာငယ်လေးကိုမြင်လိုက်ရတယ်ဆိုရင်ပဲ အရီးမြဆိုတာလေ ရင်ထဲမချိလိုက်တာလေ။ လူကြီးကိုရှိခိုးဦးတင်တောင်းပန်၊လူကြီးက အရီးမြကို သနားလို့ ခံဝန်တွေ ဘာတွေလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်မှပဲ အမယ်ကြီးခမျာ အအိပ်အစား ဖြောင့်ရှာတော့တယ် ။

အရီးမြမကြာခဏစဉ်းစားမိပါတယ်။ သားလေးဖက်ကပြန်ကြည့်တော့လည်း သူ့ခမျာ သနားစရာရယ် ..။ ငယ်ကတည်းက အဖေကဆုံးပါးသွားတော့...အားငယ်ရှာမှာပေါ့...။ ဖတဆိုးဆိုတော့ အားကိုးရှာတယ်ထင်ပါ့။ အရက်နဲ့တွေ့မှ အားကိုးရာအမှန်ကို တွေ့တော့တာကိုး။ အမေကိုဒုက္ခပေးတယ်လို့ အရပ်ကပြောကြပေမယ့် အမေကဒါကိုဒုက္ခလို့မှ မမှတ်တာ....။ သားကအမေ့ကိုချစ်လို့ဆိုးတဲ့ဟာ..ကိုယ့်သားအမိကိစ္စ အရပ်ကဘာပြောပြော ခေါင်းထဲသိပ်မထားပါဘူး  ။ သားကအမေကိုချစ်တယ်၊ အမေကသားကိုချစ်တယ် တော်ပြီပေါ့..။ ကျန်တဲ့ကိစ္စကတော့ ဘ၀ပေးကုသိုလ်ပဲပေါ့..။

“အဲဒီလိုနဲ့နေလာလိုက်တဲ့သားအမိ ဒီနာဂစ်မုန်တိုင်းနဲ့တွေ့မှ အဖွားကြီးဝဋ်ကျွတ်တော့တာ ဆရာရေ့....။သူ့သားအလိမ္မာတုံးကို ရေလှိုင်းကအပြီးခေါ်သွားပြီလေ..။ အဖွားကြီးလည်း မုန်တိုင်းထဲမှာ အလူးအလဲခံခဲ့ရတဲ့ဒဏ်ရယ်.. သားဆုံးသွားလို့ စိတ်ထိခိုက်တာရယ် ပေါင်းပြီးဒီအဖြစ်မျိုး ရောက်သွားရရှာတာ..။ ”

(၄)

နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်အရ ကျေးရွာလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းဖွင့်ဖို့ ဒီရွာကလေးမှာ စတင်တာဝန်ကျချိန်ကတည်းက ဒီအဖွားအိုကို ဆရာဝန်လေးသတိထားမိခဲ့တာ..။ မနက်ဆို  သူ့ဗန်းထဲမှာပါတဲ့ ပိန်းရွက်တွေ၊ ဗာဒံရွက်တွေ၊ တောရိုင်းပန်းလေးတွေ၊ကျောက်စရစ်ခဲတွေကို  ရွာရိုးကိုးပေါက် တစ်အိမ်တက်ဆင်းလည်ရောင်း၊ ရွာထဲကလည်း သနားကြလို့ သူရောက်လာပြီဆိုတာနဲ့ သူ့ဗန်းထဲမှာပါတဲ့ တစ်ခုခုကို ယူထားလိုက်ပြီး ငါးဆယ်မျိုး တစ်ရာမျိုး ပေးလိုက်ကြတာပဲ..။ ဘာမှမယူပဲနဲ့ ပိုက်ဆံပေးရင်လည်း လက်မခံဘူး..။

 ပြီးရင်ဆေးခန်းရှေ့ရောက်လာ..၊သူ့ဗန်းလေးကိုခဏချ ၊အမောဖြေရင်း ခေါင်းခုတဘက်လေးနဲ့ ချွေးသုတ်နေတဲ့အဖွားအိုရဲ့ ဖျတ်လတ်သွက်လက်နေတဲ့ အသွင်ကို တွေ့နေကျ..။နောက်...ဆရာဝန်လေးက သူ့ဗန်းထဲက တစ်ခုခုကို ၂၀၀နဲ့ ဈေးဖြတ်ပြီးဝယ်ထား..၊ အဖွားအိုကပြန်ထွက်သွား.. အဲဒီလိုနဲ့ရက်ပေါင်းမနည်းတော့။

ညနေတိုင်ရင်တော့ အဖွားအိုကို ရွာတံတားထိပ်မှာ ငြိမ်ငြိမ်လေးထိုင်နေတာတွေ့ရပြီင်္..။ မနက်ကတွေ့ခဲ့ တဲ့ပုံစံနဲ့ ဆန့်ကျင်ဖက်ပဲ... ညှိုးလျော်နွမ်းလျနေတဲ့အသွင်နဲ့ သူဈေးရောင်းရသမျှ ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရေပြင်ထဲကပြန်ထွက်လာမယ့် တစ်စုံတစ်ယောက်ကိုမျှော်နေလေ့ရှိတယ် ။ မိုးချုပ်စပြုလို့ အမှောင်ဝင်လာမှ လေးလံတဲ့ခြေလှမ်း၊ ရီဝေညှိုးလျော်တဲ့မျက်ဝန်းတွေနဲ့ ရွာဖက်ကို မလှည့်ချင်လှည့်ချင် ပြန်လှည့်သွားရှာတော့တာ...။

ဆရာဝန်လေးအဖို့ အရီးမြရဲ့ ခံစားချက်တွေ၊ သားအပေါ်ထားတဲ့ မေတ္တာတွေကို ရင်နဲ့မဆန့်အောင် အလုံးစုံနားလည်သွားခဲ့ပါပြီ...။

အဲဒီလိုနဲ့....    ... 
.....
.......
.......     .....    .......

နိဂုံး


“အမေ.....”

အရီးမြထိုင်နေရာ ရွာတံတားထိပ်နားကို ရောက်လာတဲ့ ဆရာဝန်လေးက အရီးမြဘေးနားဝင်ထိုင်ရင်း ခေါ်လိုက်တဲ့အသံအဆုံး တဖြည်းဖြည်းချင်းလှည့်လာတဲ့ အရီးမြရဲ့မျက်ဝန်းမှာ မျက်ရည်စက်တွေနဲ့ပါလား..။ အဲဒီမျက်ဝန်းတွေက ဆရာဝန်လေးမျက်နှာကို မြင်လိုက်ရတယ်ဆိုရင်ပဲ ပျောက်ဆုံးနေတဲ့ တစ်စုံတရာကို ရုတ်တရက်ပြန်ရလိုက်သလို “ဖျပ်”ကနဲကြည်လင်ဝင်းပသွားတာကိုတွေ့လိုက်ရတယ်..။ ဆရာဝန်လေးရဲ့ မျက်နှာကို တယုတယ ပွတ်သပ်ကိုင်တွယ်နေတဲ့ အရီးမြရဲ့လက်အစုံကတော့ မီးခဲတမျှ ပူပြင်းတုန်ခိုက်လျှက်...။
အို...အရီးမြ အတော်ဖျားနေတာပါလား...။ ဆရာဝန်လေးက အရီးမြရဲ့လက်တွေက ပြန်လည်ဆုပ်ကိုင်ထားချိန်မှာတော့ ပြုံးယောင်ယောင်အရီးမြရဲ့ နှုတ်ခမ်းတို့က တလှုပ်လှုပ်...။

နောက်.......     .........
 
“...သ....သား......လူလေးကို....အမေမျှော်နေ...တာ....ရော့.....သား....အတွက်.... ......”

မုန်တိုင်းပြီးချိန်ကစလို့ ပထမဆုံးနဲ့ နောက်ဆုံးထွက်လာခဲ့တဲ့ အရီးမြရဲ့ အသံ...။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ပိုက်ဆံအနွမ်းတွေကို ဆရာဝန်လေးလက်ထဲထည့်ပေးခဲ့ရင်း အရီးမြတစ်ယောက် ....   .....။

ဆရာဝန်လေးရဲ့ လက်ထဲမှာတော့ အရီးမြရဲ့သက်မဲ့ခန္ဓာ ပါးလှပ်လှပ်ကလေးကား  ချွေးအလိမ်းလိမ်း.....၊ဖုန်အလိမ်းလိမ်းဖြင့်....။ သို့သော်.......သန့်ရှင်းစင်ကြယ်လျှက်..။

လောကဓံ အထုအထောင်းကို တစ်သက်လုံးခံခဲ့ရတဲ့ အရီးမြရဲ့ သက်မဲ့မျက်နှာညိုညိုလေးကား မျက်ရည်အလိမ်းလိမ်း....အရေးအကြောင်းအထပ်ထပ်ဖြင့်...။ သို့သော်.........၀င်းပကြည်စင်လျှက်...။  ။
 
___________________________ 

M:: M:: G ရဲ့ နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြခံခဲ့ရတဲ့ ကျနော့်ဝတ္ထုလေးပါ။

ကိုကြည်နိုင်



1 comment:

  1. အစ်ကိုရေး အစ်ကိုရေးထားတာကိုကြိုက်လို့ ကျွန်တော်ရှယ်သွားပါတယ်

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။