၅၁
ဖွားတော်မူနေ့ဝယ်
သမင်ငယ်လေး မွေးပါတယ်
(အလွန် အံ့သြဖွယ်)။ ။
ဗသျှိုး
မြတ်စွာဘုရား ဖွားတော်မူသည့်နေ့တွင် သမင်ကလေးမွေးသည်ဆိုသော ကဗျာ၏ အနက်တွင် သာမန်ကြည့်လျှင် သာမန်လူတို့အဖို့ အကြောင်းထူးကိုမမြင်နိုင်။ သို့သော်လည်း သားတို့ကိုဘေးမဲ့ပေးရာ မိဂဒါဝုန်တော မြတ်စွာဘုရးသခင်၏ ဓမ္မစကြာ တရားပွဲမှအစ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွင်ပါရှိသည့် သမင်များအကြောင်းကို ကြားဖူးနာဖူး ဖတ်ဖူးရွတ်ဖူးသူတို့အတွက်မှာကား သမင်ဆိုလျှင် အလိုလို ကြည်နူးလာပါသည်။ ထိုမျှမကသေး ဗုဒ္ဓ၀င်နှင့် တွဲပေးလိုက်သောအခါတွင်ကား သမင်၏ ချစ်ဖွယ်၊ ကြင်ဖွယ်၊ ကြင်နာဖွယ် အဖြစ်သည် များစွာတိုးတက် မြင့်မားလာပါတော့သည်။ ဂျပန်တို့ကား နာရာမြို့ ၀တ်ကျောင်းပရ၀ုဏ်ကြီးတစသ်ခုကို သမင်ဥယဉ်လုပ်ကာ သာသာယာယာ ထားပါသည်။ သမင်များသည် ဘုရားဖူးဧည့်သည်များနှင့်ရော၍ ဥယဉ်ထဲတွင် လှည့်ပတ်သွားလာနေကြပါသည်။
ဂျပန်ပြည်တွင် ဘုရားဖွားတော်မူနေ့မှာ ချယ်ရီပန်းပွင့်သော နွေရာသီ ဧပြီလ ရှစ်ရက်နေ့ ဖြစ်ပါသည်။ လက်ညှိုး တစ်ချောင်းထောင်ထားသည့် ဖွားတော်မူစ အလောင်းတော်၏ပုံကို လူတို့က လက်ဖက်ရည်အချို သွန်းလောင်းပူဇော်ကြပါသည်။ ပန်းမျိုးစုံကပ်ကြပါသည်။ ၀တ်ပြုဆုတောင်းကြပါသည်။
_____________________________________
၅၂
တစ်အိမ်လုံးပါပဲ
ဆံဖြူဖွေးနှင့် တောင်ဝှေးစွဲ
သင်္ချိုင်း ပူဇော်ပွဲ။ ။
ဗသျှိုး
ဇူလိုင်လ ၁၃ ရက်မှ ၁၆ ရက်ထိ လေးရက်သည် အိုဗွန်းပွဲတော်ရက် ဖြစ်ပါသည်။ ပထမနှစ်ရက်တွင် ဂျပန်လူမျိုးတို့သည် ဘိုးဘွားတို့၏ သင်္ချိုင်းသို့သွားကာ ရှိခိုးကြသည်။ တစ်ခါသော် ဗသျှိုးသည် ထိုပွဲတော်ရက်အတွင်း မိမိ၏ ဇာတိရပ်ရွာသို့ရောက်သည်။ ထိုအခိုက် အထက်ပါ ဟိုက္ကူကဗျာကို ရေးပါသည်။
သူ၏ ရပ်သူရွာသား သက်ကြီးရွယ်အိုများသည် ဆံပင်ဖြူဖြူနှင့် တောင်ဝှေးထောက်ကာ သင်္ချိုင်းကြို သင်္ချိုင်းကြားတွင် လှည့်လည်၍ ပန်းတင်ကြ၊ မီးထွန်းကြ၊ ရှိခိုးကြသည်ကို မြင်ရသော ဗသျှိုး၏စိတ်တွင် တစ်နေ့သောအခါ၌ ထိုသူများသည်လည်း သွားလေသူတို့၏ နောက်သို့ လိုက်ရမှာပါတကားဟု သံဝေဂယူ၍ ရေးလိုက်သည်ဟု ပညာရှင်များ အဓိပ္ပါယ်ကောက်ကြပါသည်။ ထိုရက်အတွင်းတွင် ဗသျှိုးကိုယ်တိုင်ပင် မိဘဘိုးဘွားတို့၏ သင်္ချိုင်းကိုသွားကာ ရှိခိုးကန်တော့သည် ဖြစ်ပါသည်။
____________________________________
၅၃
နေလမ်းကြောင်းရှိရာ
ပန်းချဉ်ပေါင်ပွင့် ယိမ်းနွဲ့ပါ
ကဆုန်မိုးထဲမှာ။ ။
ဗသျှိုး
မြန်မာပြည်အထက်ပိုင်းတွင် လမ်းဘေး၌ တွေ့ရသော အပင်တစ်မျိုးမှာ နေလှည့်ပင် ဖြစ်ပါသည်။ နေရှိရာသို့ လှည့်နေသည်ဟု ဆိုပါသည်။ ပန်းချဉ်ပေါင်ပွင့်သည်လည်း နေရှိရာသို့ လှည့်လည်သည်ဟု သိရပါသည်။ မိုးရိပ် မိုးသားတို့အကြားတွင် ကွယ်ဝှက်နေသော နေကိုပင် ငဲ့၍ ပန်းချဉ်ပေါင်ပင် ယိမ်းနွဲ့သည်ဟု ဗသျှိုးဆိုပါသည်။ ကံကြမ္မာကိုရည်ရွယ်၍ ဆိုလေသလား။ ကံကြမ္မာကို လူများ မမြင်နိုင်ကြ။ သို့သော်လည်း ပြုဖူးသော ကံကြမ္မာရှိရာသို့ လူတို့ ယိမ်းနွဲ့ရသည် မဟုတ်ပါလား။
___________________________________
၅၄
နွေမြက် နွေပင်များ
သူရဲသူခက် အိပ်မက်သွား
ကျန်သမျှတကား။ ။
ဗသျှိုး
တစ်နေ့သော် ဗသျှိုးသည် ရာဇ၀င်တွင် ထင်ရှားခဲ့သည့် ရဲတိုက်ကုန်းကြီးတစ်ခုကို တက်သွာသည်။ ရှေးအခါက ဤနေရာတွင် မင်းစိုးရာဇာ မှူးသား မတ်သား စစ်သည်တော်များသည် တ၀င်းဝင်းတလက်လက်နှင့် မင်းမူခဲ့ကြသည်။ စစ်သဘင် ခင်းကျင်းခဲ့ကြသည်။ ရန်သူကို ခြေမှုန်းခဲ့ကြသည်။ ရန်သူ၏ ခြေမှုန်းခြင်းကို ခံခဲ့ကြရသည်။ စစ်စည်စစ်မောင်း စစ်ခရာသံတို့ဖြင့် ခမ်းနားကြီးကျယ်သော ထိုရဲတိုက်ကြီး ယခုမရှိတော့ပြီ။ သူရဲ သူခက်တို့လည်း ကွယ်လွန်ခဲ့ကြပြီ။ သူတို့နေရာတွင် နွေမြက် နွေပင်များသာလျှင် ခြောက်သွေ့နေသည်။ ဗသျှိုး မျက်ရည်မဆည်နိုင်။ သူရဲသူခက် မင်းကြီးစိုးကြီးတို့ မြင်မက်သွားကြသော အိပ်မက်တို့၏ နိဂုံးမှာ ဤနွေမြက်နွေပင်များသာတကား။
_______________________________________
၅၅
ဆိတ်ငြိမ်ပါဘိခြင်း
ကျောက်ဆိုင် ကျောက်ခဲ ထိုးဖေါက်ချင်း
အော်သံ ပိုးနတ်ညှင်း။ ။
ဗသျှိုး
နွေရာသီ၊ နေပူပူ၊ ၀တ်ကျောင်းတော်ကြီးတစ်ခု၏ ပရိဝုဏ်အတွင်း အလွန်တိတ်ဆိတ်သည်။ ထိုအခိုက် သစ်တစ်ပင်မှ ပုစဉ်းရင်ကွဲ( နတ်ညှင်းကောင် ) တစ်ကောင်၏ စီရီစီရီဆိုသော တုန်ခါသံ ထွက်ပေါ်လာသည်။ တိတ်ဆိတ်မှုကို ဖျက်စီးသောအသံလား။ တိတ်ဆိတ်မှုကို အားပေးသောအသံလား။ ဤတုန်ခါမှု မရှိက တိတ်ဆိတ်မှုဂုဏ် ထင်ပေါ်နိုင်ပါမည်လား။ ဇဉ်းတီတီဗျယ်(=ပုစဉ်း တီတီမြည်) ဆိုသော ထားဝယ်စကားသည် တိတ်ဆိတ်ငြိမ်သက်မှုကို ပြသည်။ ဗသျှိုးနှင့် သဘောတူပေသည်။ ပုစဉ်းရင်ကွဲ၏ အသံသည် ကျောက်ဆိုင် ကျောက်ခဲကို လွန်ပူနှင့် လွန်နေသော အသံကဲ့သို့ ရှိသည်။ ကျောက်ဆိုင် ကျောက်ခဲထဲသို့ ချင်းဖောက် ထိုးဝင်သွားသည်ဟု ထင်ရသည်။
_________________________________________
၅၆
အိုင်အိုကြီးပါလား
အလိုရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား။ ။
ဗသျှိုး
ဂျပန်မူရင်းမှာ အလွန်ရိုးပါသည်။ အိုသောရေအိုင်၊ ဖားခုန်ဆင်း၊ ရေသံ။ ဤမျှသာ ဖြစ်ပါသည်။ ဤဟိုက္ကူသည် ဂျပန်စာပေလောကတွင် လူသိအများဆုံးကဗျာ ဖြစ်သည်ဟု ဆိုပါသည်။ နက်နဲသော အဓိပ္ပွါယ်တို့နှင့် ပြည့်သည်ဟုလည်း ဆိုပါသည်။ သို့သော်လည်း တချို့သော ပညာရှင်တို့ကမူ ဤဟိုက္ကူနှင့် ပတ်သက်၍ အတွေးမခေါင်ကြပါနှင့်။ စာဆိုကြီး ဗသျှိုးသည် သူ့အထက်က ကဗျာဝါဒများနှင့်အညီ ဟိုက္ကူကို အလင်္ကာဆင်၍ ရေးစပ်ခဲ့ရာမှ ရုတ်တရက် ဥာဏ်အလင်းရကာ ဤ အိုင်အိုကြီးကဗျာကို အဖွဲ့အနွဲ့မပါ၊ စကားရိုးရိုးနှင့် တဲ့တိုးရေးလိုက်ခြင်းမျှသာ ဖြစ်ပါသည်ဟု ဆိုကြပါသည်။ အတွေ့ကို အတွေ့အတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း ရေးလိုက်ခြင်းမျှ ဖြစ်ပါသည်ဟု ဆိုကြပါသည်။ သို့သော်လည်း ဤဟိုက္ကူသည် ကဗျာဝါဒသစ် (=ဗသျှိုးဝါဒ) ၏ သံအုတ်မြစ် ဖြစ်သွားပါသည်။
လောက သဘာဝကို တစ်နေ့မပြတ် ဆင်ခြင်သုံးသပ်နေသော ဥာဏ်ကြီးရှင် ဗသျှိုးသည် ဤကဗျာကို ဖွဲ့ရာ၌ လောကသဘာဝနှင့် ပတ်သက်သည့် မိမိ၏ အတွေ့အကြုံ ခံစားချက်များကို လွယ်လွယ်ရှင်းရှင်းနှင့် လိုရင်းရောက်အောင် မထည့်ပဲနေမည်မဟုတ်ပါဟု တွေးစရာရှိပါသည်။ ဤသို့တွေး၍ ဤကဗျာကို အကြိမ်ကြိမ် ဖတ်ကြည့်ကြပါ။ ကဗျာထဲက ဆန်းကြာ်ထွေပြား ခက်ခဲနက်နဲသော အဓိပ္ပါယ်တို့သည် ကိုယ်ရောင် ထင်ပြလာကြပါလိမ့်မည်။
အိုသောရေအိုင်တစ်ခုကို စိတ်တွင် စဉ်းစားကြည့်ပါ။ ကြာဖြူ၊ ကြာညို၊ ကြာနီပင် ကတောက်ပင်၊ ရေညှိပင်၊ အဟောင်းအသစ်၊ အညှိုး အလန်းတို့ဖြင့် ရှုပ်ထွေးအိုမင်းနေသော ထိုရေအိုင်အတွင်းရှိ ကြဖက်ပေါ်မှ ဖားတစ်ကောင် ခုန်ဆင်းသွားသည်။ ခုန်ဆင်းသံကို ကြားလိုက်ရသည်။
ဖားခုန်ဆင်းသံကို ကြားရအောင် အလွန် ဆိတ်ငြိမ်ရပေမည်။ အလွန်ဆိတ်ငြိမ်ရအောင် လူသူလေးပါးနှင့် ဝေးကွာရပေမည်။ လူသူလေးပါးနှင့် ဝေးကွာရအောင် တောနက်ထဲတွင် ဖြစ်ရပေမည်။ တောနက်ထဲတွင် ရောက်နေရအောင် ထိုပုဂ္ဂိုလ်သည် တိတ်ဆိတ်မှုကို ကြိုက်သောသူ ဖြစ်ရပေမည်။
ထိုပုဂ္ဂိုလ်သည် တိတ်ဆိတ်ခြင်း ရေယဉ်ကြောတွင် မြောနေခိုက် ဖားခုန်သံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသောအခါ လန့်နိုးသွားလေသည်။ လောက၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကိုလည်း ဤသို့သော ဖားခုန်သံများက ဖောက်ထွင့် ဖျက်စီးတတ်ပါကလားဟု သူ တွေးမိပေလိမ့်မည်။ ဤမျှကား ကျနော် တစ်ထိုင်တည်းလျှောက်၍ တွေးမိခြင်းမျှ ဖြစ်ပါသည်။ စာဖတ်သူသည် မိမိအလိုအလျှောက် တွေးကြည့်နိုင်ပါသည်။
ဆရာတစ်ဦးကမူ ဤသို့ မှတ်ချက်ချပါသည်။ ဗသျှိုးသည် ဤဟိုက္ကူနှင့် သူ၏ အကောင်းဆုံး အခြားဟိုက္ကူတို့တွင် သိဒ္ဓိပေါက်သွားသည်မှာ ထာဝရတရားနှင့် တစ်ခဏ တရားတို့ကို တစ်ချက်တည်း ဖမ်းယူလိုက်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။ အိုင်အိုကြီးသည် ထာဝရတရားဖြစ်သည်။ ထာဝရတရားကို ကျွန်ုပ်တို့ မျက်မှောက်ပြုနိုင်ရအောင် တစ်ခဏ နှောင့်ယှက်မှုလေး တစ်ခုခု ရှိရပေမည်။ ဤတွင်ဖားခုန်ဆင်းသံသည် တစ်ခဏ နှောင့်ယှက်မှုဖြစ်သည်။ သို့သော်လည်း အိုင်အိုကြီးသည် ထာဝရတရားထဲသို့ တစ်ဖန် နစ်ဝင်သွားပြန်သည်သာ။
ဆိတ်ငြိမ်သော ၀တ်ကျောင်းပရ၀ုဏ်တွင် ကျောက်ဆိုင် ကျောက်ခဲထဲသို့ ထိုးဖေါက်ဝင်သွားသော ပုစဉ်းရင်ကွဲ၏ အသံအကြောင်း ဟိုက္ကူတွင်လည်း ဤနည်းအတိုင်း ဖြစ်သည်။ ၀တ်ကျောင်း၏ ဆိတ်ငြိမ်ခြင်းသည် ထာဝရတရား၊ ပုစဉ်းအော်သံသည် တစ်ခဏတရား။ တစ်ခဏတရားနှင့် ကပ်ပြလိုက်၍ ထာဝရတရား ထင်ပေါ်သွားပါသည်။ တစ်ခဏတရား လွန်သွားသောအခါ ထာဝရတရားသည် ထာဝရထဲသို့ တစ်ဖန်နစ်ဝင်သွားပြန်သည်သာ။ ပုစဉ်းအော်သံ ရပ်သောအခါ ၀တ်ကျောင်း ပရိဝုဏ်သည် ဆိတ်ငြိမ်မြဲ ဆိတ်ငြိမ်ပြန်သည်။
____________________________________________
၅၇
နတ်ကွန်း တံတိုင်းမှာ
မထင်မမှတ် တွေ့ရတာ
နိဗ္ဗာန်ဝင်ခန်းပါ။ ။
ဗသျှိုး
ဤဟိုက္ကူကို ဗသျှိုးသည် အိဆေ နတ်ကွန်းကြီးတွင် ဖွဲ့သည်။ အိဆေနတ်ကွန်းသည် ဂျပန်တို့၏ ရိုးရာဝါဒ သျှင်ဒိုဘာသာနှင့်ဆိုင်သည့် နေနတ်သမီး၏ နတ်ကွန်းဖြစ်သည်။ ဗုဒ္ဓဘာသာနှင့်မဆိုင်။ နတ်ကွန်းတွင် ရုပ်တု ဆင်းတုမရှိ။ ဧကရာဇ်မင်းနှင့်ဆိုင်သော ရှေးဟောင်း မင်းဆောင် မင်းယောင်များရှိသည်။ ထို့ပြင် နေနတ်သမီးကိုယ်စား ကြေးမုံထားသည်။ ယခုသော် နတ်ကွန်းတံတိုင်းတွင် ကုသိနာရုံ၌ ဘုရားသခင် ပရိနိဗ္ဗာန်စံပုံကို ဗသျှိုးတွေ့ရသည်။ သူအံ့အားသင့်သွားသည်။ ၀မ်းသာသွားသည်။ သူလက်ခုပ်တီး၍ ဦးညွှတ် ကန်တော့မည်ဖြစ်သည်။
_______________________________________
၅၈
နိဗ္ဗာန်စံနေ့မှာ
အရေတွန့်လက် မြှောက်ချီကာ
ပုတီး ပွတ်သံသာ။ ။
ဗသျှိုး
ဘုရားသခင် ပရိနိဗ္ဗာန်စံသောနေ့ တစ်နေ့တွင် အသက်ကြီးရင့်ပြီဖြစ်သော စာဆိုကြီး ဗသျှိုးသည် ဘုရားရုပ်ပွားတော်ရှေ့၌ ဦးညွှတ်ကန်တော့ကာ ဘုရားဂုဏ်တော်ကို အောက်မေ့၍ ပုတီးကို လက်နှစ်ဖက်တွင် ပွတ်သည်။ ထို့ကြောင့် ဤဟိုက္ကူကို ရေးဖွဲ့သည်ဟု ဆိုရပါမည်။
ဂျပန်ဗုဒ္ဓဘာသာတို့ ပုတီးဆောင်သည်ကို တွေ့ဖူးပါသည်။ သို့သော်လည်း မြန်မာဗုဒ္ဓဘာသာတို့ကဲ့သို့ ပုတီးစိပ်သည်ကို မတွေ့ဖူးပါ။ ဘုရားရှေ့တွင်ထိုင်၍ မြှောက်ထားသော လက်နှစ်ဖက်တွင် ပုတီးထည့်ကာပွတ်ရင်း ဘုရားစာများရွတ်သည်ကိုကား တွေ့ဖူးပါသည်။
_______________________________________
၅၉
ဆောင်းဦး ကောင်းကင်နဲ့
တောင်ကုန်းထိပ်က နတ်ထင်းနဲ့
ကွဲတယ် ကွာတယ်ကွဲ့။ ။
ကိကကု(၁၆၆၁-၁၇၀၇)
ကိကကုသည် ဗသျှိုး၏ အတွင်းတပည့်ကြီးတစ်ဦး ဖြစ်သည်။ ဧဒိုမြို့ (ယခု တိုကျိုမြို့) သားဖြစ်၍ မန်းဆန်ချင်သည်ဟု ဆရာတို့ ဆိုကြသည်။ ဗသျှိုးက အိနြေ္ဒကြီးသလောက် ကိကကုက ဟာသရွှင်သည်။ အကျိုးမများ၊ အနှစ်မပါ၊ ပိန်ဖျင်းသောစကားကို တစ်ခါတစ်ခါ ပြောချင်သည်ဟုလည်း ဆိုကြသည်။ အဆင်ဆန်းထွင်၍ အကွက်ဆန်းမြင်တတ်သည် ဟုလည်း ဆိုကြသည်။ တော်သဖြင့် လျှော်သွားရသည် ဟုပင်လည်း ဆိုကြပါသည်။
မိုးနှင့်မြေကြီးကို လူုတို့ မြင်နေကျ။ ထို့ကြောင့် ထူးခြားချက်ရှိလျှင်လည်း သတိမမူမိ။ ဂျပန်တွင် နွေပိုင်း၌ မြူမင်းလွင် ထန်သဖြင့် မိုးကို နိမ့်သည်ဟု ထင်နိုင်သည်။ မိုးသားတိမ်လိပ် တက်သဖြင့်လည်း မိုးကို နိမ့်သည်ဟု ထင်နိုင်သည်။ ဆောင်းပိုင်း၌မူ မိုးနှင်းကျ၍ မိုးနှင့်မြေကြီး မကွဲမပြား တစ်သားတည်းကဲ့သို့ မြင်နိုင်သည်။ နှင်းမိုးရွာသဖြင့်လည်း မိုးနှင့်မြေကြီး တစ်သားတည်းကဲ့သို့ မကွဲမပြား မြင်နိုင်သည်။ နွေပိုင်း ဆောင်းပိုင်း မိုးနှင့် မြေကြီးကို မကွဲမပြားတွေ့နေရသူသည် နွေကုန်၍ ဆောင်းမရောက်ခင်ကြားကာလ သရဒရာသီ၌ ဆီးနှင်းမြူတိမ်တခြား မြေကြီးတခြားပါလားဟု သတိပြုမိပေမည်။ ကောင်းကင်နှင့် မြေကြီး မထိမစပ်၊ အများကြီး ကွဲကွာနေပါလားဟု သတိပြုမိပေမည်။ ယခု ကိကကုသည်လည်း ဤသို့ပင် အမြင်ဆန်းကို မြင်ရ၍ အံ့အားသင့်နေပါသည်။
___________________________________________
၆၀
ခိုစင်ခန်းထက်မှာ
ဆည်းဆာနေခြည် ငြိမ်သက်စွာ
နှစ်ဆုံး ညနေခါ။ ။
ကိကကု
ဆန့်ကျင်ဘက်နှစ်ခုကို ယှဉ်တွဲပြထားသော ဟိုက္ကူတစ်ပုဒ်။ နှစ်ဟောင်းကုန်ခါနီး နှစ်သစ်ဆန်းတော့မည့် အခါတွင် ဂျပန်တို့ အလုပ်ရှုပ်ကြသည်။ အိမ်နှင့် ပတ်ဝန်းကျင်းတွင် သန့်ရှင်းရေး လုပ်ရသည်။ မင်္ဂလာထင်းရှုးခက် ရှာရသည်။ မုန့်လုံးကြီးလုပ်ရန် မုန့်ထောင်းရသည် စသည်ဖြင့် အလုပ်ရှုပ်ကြသည်။ သို့သော်လည်း ဆောင်းဥတု၏ ၀င်ကာနီး နေရောင်ဖျော့ဖျော့ကလေးသည် ခိုညည်းသံဖြင့် လှိုင်နေသော ခိုစင်ထက်တွင် မထင်မရှား ငြိမ်သက်စွာ ကိန်းနေသည်။ ဤသို့ ဆန့်ကျင်ဘက် နှစ်ခုရှိသည်ကို ဂျပန်တို့ အလိုအလျှောက် ခံစားသိရှိနိုင်သည်။ ထို့ကြောင့်လည်း ဤဟိုက္ကူကို သူတို့ ကြည်နူးနိုင်သည်။ လူမျိုးခြားအတွက်ကား တစ်မျိုး ဖြစ်ပေမည်။
___________________ ဆက်ပါဦးမယ် ___________________






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။