Wednesday, September 21, 2011

ဟိုက္ကူကဗျာ မြည်းစရာ(၈)



၆၁
ညခါ နတ်ပွဲက
သူတို့အာငွေ့ ဖြူဖြူလွ
မျက်နှာဖုံးနောက်မှ။     ။
ကိကကု

ဂျပန်နတ်ကွန်းများ၌ ပွဲတော်နေ့များတွင် မျက်နှာဖုံးအုပ် ဂျန်များက ကဂုရ ခေါ်သော နတ်က ကို ကကြသည်။ ရပ်သူရွာသားများက ၀ိုင်းတိုးကြည့်ကြသည်။ တန်ဆောင်တိုင် ဆီမီးရောင်တွင် တပြောင်ပြောင် တောက်ပသော အ၀တ်များ လှပါဘိ၏။ ၀ိုင်းကြီးပတ်ပတ်လှည့်ကာ ကပုံခုန်ပုံများ ကြွကြွရွရွ ရှိပါဘိ၏။ စည်တီးသံ၊ ပြွေမှုတ်သံတို့ နားထောင်ကောင်းပါဘိ၏။ ဤသို့ လူအများက ခံစားမိကြမည်။ သို့သော်လည်း အကသမားများ ၀တ်ထားသည့် မျက်နှာဖုံး၏နောက်မှ ထွက်လာသော မောပန်းသည့် အာငွေ့သည် အပြင်ဘက် အအေးဓါတ်နှင့် တွေ့သောအခါ ရေနွေးငွေ့ပမာ ရုပ်ပြောင်း၍ တထောင်းထောင်းထလျှက် အက၀ိုင်းထဲတွင် တ၀ဲလည်လည် ဖြစ်သည်ကိုကား ကိကကုသာလျှင် သတိထားမိသကဲ့သို့ ရှိသည်။ ဤကား သူ၏ အမြင်ဆန်းတစ်ကွက်ပါပေ။
 ___________________________________

၆၂
နှင်းဦး ဖြူဖွေးထက်
ဟောက်ဟောက်ပက်ပက် ကျင်ငယ်ကွက်
ဘယ်ကောင်ရဲ့ လက်ချက်။     ။
ကိကကု

ဆောင်းဥတုတွင် ပထမဆုံးကျ၍ ဖြူဖွေးတောက်ပနေသော နှင်းပြင်သည် ပေါ်ဦးပေါ်ဖျားဖြစ်၍ လူချစ်လူခင် ခံရသည်။ ဂွမ်းဆိုင် ဂွမ်းစုကြီးပမာ အိစက်နေသော ဤနှင်းပြင်ကြီးပေါ်တွင် တစ်စုံတစ်ယောက်သောသူသည် ကျင်ငယ်စွန့်သွားသဖြင့် နှင်းခဲအရည်ပျော်ကာ အ၀ါကွက်ကြီး ထင်ကျန်ခဲ့သည်။ အကျည်းတန်ပါဘိသည်။ လုပ်ရက်လှပါဘိ။ ဤသို့ ကကိကုက ညည်းလိုက်သည်။
နှင်း၏အလှအပ ချစ်ဖွယ်သော ရူပကာရကို ပေါ်လွင်စေချင်၍ ဆန့်ကျင်ဘက် သဘောတစ်ခုနှင့်တွဲကာ ရေးလိုက်သည်မှာ ရေးသင့်ပါသည်။ သို့သော်လည်း ထိုဆန့်ကျင်ဘက်သဘောမှာ ကျင်ငယ်ဖြစ်နေသဖြင့် သင့်ပါမည်လားဟု စဉ်းစားစရာ ရှိပါသည်။ စာဆို ကကိကုသည် သူများမမြင်သည်ကို မြင်ပြီးလျှင် သူများမတွေးသည်ကိုတွေး၍ သူများမရေးသည်ကို ရေးသဖြင့် အကဲ့ရဲ့လည်း ခံရပါသည်။ အချီးမွမ်းလည်း ခံရပါသည်။
 _______________________________________

၆၃
ဥယျာဉ်စောင့်ကိုလေ
တရေးတမော အိပ်ပါစေ
ချယ်ရီပန်းများ ကြွေ။     ။
ကိကကု

နွေဦးပေါက်ပြီ။ တစ်နှစ်လုံး မျှော်ခဲ့ရသည့် ချယ်ရီပန်းများ ပွင့်ကြပြီ။ တချို့သော ပွင့်ဖတ်တို့မှာ ရင့်ရော်ပြီဖြစ်၍ လေပြည်တွင် ကြွေကြပြီ။ သစ်ပင်အောက် မြက်ခင်းပြင်တွင် ပြန့်ကျင်းလှပနေသည့် ပွင့်ဖတ်များကို အိပ်နေသော ဥယျာဉ်စောင့်နိုးလျှင် တံမြက်စည်းဖြင့် လှည်းပစ်တော့မည်။ ထို့ကြောင့် ဥယျာဉ်စောင့် တရေးတမော အိပ်ပါစေဦးဟု ကိကကု ဆန္ဒပြုလိုက်သည့် ဟိုက္ကူဖြစ်ပါသည်။ အလှကို မြတ်နိုးသော ဂျပန့်သဘောတစ်ရပ်ပါပေ။ နှင်းဦးဖြူဖွေးကို မြတ်နိုး၍ ဖွဲ့ပုံနှင့် ချယ်ရီပန်းကို မြတ်နိုး၍ ဖွဲ့ပုံကို နှိုင်းယှဉ်ကြည့်ပြီးလျှင် ခြားနားချက်ကို ဆင်ခြင်ကြည့်ပါ။
___________________________________

၆၄
အိပ်မက်ထဲ လာသွား
မေမေ့ကို ပြန်လွှတ်သလား
ဥသြ ဥသြကျား။     ။
ကိကကု

ဥသြကျားဟု ဤတွင် မြန်မာလိုရေးလိုက်သော ဂျပန်ငှက်မှာ ဟိုတိုတိုဂိစု ငှက် ဖြစ်သည်။ ဂျပန်အမည်မှာ မြည်သံစွဲအမည် ဖြစ်သည်။ ဤငှက်သည် ဥသြမျိုးဝင်ဖြစ်သည်။ သူတပါးအသိုက်တွင် မိမိဥကိုချသည်။ အသိုက်ရှင်က ဥကို ၀ပ်ပေးရသည်။ ဥကပေါက်သောအခါ ဧည့်သည်ငှက်ငယ်သည် အသိုက်ရှင်၏ ရင်သွေးများကို အသိုက်ထဲက ကန်ချသည်။ ဤသို့ အကျင့်ရှိသည့် ဥသြအမျိုးဝင် အဆင်းကျားသော ငှက်ဖြစ်သည်။ ဥသြကျားသည် မြန်မာဥသြကဲ့သို့ပင် ညအခါလည်း တွန်မြည်တတ်ပါသည်။
တစ်ခုသော နွေရာသီညတွင် ကိကကုကို အိပ်မက်ထဲ၌ သူ့အမေနှင့် တွေ့ရသည်ဟု မြင်မက်နေပါသည်။ ကွယ်လွန်သော မိခင်နှင့် တွေ့ရသောသားသည် ၀မ်းသာနေမည်မှာ မလွဲပါ။ မိခင်ကို တွယ်ဖက်၍ နေချင်ပါလိမ့်မည်။ သို့သော်လည်း အပြင်ဘက် ထင်းရှူးတောမှ ဥသြကျား တွန်မြည်လိုက်သည့်အသံကို ကြားရသောအခါ အိပ်နေရာမှ နိုးသွားသည်။ နိုးသည်နှင့်တပြိုင်နက် မိခင်လည်း ပျောက်သွားသည်။ ဥသြအော်လို့ မိခင်ပျောက်ရသည်ဆိုကာ ငှက်ကိုရန်တွေ့လိုက်သော ဟိုက္ကူဖြစ်ပါသည်။ မိခင်ကို တကယ်ချစ်၍ ဤဟိုက္ကူကို ကိကကုရေးသည်ဟု ပြောသူက ပြောပါသည်။ အဆန်းထွင်ချင်၍ ရေးသည်ဟု ပြောသူက ပြောပါသည်။
_________________________________

၆၅
ရေကိုဖျန်းစမ်းပါ
စာကလေးရော ပုစဉ်းပါ
စိုအောင် ဖျန်းစမ်းပါ။
ကိကကု

ဂျပန်ပြည်တွင် ရှေးထုံးစံအရ နွေဥတုကို ခြောက်ပိုင်း ပိုင်းထားပါသည်။ နောက်ဆုံးနှစ်ပိုင်းမှာ ဇူလိုင်လ ၇ ရက်တွင်စသည့် သျှိုးသျှိုနှင့် ဇူလိုင်လ ၂၃ ရက်တွင်စသည့် ဒအိသျှို တို့ဖြစ်ပါသည်။ အပူကလေး၊ အပူကြီး ဟု ဆိုလိုပါသည်။
ကိကကုသည် အပူကလေး၊ အပူကြီး နေ့တစ်နေ့တွင် ပူအိုက်လှ၍ ယပ်တောင်ကိုင်ကာ ဥယျာဉ်တစ်ခုအတွင်း သစ်ရိပ်တစ်ခုတွင် နားနေခိုက် စာကလေးများ ခုန်ဆွ ခုန်ဆွနှင့် အစာရှာနေသည်ကို မြင်ရသည်။ ပုစဉ်းရင်ကွဲများ သစ်ရွက်အုပ်ထဲတွင် စီရီစီရီ အော်နေသည်ကို ကြားရသည်။ ထိုအခိုက် ဥယျာဉ်စောင့်သည် ရေငတ်ညှိုးခြောက်နေသည့် သစ်ပင်များကို ရေလောင်းသည်။ ၀ီရိယကောင်းကောင်းနှင့် အစာရှာနေသည့် စာကလေးငှက် ငြိမ်သွားလောက်အောင် ရေဖျန်းစမ်းပါ။ ဇွဲကောင်းကောင်းနှင့် အော်မြည်နေသည့် ပုစဉ်းရင်ကွဲ ငြိမ်သွားလောက်အောင် ရေဖျန်းစမ်းပါ။ သို့မှသာ ဤအပူ ငြိမ်းပါတော့မည်ဟူ၍ ကိကကု ပြောလိုသည်ဟု ထင်မိပါသည်။ သို့မဟုတ်ကလည်း ကိကကု မိုးကို တ နေသည်လား မပြောနိုင်ပါ။
 ________________________________

၆၆
ပိန်းရွက်ထဲမှာလေ
သူ့အသက်ကို ထုပ်ထားပေ
မိုးစက် မိုးပေါက်ရေ။     ။
ကိကကု

မြန်မာစကားတွင် သူ့လက်ထဲကရေပါဆိုသော စကားစဉ်၏ အဓိပ္ပါယ်မျိုးရှိသည့် ဟိုက္ကူဖြစ်ပါသည်။ သွန်လိုသွန်၊ မှောက်လိုမှောက်၊ သောက်လိုသောက်၊ သုံးလိုသုံး ဖြစ်ပါသည်။
 ________________________________

၆၇
ဟင်းပြုတ်ဒယ်အိုးဝ
ခမောက်မိုးရေ စက်စက်ကျ
ကောက်စိုက်သူ မိန်းမ။      ။
ကိကကု

အဝေးကောင်းကင်နိမ့်တွင် မိုးသား။ မိုးသားအောက်တွင် နှင်းဖြူဖွေးဖွေးနှင့် တောင်ထွတ် တောင်ရိုးများ။ တောင်ခြေတွင် တောတန်းမြက်ခင်း။ မြက်ခင်းနှင့် တစ်စပ်တည်းတွင် ဆည်ရေသောက် လယ်ကွက်များ။ လယ်ကွက်ထဲတွင် ကန်သင်းရိုးများ။ ကန်သင်းပေါ်တွင် ကောက်စိုက်သမများ ကောက်ဆုပ်ချ၍ ထမင်းစားရန် ချက်ပြုတ်နေကြသည်။ မိုးတစိမ့်စိမ့်ရွာနေသဖြင့် သူတို့၏ ခမောက်များမှ မိုးရေသည် ဟင်းပြုတ်ဒယ်အိုးထဲသို့ တစက်စက်ကျနေသည်။ ဤအချင်းအရာကို ကိကကု ရေးဖွဲ့ထားပါသည်။ ဂျပန်မှုကျွမ်းကျင်သူအချို့၏ အလိုအရဆိုလျှင် မြို့ကြီးဆန်သော စာဆိုကိကကုသည် ကောက်စိုက်သမတို့ကို ကြင်နာ၍ ဤသို့ရေးသည်မဟုတ်။ မသန့်ရှင်းသည်ကို ဖေါ်ထုတ်လို၍ မလိုတမာ ရေးခြင်းဖြစ်သည်ဟု ဆိုပါသည်။
 __________________________________

၆၈
တစ်ထောင်သော လက်များ
လက်ရန်းပေါ်မှာပါတကား
လေညင်းခံတံတား။     ။
ကိကကု

ပူအိုက်သော နွေရာသီတွင် လူတို့သည် အိမ်မှထွက်၍ နီးရာတံတားတွင် လက်ရန်းကိုကိုင်ကာ လေညင်းခံကြသည်ကို ဖွဲ့ဆိုထားပါသည်။ ကိကကုသည် လူတွေဟု တိုက်ရိုက်မဆို။ သူ့မျက်စေ့ထဲတွင် လေညင်းခံသမားတို့၏ ခေါင်း၊ ကိုယ်၊ ခြေထောက်တို့က မထင်ရှား။ တံတားလက်ရန်းပေါ်တွင် အားပြုတင်ထားကြသော လက်များက အရေးကြီးနေသည်။ ကိကကုသည် သူတစ်ပါးနှင့်မတူအောင် မြင်တတ်၊ ကြည့်တတ်၊ ရေးတတ်ပါသည်။
 _________________________________

၆၉
မျက်နှာမှာကပ်တွယ်
ထမင်းလုံး ဖြူဖြူလေးကိုကွယ်
ယင်ကို ပေးလိုက်တယ်။     ။
ရန်စက်တစု(၁၆၅၄-၁၇၀၁)

ရန်စက်တစုသည် လယ်ယာဦးကြီးတစ်ဦး၏သား ဖြစ်သည်။ အနွယ်၏အမည်မှာ ဟတ္တိုရိ။ အရွယ်ရောက်သောအခါ ဆမူရအိ တစ်ဦးအဖြစ် စစ်မှုထမ်းသည်။ အ၀ဂျီကျွန်းသားဖြစ်သော်လည်း အေဒိုမြို့တွင် ကြီးသည်။ နောင်အခါ အလုပ်မှထွက်၍ ပန်းချီအတတ်နှင့် ဟိုက္ကူပညာကို လိုက်စားသည်။ ထိုအခါ ဗသျှိုး၏ အတွင်းနေ တပည့်ကြီးတစ်ဦးဖြစ်လာသည်။
ကိကကုသည် ဗသျှိုး၏ ဟိုက္ကူမှ ခွဲထွက်သလောက် ရန်စက်တစုသည် ဗသျှိုးမူကို ခြေရာထပ် လိုက်နာသည်ဟု ဆိုသည်။ စကားလုံးချွေတာသိပ်သည်းသည့်အရာတွင် ဗသျှိုးကပင် ချီးမွမ်းရသည်။
ရန်စက်တစုသည် ရေချိုးအိမ်က ပြည့်တန်ဆာမနှင့် အိမ်ထောင်ပြုသည်။ သူ၏ကဗျာများမှာ အရေအတွက်အနေဖြင့် ၄၂၄ ပုဒ်မျှသာ ရှိသော်လည်း အထူးထက်မြက်သည့် စာဆိုတစ်ဦးဖြစ်သည် ဟူ၍လည်းကောင်း၊ သူ၏ စိတ်ထားတည်ကြည်မှုမှာ သူ၏ကဗျာတွင် ထင်ဟပ်လျှက်ရှိသည် ဟူ၍လည်းကောင်း ပညာရှင်များ မှတ်ချက်ချသည်။
အထက်ပါ ဟိုက္ကူတွင် သူ၏သနားငဲ့ညှာတတ်မှုကို တွေ့နိုင်ပါသည်။ ထမင်းစားရင်း မျက်နှာမှာကပ်နေသည့် ထမင်းလုံးကလေးကို အမှတ်မဲ့ လွှင့်မပစ်လိုက်ပါဘူး၊ အနားမှာ အစာမျှော်နေသည့် ယင်ကောင်ကလေးကို ပေးလိုက်ပါတယ်တဲ့။
 ____________________________________

၇၀
စာလည်း မပါပါ
အမှာစကားလည်း ပါမလာ
မုန့်လုံး ၅ ထုပ်ပါ။     ။
 ရန်စက်တစု

ဤတွင် ဂျပန်တို့ ယနေ့ထက်တိုင် လေးလေးစားစား လိုက်နာကျင့်သုံးနေသည့် ထုံးစံတစ်ခုကို သိထားဖို့လိုပါသည်။ ဂျပန်ပြည်တွင် ငါးလ ငါးရက်နေ့ (=မေလ ၅ ရက်) သည် တန်ဂိုနိုစက္ခု ခေါ် ပွဲနေ့ဖြစ်သည်။ မြန်မာလို လူကလေး၏ နှစ်ပတ်လည်ပွဲနေ့ ဖြစ်ပါသည်။ သားယောက်ကျား လူကလေးရှိသည့် မိဘများက ကျင်းပပေးသောပွဲ ဖြစ်သည်။ ယင်းနေ့တွင် တံခွန်တိုင် စိုက်ထူသည်။ တံခွန်တိုင်ထိပ်တွင် အ၀တ်ငါးရုပ် သို့မဟုတ် စက္ကူငါးရုပ်ကို တံခွန်လုံးသဖွယ် ဆွဲလွှင့်သည်။ သာတစ်ယောက်ရှိလျှင် ငါးတစ်ကောင်၊ နှစ်ယောက်ရှိလျှင် နှစ်ကောင် ကြီးစဉ်ငယ်လိုက် အထက်မှအောက်သို့ ချ၍ဆွဲသည်။ အနက်ရောင်၊ အနီရောင်၊ အပြာရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည့် ငါးရုပ်များ လေထဲတွင် တလွန့်လွန့် ပျံ့လွင့်နေသည်ကို မြင်ရသည်မှာ အလွန်ပျော်စရာကောင်းပါသည်။ ယင်းငါးမှာ ဂျပန်လို ကိုအိ ခေါ်ပါသည်။ အင်္ဂလိပ်လို Carp ဟု ပြန်ကြပါသည်။ မြန်မာလို ယုဒသန် အဘိဓါန်အရ ငါးအုံတုံဟု ခေါ်ရပါမည်။ ငါးအုံတုံသည် ရေကိုဆန်ကူးသည်။ ရေစွယ်၊ ရေမော်၊ ရေတံခွန်တို့နှင့် ရင်ဆိုင်တိုးရလျှင်လည်း နောက်မတွန့်။ ခုန်၍ ပျံ၍ လွတ်မြောက်အောင် အားထုတ်သည်။ ဤဇွဲသတ္တိကို နိမိတ်ယူ၍ မိမိတို့၏ သားယောက်ကျားများ ဘ၀ခရီးတွင် တွေ့ရမည့် အခက်အခဲ ရေစွယ်၊ ရေမော်၊ ရေတံခွန်တို့ကို ကျော်လွှားနိုင်ရအောင် ငါးအုံတုံရုပ် တံခွန်လုံးကို လွှင့်သည်ဟုဆိုပါသည်။ ယင်း တန်ဂိုနိုစက္ခု လူကလေးပွဲရက်တွင် ဆွေမျိုးသားချင်း မိတ်သင်္ဂဟများက မေတ္တာလက်ဆောင် ပို့ကြပါသည်။ ယခု ဟိုက္ကူတွင်ပါသည့် မုန့်လုံးလက်ဆောင်ကိုမူ မည်သူက ပို့သည်ဟု မသိရ။ စာမပါ၊ အမှာစကားမျှလည်း ပါမလာ။ ဂုဏ်မဖေါ်လိုသူ၊ မပြစားလိုသူ၊ မထင်ပေါ်လိုသူ၏ လက်ရာ ဖြစ်သဖြင့် ရန်စက်တစုက ထူးထူးဆန်းဆန်းမှတ်ယူကာ ဤဟိုက္ကူဖြင့် မော်ကွန်းတင်လိုက်ခြင်း ဖြစ်ပါသည်။

__________________  ဆက်ပါဦးမယ်  _______________



0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။