၇၁
မြက်ရွက်တွေပေါ်မှာ
ကစားရႊင္ပ် သြားလာပါ
နှင်းစက် နှင်းပေါက်ရာ။ ။
ရန်စက်တစု
လူ့အသက်သည် နှင်းစက်ကဲ့သို့ ခဏတာမျှခံသည်။ အသက်ရှင်နေသည့် ကာလတိုလေးအတွင်း မိမိ ရောက်ရာအရပ်တွင် ပျော်ပျော်ရွှင်ရွှင်နေပါ အသင်လူသားဟု ရန်စက်တစု ဆော်သြလိုက်ခြင်း ဖြစ်ပါသည်။ မနက်နေခြည်နုတွင် နှင်းပေါက်ကလေး ချစ်ခင်စဖွယ် ကောင်းသလို လူတို့သည်လည်း ချစ်ခင်စဖွယ် ကောင်းသည်။ နှင်းပေါက်ကလေး ကြည်လင်ရွှင်ပြပုံရသကဲ့သို့ လူတို့သည်လည်း ကြည်လင်ရွှင်ပျကြလျှင် ကောင်းလိမ့်မည်ဟု ရန်စက်တစု ယူဆပုံရပါသည်။
__________________________________
၇၂
မနက် မနက်မှာ
ကောက်ရိုးမိုးကာ နေလှန်းရာ
ပိုးစုန်း ခါမိပါ။ ။
ရန်စက်တစု
ပိုးစုန်းကြူး(=ပိုးစိမ်းဖြူ)များ တောက်စားသော ရာသီတွင် ဂျပန်လူမျိုးများသည် ကျားမကြီးငယ်မရွေး ညအခါ အိမ်မှထွက်၍ သစ်ပင်အုပ်၊ ရေစပ်၊ ဥယျာဉ်တို့တွင် ပိုးစုန်းကြူး ကြည့်တတ်ကြသည်။ ပွဲကြီးလမ်းကြီးတစ်ခု ဖြစ်သည်။ ပိုက်ဆံရှာသူတို့က ပိုးစုန်းကြူးဖမ်း၍ ရောင်းကြသည်။ ကုသိုလ်ရှာသူတို့က ပိုးစုန်းကြူးရှာ၍ လွှတ်ကြသည်။ တချို့လူတို့ကမူ သူတို့ အရှင်ကြီးနတ်၏ ပိုးစုန်းကြူးစစ်တပ် တိုက်ပွဲနိုင်အောင် စစ်ကူအဖြစ် ပိုးစုန်းကြူးလွှတ်သည်ဟု ဆိုသည်။ ပိုးစုန်းကြူးအကြောင်းကို ရှေးအကျဆုံး ကဗျာညွန့်ပေါင်းကျမ်း မန်ယိုသျှု တွင်ဖတ်ရသည်။ ထို့ကြောင့် ဂျပန်များ၏ စိတ်တွင် ပိုးစုန်းကြူးကို အတော်ပင် သံယောဇဉ် ရှိနေကြသည်။
အထက်ပါဟိုက္ကူတွင် ဂျပန်တို့၏ သဘာဝသုံးမျိုးကို တွေ့ရပါသည်။ ကောက်ရိုးကို မိုးကာလုပ်၍ မိုးဒဏ် ကာကွယ်မှု သဘာဝက တစ်ခု။ (ကောက်ရိုးကို ဖိနပ်လုပ်သည်။ ဖျာလုပ်သည်။ ကြိုးလုပ်သည်တို့ ကျန်ပါသေးသည်။) မိုးလင်း၍ နေထွက်လျှင် မိုးကာကို မေ့ပစ်မထား။ ခြောက်သွေ့အောင် နေလှန်းမှု သဘာဝက တစ်ခု။ (မွေ့ယာ၊ ခေါင်းအုံး၊ အ၀တ်အထည်၊ ဖျာ၊ ကော်ဇော စသည်တို့ကို နေလှန်းနေသည်တို့ ကျန်ပါသေးသည်။) မိုးကာအင်္ကျီကို ရေခါထုတ်ရာတွင် ညက တွယ်ကပ်ပါလာသည့် ပိုးစုန်းကြူးကိုပါ ခါတွက်မိ၍ စိတ်မချမ်းမသာ ဖြစ်ရမှု သဘာဝတစ်ခု၊ (နှံကောင်၊ ပုရစ်၊ ပန်းပင်၊ မြက်ပင် စသည်တို့ကို မသတ်မညှစ် မချိုးမဖဲ့ မဖျက်မဆီးသည်တို့ ကျန်ပါသေးသည်။) ဤသဘာဝများကို ပုံစံအမျိုးမျိုးနှင့် ဂျပန်ပြည်တွင် တွေ့ရသည်။
____________________________________
၇၃
ဝါးပင်ပျိုငယ်ဟာ
ပုခုံးတစ်ဖက် လှပ်ထားပါ
ရဲရင့် တည်ကြည်စွာ။ ။
ရန်စက်တစု
ဆမူရအိ သူရဲကောင်းအဖြစ် အမှုထမ်းခဲ့ဖူးသော ရန်စက်တစု၏ သူရဲကောင်းဘွဲ့ ကဗျာတစ်ပုဒ်။ မျှစ်ဘ၀မှ လွတ်မြောက်ကာစ ၀ါးပင်ပျိုကိုကြည့်ပါ။ စောင်းချွန်သော ၀ါးပပ်၏ ဟိုမှာဘက်တွင် ၀ါးပပ်မရှိသော ၀ါးလုံးသား။ ဤ၀ါးပင်ပျိုကို မြင်ရသော စာဆိုသည် တက်ကြွသောစိတ်ဖြင့် ဓါးတ၀င့်ဝင့်လုပ်နေသော လူပျိုလူငယ်ကို သတိရသွားသည်။ ရှေးခေတ် ဂျပန်လူငယ်သည် အကြောင်းရှိ၍ သတ္တိပြရမည်ဆိုလျှင် ဓါးအိမ်မှ ဓါးကိုဆွဲထုတ်၍ ဓါးကိုင်သောလက် ဓါးဝင့်သာအောင် အင်္ကျီလက်တစ်ဖက်ကို ချွတ်ကာ ပုခုံးကို လှပ်လိုက်သည်။ ၀ါးပင်ကိုမြတ်နိုး၍ သူရဲကောင်းစိတ်ကို လိုလားသော ဂျပန်တစ်ဦး၏ ကဗျာနိမိတ်ပုံ တစ်ခုပါပေ။
_______________________________
၇၄
နှင်းဖွေး ၀င်းပေါက်မှာ
ရေစည်ပိုင်းနှင့် ကြိတ်ဆုံဟာ
ပုံပေါ်ထင်ရှားလာ။ ။
ရန်စက်တစု
ရှေးခေတ် ဂျပန်အိမ်တစ်လုံး၏ ပန်းချီကားတစ်ချပ်။ ဂျပန်အိမ်ကို ခြံဝန်းခတ်ထားလေ့ရှိသည်။ ၀င်းပေါက်တွင် တံခါးနှင့်။ အိမ်နားတွင် ညစ်ထေးသော စပါးကြိတ်ဆုံတစ်ခု။ သစ်သားစည်ပိုင်းဟောင်း တစ်ခွက်။ ၀င်းအတွင်း ၀င်တုံထွက်တုံလုပ်နေသူတို့သည် ကြိတ်ဆုံနှင့် စည်ပိုင်းကို တွေ့မြင်နေကျဖြစ်၍ ရိုးနေကြပြီ။ ရှိမှန်းပင် သတိမမူမိကြ။ သို့သော်လည်း ဆီးနှင်းများ လှိုင်လှိုင်ကျ၍ ဖွေးဖွေးဖြူသွားသောအခါတွင်မူ နှင်းပွင့်က ကောက်ကြောင်းဖေါ်ပေးသဖြင့် ကြိတ်ဆုံလည်း ထင်းလာသည်။ စည်ပိုင်းလည်း ပေါ်လာသည်။ အဝေးက လှမ်းကြည့်သောအခါ အနုပညာလက်ရာတစ်ခု၊ ကဗျာဆန်သော မြင်ကွင်းတစ်ကွက် ဖြစ်လာသည်။ ထို့ကြောင့် ရန်စက်တစုက ဤဟိုက္ကူကို ရေးလိုက်သည်။
______________________________________
၇၅
ဘာအသံမျှမရှိ
စပါးပင်ကို စားမျိုဘိ
ခူကောင် မည်းအိအိ။ ။
ရန်စက်တစု
ခူများ ကောက်ပင်ကို စားရာတွင် ဘာအသံကိုမျှ မကြားရ။ အန္တရာယ်မရှိသည့်အတိုင်း ဆိတ်ဆိတ်ငြိမ်ငြိမ်နှင့်ပင် စပါးခင်းမှာ ကောက်ရိုးခင်းဖြစ်သွားရသည်။ ဤအဖြစ်ကို ရန်စက်တစု သတိမူမိသည်။ သူကြောက်သွားသလား။ တရားရသွားသလား။ လက္ခဏာရေး ၃ ပါးကို မြင်သွားသလား။
ဆန်းသည့် အချက်တစ်ခုမှာကား ဟိုက္ကူစာဆိုတို့သည်။ များသောအားဖြင့် သဒ္ဒါရုံကို ဖွဲ့တတ်ကြသည်။ ရေထဲ ဖားခုန်ဆင်းသံ၊ ရစ်ငှက်အော်သံ၊ ဥသြတွန်သံ၊ ပုစဉ်းရင်ကွဲမြည်သံ စသည်တို့ ဖြစ်ပါသည်။ ဤတွင်ကား အသံမရှိသည်ကို ရန်စက်တစု ဖွဲ့သည်။ ကျယ်ပြောသော လယ်ကွင်းလဟာပြင်၏ ကပ်ဆိုက်နေသော ဆိတ်ငြိမ်ခြင်းကို ဤသို့ ဖွဲ့ဆိုသဖြင့် စာဖတ်သူ၏ စိတ်ကို စိမ့်အေး ကြောက်လန့်စေလိမ့်မည် ထင်ရန်ရှိပါသည်။
___________________________________
၇၆
ကန်သင်းရိုးတစ်လွှား
ခဏအော်၍ တိတ်ဆိတ်သွား
ဖားတွေပါတကား။ ။
ကိယိုရအိ(၁၆၅၁-၁၇၀၄)
ကိယိုရအိသည်လည်း ကိကကုနှင့် ရန်စက်တစုတို့ကဲ့သို့ ဗသျှိုး၏ အတွင်းနေ တပည့်ကြီးတစ်ဦး ဖြစ်သည်။ နဂစကိမြို့ဇာတိဖြစ်သော်လည်း ကျိုတိုမြို့တွင် တက်နေသည်။ စစ်ပညာကို လေ့လာသော်လည်း ဟိုက္ကူစာဆိုအဖြစ် အသက်မွေးသည်။ တရုတ်ကျမ်းဂန် လေ့လာသည်။ ပန်းချီဆေးရေးအတတ် ကျွမ်းကျင်သည်။ သို့သော်လည်း ဂျပန်လူမျိုးတို့၏ ထုံးစံအတိုင်း ပတ်ဝန်းကျင်သဘာဝကို မြတ်နိုးသည်။ လေ့လာသည်။ မြင်တတ်သည်။ ဖွဲ့နွဲ့စာဆိုသည်။
မိုးကျ၍ လယ်ကွက် ရေတင်သောအခါ ညနေမိုးချုပ် နေရီချိန်၊ လယ်ကန်သင်းရိုးတစ်လျှောက်တွင် ဖားများစု၍ သံပြိုင်အော်ကြသည်။ ဇာတ်တိုက်ထားသည့်အလား ညီညီညာညာ အသံသေး၊ အသံကြီး၊ အသံစာစာ၊ အသံတုံးတုံး စု၍ အော်ကြသည်။ အော်၍ကောင်းတုန်း တစ်စုံတစ်ဦးက အမိန့်ပေးလိုက်သည့်ပမာ ရုတ်တရက် အအော်ရပ်လိုက်သည်။ အားလုံးတပြိုင်နက်ပင် မရှေးမနှောင်း ရပ်လိုက်သည်။ ကွင်းပြင်ကြီးထဲတွင် ဆူညံနေသော ကန်သင်းရိုးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ဆူညံခြင်းနှင့် တိတ်ဆိတ်ခြင်း ဆန့်ကျင်ဘက် သဘာဝတရားနှစ်ခုကို ပုခုံးချင်းတိုက်ပေး၍ ဆိတ်ငြိမ်မှု၏ လေးနက်ပုံကို သရုပ်ဖေါ်လိုက်ခြင်း ဖြစ်ပါသည်။
_____________________________________
၇၇
ဇာတိရပ်ကိုပင်
တရေးတမော အိပ်ရုံဝင်
ခရီးသည် ငှက်လျှင်။ ။
ကိယိုရအိ
ခရီးသည်ငှက် ဆိုသည်ကို အပူပိုင်းဒေသသားများ သတိမထားမိတတ်ကြ။ ခရီးသည်ငှက် ဆိုသည့် စကားလုံးကိုပင် ဘာသာပြန်၍ ဖန်တီးယူရသည်။ သို့သော်လည်း အအေးပိုင်း ဒေသများတွင်ကား သတိမထားမိပဲ မဖြစ်နိုင်လောက်သော ငှက်မျိုးဖြစ်သည်။ အကြောင်းမှာမူ ဆောင်းရာသီဘက်ကူး၍ ရာသီအေးစပြုလာလျှင် မြောက်ဘက် အအေးဇုံမှ ငှက်တို့သည် အစုအအုပ်ဖွဲ့ကာ ဥတုနွေးရာ တောင်ဘက်သို့ ပျံသန်း ပြောင်းရွှေ့ကြသည်။ သူတို့ အသွားအပြန်ခရီးတွင် ရေမြေတောတောင် အိမ်ကျောင်းဇရပ် အဆောက်အဦးများ၌ သူတို့ စုဝေး တည်းခိုသွားသည်ကို နှစ်တိုင်း တွေ့နေကြရသဖြင့် မရှောင်သာပါ။ ထို့ကြောင့် သူတို့ကို ခရီးသည်ငှက်ဟု ခေါ်ကြပါတော့သည်။
ကိယိုရအိသည်လည်း ဇာတိရပ်ရွာတွင်မနေ၊ ကျိုတိုနှင့် အခြားအရပ်တို့တွင် လှည့်လည်နေ၍ တစ်ခါတစ်ရံ နဂစကိမြို့သို့ ပြန်ရောက်သောအခါတွင် ငါ့ချက်မြုပ်ရာဟု အောက်မေ့ကာ ၀မ်းသာမည်ရှိတုန်း ထွက်ခွာရပြန်သည်။ ခရီးသည်ငှက်နှင့် တူတော့သည်ဟုပြောကာ ၀မ်းနည်းစကား ဆိုလိုက်ခြင်း ဖြစ်ပါသည်။
______________________________________
၇၈
ကိစ္စများလှအင်
ပင်လယ်ထဲတွင် မိုးထဲတွင်
ရွက်ပြည့် ရွက်ဝက် တင်။ ။
ကိယိုရအိ
ဂျပန်ကျွန်းများအနီးရှိ ကမ်းလွန်ပင်လယ်ပြင်တွင် ပင်လယ်ရေလုပ်သားတို့သည် မိုးကိုမရှောင်နိုင်။ လေကို မရှောင်နိုင်။ လှေငယ်တက်စင်းတို့ကို ရွက်အပြည့်တင်၍ လည်းကောင်း၊ ရွက်တစ်ဝက်တင်၍ လည်းကောင်း ပိုက်ချကြသည်။ ငါးရှာကြရသည်။ အားသည် လပ်သည် နားနေရသည်ဟူ၍ မရှိကြ။ ဤအချင်းအရာကို ကိယိုရအိ သတိပြုမိသည်။
ဂျပန် ဟိုက္ကူစာဆိုတို့သည် များသောအားဖြင့် တရုတ် အဘိဓမ္မာဆရာကြီးများ၏ ကျမ်းဂန်တွင် နှံ့စပ်ကြသည်။ ဈာန်ဂိုဏ်း ဗုဒ္ဓဘာသာအယူကို နှစ်သက် လိုက်နာကြသည်။ ပန်းချီမျက်စေ့ရှိကြသည်။ ကိယိုရအိသည် ရွက်လှေများကို ပန်းချီမျက်စေ့နှင့် မြင်သည်။ ရေလုပ်သားတို့၏ ဘ၀ကို တရုတ်အဘါဓမ္မာဖြင့် သုံးသပ်သည်။ ကိစ္စများသည်၏ အဖြစ်ကို ဈာန်သဘောဖြင့် ဆင်ခြင်သည်။ သို့ဖြင့် ဤဟိုက္ကူဖြစ်လာသည်။
ဂျပန်စကားလုံး အိဆိုဂသျှိ(=ကိစ္စများသည်) သည် ပါဠိစကားလုံး ဗဟုကိစ္စော နှင့် အနက်တူသော ဈာန်ဝါဒီတို့၏ လက်စွဲစကားတစ်လုံး ဖြစ်သည်ဟု ဆရာတို့ ဆိုကြသည်။ ဃရာဝါသော ဗဟုကိစ္စော ဆိုသည်ကို သတိရစရာဖြစ်သည်။ ကိစ္စများမြောင်၊ ဤလူ့ဘောင် ဆိုသည်နှင့် အတူတူပင်ဖြစ်သည်။
______________________________________
၇၉
ဖျော့တော့ လခြမ်းကွေး
လှည့်ကြည့်ဖို့ရန် မလွယ်သေး
အလွန် ချမ်းလှအေး
ကိယိုရအိ
ရာသီအလွန်အေးသည့်အဖြစ်၊ လူတို့အလွန်ချမ်းသည့် အဖြစ်ကို ပေါ်လွင်အောင် လခြမ်းကလေးနှင့်တွဲ၍ ဖွဲ့ဆိုထားသော ဟိုက္ကူဖြစ်သည်။
ဂျပန်တို့သည် ကောင်းကင်ကြည်လင်လျှင် လပြည့်ဝန်းကို ထွက်ကြည့်ကာ စိတ်ချမ်းသာမှုကို ရှာကြသည်။ အထူးသဖြင့်ကား သြုဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ သုံးလသည် ဂျပန်သရဒရာသီဖြစ်သည်။ ဆောင်းဦးရာသီဟု ခေါ်ကြပါစို့။ သရဒရာသီတွင် ကောင်းကင်ကြည်လင်သည်။ လပြည့်ဝန်းကြီး အလွန်တင့်တယ်သည်။ လ၀န်းထဲတွင် ယုန်ကလေး မုန့်ထောင်းနေသည်။ အဘိုးကြီးတစ်ယောက်နှင့် ဖားကြီးလည်းရှိသည်။ သစ်ကြမ်းပိုးအကိုင်းများကို ချိုင်နေသူလည်း ရှိသည်။ ဤသို့ အိန္ဒိယပြည်နှင့် တရုတ်ပြည်တို့မှ ရောက်ဝင်လာသည့် ရှေးဟောင်းဝတ္ထုတို့ဖြင့် ဝေဆာနေသော လပြည့်ဝန်းကို ဆောင်းဦးရာသီတွင် ဂျပန်လူမျိုးတို့ အစုအသင်းဖွဲ့ကာ ထွက်ကြည့်ကြသည်။ လကြည့်ပွဲတော် ဖြစ်သည်။ လကြည့်ရင်း စားကောင်းသောက်ဖွယ်တို့ကို စားကြ သောက်ကြသည်။ ကဗျာလင်္ကာ ဖွဲ့ဆို ပြိုင်ဆိုင်ကြသည်။
အထက်ပါဟိုက္ကူတွင်ပါသည့် လခြမ်းကလေးမှာကား ဆောင်းရာသီအအေးကြောင့် ကွေးနေသော လခြမ်းကလေးဖြစ်သည်။ လကြည့်ဝါသနာ အလွန်ကြီးသော ကိယိုရအိသည် အပြင်ထွက်ခိုက် လခြမ်းကလေးကို အလွန်ကြည့်ချင်သည်။ သို့သော်လည်း အအေးဒဏ်ကြီးလွန်းသဖြင့် လှည့်၍မကြည့်ရဲ။ လှည့်ကြည့်လိုက်လျှင် လည်ပင်းပေါ်သွား၍ အအေးဒဏ်ခံရမည်။ ထို့ကြောင့် ၀ါသနာကို စွန့်ရပါသည်ဟု အအေးဘွဲ့ထင်ရှားအောင် ဖွဲ့ဆိုလိုက်ခြင်းဖြစ်သည်။
လကြည့်ဝါသနာနှင့် ဆောင်းအအေးတို့ကို ဖက်တွဲလိုက်သဖြင့် အအေးဓါတ်က ရိုက်ခတ်သောအခါ ၀ါသနာဆီက ပဲ့တင်သံထွက်လာသည်။ ၀ါသနာက ရိုက်ခတ်သောအခါ အအေးဓါတ်ဆီက ပဲ့တင်သံ ထွက်လာသည်။ ဤသို့ ပဲ့တင်သံ အပြန်အလှန်ထွက်အောင် ဖွဲ့ဆိုနိုင်ခြင်းသည် ဟိုက္ကူစာဆိုအတတ်၏ သရဖူဖြစ်ကြောင်း ဟိုက္ကူပညာရှင်တို့ မိန့်ဆိုကြပါသည်။
_______________________________________
၈၀
သည်လိုညမျိုးမှာ
လပြည့်ဝန်းကို ကြည့်မိပါ
အသုဘ ပြန်ခါ။ ။
ကိယိုရအိ
အထက်ပါ မြန်မာပြန်တွင် အသုဘ ဆိုသောစကားလုံးကို မတတ်သာ၍ သုံးလိုက်ပါသည်။ ဂျပန် ဗုဒ္ဓဘာသာထုံးစံနှင့် ညီညွတ်ချင်မှ ညီညွတ်မည်။ အမှန်မှာကား မသာအိမ်မှအပြန် ဖြစ်ပါသည်။ ဆွေမျိုး မိတ်သင်္ဂဟများ မသာအိမ်သို့ သွားသောအခါ ကွယ်လွန်သူ ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်း ဆုတောင်းသည်ကို တွေ့ဖူးပါသည်။ ၀မ်းနည်းသည့် အထိမ်းအမှတ် ပြသည်ကိုလည်း တွေ့ဖူးပါသည်။ ဤသို့ မသာအိမ်မှ ပြန်အလာလမ်းတွင် လပြည့်ဝန်းကြီး ထိန်ထိန်သာနေသည်ကို တွေ့ရသောအခါ မကြည့်ပဲ မနေနိုင်။ ကြည့်ပါသည်။ လပြည့်ဝန်း၏ သာယာပုံကို ခံစားမိသည်။ ၀မ်းနည်းမှုနှင့် ၀မ်းသာမှုသည် လူတစ်ဦးတည်းမှာပင် အခြားမဲ့ ဖြစ်ပေါ်တတ်သည့် ဓမ္မတာကို စာဆိုသည် မကွယ်မ၀ှက် ဟန်မလုပ်ပဲ ထုတ်ဖေါ် တင်ပြထားခြင်းဖြစ်ပါသည်။ စာဆိုတို့၏သဘောသည် ဖြောင့်မှန် တည်တံ့ရသည်ကို ယုံကြည်သော ကိယိုရအိ ဖြစ်ပါသည်။
_____________________ ဆက်ပါဦးမယ် ____________________






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။