၈၁
ဝံပုလွေအူသံ
သံပြိုင်ဆူလို့ စီစီညံ
ဆီးနှင်း ညဦးယံ။ ။
ဂျိုးဆိုး(၁၆၆၂-၁၇၀၄)
အဆူအညံနှင့် အဆိတ်အငြိမ်ကို တိုက်ထားသည့် ဟိုက္ကူတစ်ပုဒ်။ ၀ံပုလွေအူသံ ကြားရသည့်အရပ်ကား တောစပ် ဖြစ်ရမည်။ ဆီးနှင်းကျ၍ နှင်းခဲအောက်တွင် ငယ်ရုပ်မပေါ်၊ နှင်းရုပ်ဖြစ်၍ ဖွေးဖွေးဖြူနေသော တောစပ်၊ တောင်ခြေ၊ ကွင်းပြင် အရပ်မျိုးသည် လူသွားလူလာမရှိ။ တစပြင်ကဲ့သို့ အလွန်တိတ်ဆိတ်ငြိမ်သက် ကြောက်မက်ဖွယ်ကောင်းသည်။
အချိန်မှာ နေ၀င်ရိုးရီ ဆည်းဆာချိန်။ ထိုခဏ၌ တောစပ်တွင် ၀ံပုလွေတစ်အုပ် တစ်ပြိုင်တည်း အူလိုက်သည်။ တောလုံးငြိမ့်မျှ၊ တောင်လုံးသိမ့်မျှ၊ ရိုးတွင်းစိမ့်မျှ ဖြစ်သွားသည်။ ယင်းခဏကို အရဖမ်း၍ ဂျိုးဆိုးဖွဲ့လိုက်သော ဟိုက္ကူဖြစ်သည်။
___________________________________
၈၂
တည်သီး ဆွဲချိတ်လှမ်း
ကျနေထဲက အရိပ်ဆန်း
လျှောတံခါးမှာ လွှမ်း။ ။
ဂျိုးဆိုး
ဂျပန်တည်သီးသည် ပုံသဏ္ဍာန်အားဖြင့် ခရမ်းချဉ်သီးနှင့် တူသည်။ အရောင်ဝါနီသည်။ ဆောင်းဦးရာသီတွင် မှည့်သည်။
ဂျပန်ရိုးရာအိမ်တွင် ကဲလားလည်း မရှိပါ။ တံခါးလည်း မရှိ။ အိမ်ထရံဟူ၍လည်း မည်မည်ရရ မရှိ။ အိမ်လေးဘက် လေးမျက်နှာတွင် ညအခါ သစ်သားလျှောတံခါးနှင့် ပိတ်သည်။ နေ့အခါ လျှောတံခါးကို ဖြုတ်သိမ်း၍ စက္ကူလျှောတံခါးနှင့် အစားထိုးပိတ်သည်။ လေညင်း လေပြေ ရလိုလျှင် စက္ကူလျှောတံခါးကိုလည်း ဖြုတ်သိမ်းထားသည်။
တည်သီး (ဂျပန်လို ကာကီသီး) မှည့်သောအခါ ခူး၍ အခွံကို သင်ပစ်သည်။ ပြီးလျှင် လေးငါးဆယ်လုံး တံစို့နှင့် သီသည်။ သို့မဟုတ် လေးငါးဆယ်လုံး ကြိုးတစ်ချောင်းတည်းတွင် အညှာကို ကြိုးချည်သည်။ ပြီးလျှင် နေပူထိရာ တံစက်မြိတ်တွင် အချောင်း အချောင်း သို့မဟုတ် အတန်း အတန်း ယှဉ်တွဲကာ တွဲလျားချ နေလှန်းသည်။ ဥပမာအားဖြင့်ကား ပုတီးစေ့ ခန်းစီးအလှကဲ့သို့ ဖြစ်သည်။ ယင်းတည်သီးတန်းများကို ညနေ နေရောင်က ထိုးလိုက်သောအခါ ဆန်းကြယ်သော အရိပ်များသည် စက္ကူလျှောတံခါးပေါ်တွင် ကျသည်ကို အိမ်တွင်းက စာဆိုမြင်၍ စိတ်ကြည်နူးကာ ဤဟိုက္ကူကို ရေးလိုက်သည်။
_________________________________
၈၃
ဒူးတုပ်ထိုင်နေကြ
ဆေးကို ၀ိုင်းရံပြီးတော့ပါ့
အေးလေ စိမ့်လေစွ။ ။
ဂျိုးဆိုး
ဂျိုးဆိုးသည် ဤဟိုက္ကူကို ၁၆၉၄ခု၊ အောက်တိုဘာ ၂ရက်နေ့တွင် အိုဆာကာမြို့၌ ရေးသည်။ ထိုနေ့က ဂျိုးဆိုး၊ ကိယိုရအိ၊ ကိကကု စသော မိတ်ဆွေတစ်စုသည် အသည်းအသန် ရောဂါဖိစီးခြင်းခံနေရသော ဆရာက၀ိကြီး ဗသျှိုးကို ၀ိုင်းရံထိုင်နေကြသည်။ အေးစိမ့်နေသည် ဆိုခြင်းဖြင့် သူတို့တွေ စကားမပြောကြ။ မျက်နှာမဖေါ်ကြ။ ဒူးတုပ်ထိုင်ကာ တွေဝေငေးမောနေကြသည်။ ဗသျှိုးကိုယ်တိုင်လည်း မည်သည့် မရဏကဗျာကို ဖွဲ့ဆိုခဲ့ရပါမည်နည်းဟု တွေးတော ဆိတ်ငြိမ်နေပုံရသည်ဆိုသော အခြင်းအရာတို့ကို သိရသည်။ အေးစက်သော မြင်ကွင်းတစ်ရပ်ပေ။
___________________________________
၈၄
မြည်သံ တစ်ခုကြား
တစ်ကိုယ်တည်းသာ လဲကျသွား
ငှက်ခြောက်ရုပ်ပါလား။ ။
ဗွန်ချိုး(၁၇၁၄ ကွယ်လွန်)
ငှက်ခြောက်ရုပ်ဆိုသဖြင့် လယ်ကွင်းကို သတိရနိုင်သည်။ လယ်ကွင်းဆိုသဖြင့် လူသူလေးပါး သွားလာလှုပ်ရှားနေသည်ကို သတိမရနိုင်။ လူမမြင်ရ သူမမြင်ရ ခြောက်ကပ်ကပ် လဟာပြင်ကျယ်ကို သတိရနိုင်သည်။ ဤမျှကား ဒေသအားဖြင့် စဉ်းစားချက်။
ကာလအားဖြင့် စဉ်းစားလျှင်ကား ငှက်ခြောက်ရုပ်သည် စပါးမှည့်ရွှမ်းခါနီး၊ မှည့်ရွှမ်းကာစ၊ မှည့်ရွှမ်းဆဲ စာကလေး စသောငှက်များ လယ်ထဲတွင် ပျံဆင်းကျက်စားသော ဆောင်းဦးရာသီ နေပူတုန်းအခါ ဖြစ်သည်။
ထိုအခိုက် စာဆိုဗွန်ချိုးသည် ရင်ခေါင်းလောက် ကောက်ပင်များအကြား ကန်သင်းရိုးပေါ်တွင် လမ်းလျှောက်သွားသည်။ စာဆိုတို့၏ ထုံးစံအတိုင်း သူ့အတွေးနှင့်သူ၊ လဟာပြင်ထဲတွင် ကြည်လင်သော ကောင်းကင်အောက်၌ တစ်ယောက်တည်း လမ်းလျှောက်သွားသည်။ သို့မဟုတ်ကလည်း ဂျပန်တို့၏ ထုံးစံအတိုင်း ကောက်ပင်ကြားက ပိုးကောင် မွှားကောင်များကို ကြည့်ရှုကြည်နူးကာ လမ်းလျှောက်သွားသည်။ လယ်ကွင်းကျယ် လဟာပြင်ကား တိတ်ဆိတ်ငြိမ်သက်လျှက်။
အတွေးယဉ်ကြောတွင် မျောနေသောအခိုက် ဗွန်ချိုးသည် ဖြုန်းဆို အသံတစ်ခုကို ကြားလိုက်ရသည်။ အမယ်။ ဘာသံပါလိမ့်။ အလန့်တကြားလှမ်းကြည့်လိုက်သည်။ ငှက်များကို နှင်ခြောက်ရန် မူလက မားမားမတ်မတ်ရပ်တည်နေသော လူစွမ်းကောင်း ငှက်ခြောက်ရုပ်သည် မိုးလည်းမရွာ၊ လေလည်းမလာနှင့် ယခု သူ့အလိုအလျှောက် လဲသွားသည်။ အင်း၊ ငါတို့မမြင်နိုင်သည့် တရားသဘောတစ်ခုသည် ငါတို့ကို ဆွဲဖြိုဖျက်သိမ်းရန် ငါတို့နောက်က အရိပ်ပမာ တကောက်ကောက် လိုက်နေပါကလားဟု ဗွန်ချိုး တွေးမိသည်ဟု ဂျပန့်ကဗျာသဘောနှင့်အညီ ကောက်ယူနိုင်ပါသည်။ ဤသည်ကား စာဖတ်သူဖက်က တွေးတော ခံစားချက်တစ်ရပ် ဖြစ်သည်။
စာဆိုဖက်က ကြည့်ပါမူကား ဗွန်ချိုးသည် အရှိနည်း၊ အရှိစနစ်၊ အရှိဝါဒကို စွဲစွဲမြဲမြဲ လက်ကိုင်ပြု အသုံးချခဲ့သည်ဟု ပညာရှင်များက ဆိုပါသည်။ စာပေလောကတွင် (၁) အရှိဝါဒ၊ (၂) အဖီဝါဒဟူ၍ ၀ါဒနှစ်မျိုး ရှိပါသည်။ အရှိဝါဒဆိုသည်မှာ အရှိကို အရှိအတိုင်းရေးသော ၀ါဒ ဖြစ်ပါသည်။ မိမိ၏ အယူအဆ၊ အထင်အမြင်၊ ဝေဒနာခံစားချက်၊ အလိုဆန္ဒ စသည်တို့ကို ဖေါ်မပြပါ။ အဖီဝါဒဆိုသည်မှာ မိမိ၏ အယူအဆ၊ အထင်အမြင်၊ ဝေဒနာခံစားချက်၊ အလိုဆန္ဒ စသည်တို့ဖြင့် ဖီ၍ရေးသော ၀ါဒ ဖြစ်ပါသည်။ အရှိကို အရှိအတိုင်း ဖေါ်မပြပါ။ အထက်ပါ ငှက်ခြောက်ရုပ် ဟိုက္ကူကို ကြည့်ပါ။ အရှိကို အရှိအတိုင်း တင်ပြထားခြင်းမျှ ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။
ဗွန်ချိုးသည် အရှိဝါဒီဖြစ်၍ မိမိနှင့်ခေတ်ပြိုင် အဖီဝါဒီတို့အကြားတွင် မထင်ရှားခဲ့။ မကြာမြင့်မီ ပေါ်ပေါက်ထွန်းကား ထင်ရှားတော့မည့် အရှိဝါဒခေတ်၏ ရှေ့ပြေးရောင်နီကား ဖြစ်ပါလေသည်ဟု စာပေသမိုင်းဆရာများက မိန့်ဆိုပါသည်။
__________________________________
၈၅
အသိဖြစ်ပြီးမှ
ကျုပ်တို့နှစ်ဦး ခွဲခွာကြ
အို ငှက်ခြောက်ရုပ်ဗျ။ ။
အိဇင်(၁၆၄၆-၁၇၁၁)
အိဇင်သည် သေရည်ဖိုရှင်တစ်ဦး၏ သားဖြစ်သော်လည်း အိမ်မှာမနေ။ စိတ်အေးအေးထား၍ စိတ်တည်တည်ကြည်ကြည်မွေးကာ သင့်တင့်လျှောက်ပတ်ရာတွင် စာပေကြည့်ရှုဖွဲ့ဆိုနေသည်။ အထက်ပါ သူ၏ဟိုက္ကူတွင် ဤသဘောမျိုးကို တွေ့နိုင်သည်။
ရှေးအခါက ခရီးသွားရသည်မှာ လမ်းကောင်းကောင်း ရှိသည်မဟုတ်။ တောင်ကျော်၊ တောဖြတ်၊ ချောင်းကူး၊ လယ်ကန်သင်းလျှောက်နှင့် သွားကြရသည်။ ယခု အိဇင်သည် လယ်ကွင်းလဟာပြင် နေရောင်အောက်တွင် တစ်ကိုယ်တည်း ခရီးသွားနေသည်။ နေပူသဖြင့် ကန်သင်းရိုးတွင်နားသည်။ အနီးတွင် ငှက်ခြောက်ရုပ်ရှိသည်။ လူသူကင်းဆိတ်သည့် ဤလဟာပြင်တွင် လူသဏ္ဍာန်လုပ်ထားသည့် အ၀တ်စုတ် ငှက်ခြောက်ရုပ်သည်ပင် သူ၏အဖေါ်ဖြစ်သည်။ ကျနေတွင် ထိုးဆင်းနေသော ငှက်ခြောက်ရုပ်အရိပ်တွင် အိဇင် ခေတ္တခဏ ချွေးသိပ်ကောင်း သိပ်ပေမည်။ တစ်ကိုယ်ထီးတည်းအဖြစ်ဖြင့် ငြီးငွေ့ ပန်းလျနေခိုက်တွင် အသိဖြစ်ရသော ငှက်ခြောက်ရုပ်နှင့် အမြဲမနေနိုင်။ ခရီးဆက်ရန် ရှိသေးသည်။ ထို့ကြောင့် ဤဟိုက္ကူ ဖြစ်ပေါ်လာသည်။
အိဇင်၏ ခင်မင်တတ်သောသဘော၊ ကျေးဇူးသိတတ်သောစိတ်ထား၊ ပတ်ဝန်းကျင်နှင့် ရင်းနှီးပေါင်းသင်းတတ်သော ၀ါသနာတို့ကို ဤကဗျာက ဖေါ်ပြနေသည်။
ဗွန်ချိုး၏ ငှက်ခြောက်ရုပ်ဘွဲ့နှင့် ယှဉ်ကြည့်လျှင်ကား စနစ်ချင်းမတူသည်ကို တွေ့ရမည်။ အိဇင်သည် မိမိ၏ ခံစားချက်ကို ထည့်သွင်း ဖွဲ့ဆိုထားသည်။ ရင်ဖွင့်သံပါသည်။ ထို့ပြင် ဈာန်ဝါဒ သဘောတရားတစ်ရပ်ဖြစ်သည့် အနိစ္စလက္ခဏာကိုလည်း တင်ပြလိုပုံရသည်။ ချစ်ခင် ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေ၏။
_________________________________
၈၆
ညဥ့်လည်း နက်နက်လာ
လယ်ကွက်တွေရဲ့ အပေါ်မှာ
နဂါးငွေ့တန်းပါ
အိဇင်
ညအခါ ကောင်းကင်တွင် တောင်နှင့်မြောက် မီးခိုးငွေ့တန်းကြီးသဖွယ် မြင်ရသော အဖြူရောင် ခါးပန်းကြီးကို မြန်မာတို့က နဂါးငွေ့တန်းဟု ခေါ်သည်။ ဂျပန်တို့က အမ၊ နို၊ ဂ၀ (=ကောင်းကင်၏ဖြစ်) ဟုခေါ်သည်။
အိဇင်သည် လယ်ကွင်းထဲတွင် ရောက်နေသည်။ ဒီတစ်ကြိမ်တွင်မူ ငှက်ခြောက်ရုပ်နှင့် အဖေါ်လုပ်ရသော နေ့အခါမဟုတ်။ ကြယ်တာရာတို့နှင့် အဖေါ်လုပ်ရသော ညအခါဖြစ်သည်။
ညဦး နေရောင်ပျောက်စအချိန်တွင် ကြယ်များမှာ မှုန်မှုန်မွှားမွှား။ တဖြည်းဖြည်းညဥ့်နက်လာသောအခါ အမှောင်ထုလည်း နက်လာသဖြင့် ကြယ်များမှာ တောက်ပြောင်လာကြသည်။ အလွန်မှုန်သော နဂါးငွေ့တန်းသည်ပင်လျှင် ညဥ့်နက်လာသောအခါ ထင်ရှားလာသည်။
ညဥ့်နက်လာလေ ကြယ်များ တောက်ပြောင်လာလေ။ ကြယ်များ တောက်ပြောင်လာလေ လောကကြီး ဆိတ်ညံလာလေ။ လောကကြီး ဆိတ်ညံလာလေ တစ်ကိုယ်တည်းဘ၀ ထင်ရှားလာလေ။ တစ်ကိုယ်တည်းဘ၀ ထင်ရှားလာလေ ငြီးငွေ့လာလေဖြစ်သည်။ တောကြီးဆိတ်ညံ၊ ဆီးကျံကျံတွင်၊ နေရသည့် လက်ဝဲသုန္ဒရ၏အဖြစ်နှင့် အိဇင်၏အဖြစ်သည် တူနေပါသည်။
____________________________________
၈၇
ဦးဦးဖျားဖျားဝယ်
ငှက်ခြောက်ရုပ်ကို တိုက်လှဲတယ်
ဆောင်းဦး မုန်တိုင်းကွယ်။ ။
ကိုယိုရောကု(၁၆၅၆-၁၇၁၅)
ဂျပန်တို့သည် ငှက်ခြောက်ရုပ်ကို အသက်ရှိသောသူတစ်ဦး အနေဖြင့် သဘောထားကြသည်။ အစစအရာရာသိသော ပညာရှိ၊ သနားကြင်နာတတ်သော ကရုဏာရှင်၊ သည်းခံ ခွင့်လွှတ်တတ်သော ခန္တီဝါဒီ တို့အဖြစ်နှင့်လည်း အသိအမှတ်ပြုကြသည်။
တိုင်ဖုန်းခေါ်သော ဆောင်းဦးမုန်တိုင်းကို ဂျပန်တို့ ကြောက်ကြသည်။ သြဂုတ်လ၊ စက်တင်ဘာလတို့တွင် တိုင်ဖုန်းအား အလွန်ကြီးသည်။ အိမ်မိုးလွင့်နိုင်သည်။ အိမ်ပြိုနိုင်သည်။ ဆောင်းဦးမုန်တိုင်း၏ အမည်ကို ကြည့်ပါ။ နိုဝကိ ဖြစ်ပါသည်။ ကွင်းလွင်ကို ခွဲသောလေဟု အဓိပ္ပါယ်ရသည်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ ဤလေးလသည် တိုင်ဖုန်းလေကြမ်း ဂျပန်ပြည်ကို မွှေသောလများ ဖြစ်သည်။
ကိယိုရောကုသည် ဗသျှိုး၏ တပည့်ကြီးတစ်ဦးဖြစ်သည်။ ပန်းချီအတတ်တွင် လိမ္မာသည်။ ဆရာဗသျှိုးကို ပန်းချီသင်ပေးသည်ဟု အဆိုရှိသည်။ ကိယိုရောကုသည် ဟိုက္ကူဖွဲ့ရုံမျှမက ဟိုက္ကူဝေဖန်စာများကိုလည်း အကျယ်အပြန့်၊ အနက်အနဲ၊ ပွင့်ပွင့်လင်းလင်း၊ ယုံယုံကြည်ကြည် ရေးသားသည်ဟု ကျော်စောသည်။
အထက်ပါကဗျာတွင် ကိယိုရောကုသည် ငှက်ခြောက်ရုပ်ကို သနားပုံ၊ ဆောင်းဦးမုန်တိုင်းကို အပြစ်တင်ပုံ တွေ့ရသည်။ ဦးဦးဖျားဖျား ဆိုခြင်းဖြင့် တိုင်ဖုန်းလေသည် ဆောင်းဦးရာသီ လေးလအတွင်း ဆက်ကာဆက်ကာ ပို၍ ပို၍ ဒုက္ခပေးဦးမည်ကို စိုးရိမ်မှု ပြထားသည်။ တပ်ဦး ဘီလူးပါသည် ဆိုသော မြန်မာ့စကားပုံနှင့် သက်ဆိုင်ပေမည်လား မသိရပါ။
_____________________________________
၈၈
ခုခါ ပုံပြောကြား
ရှေးက ငလျင်အကြောင်းများ
မီးလင်းဖိုအနား။ ။
ကိုယိုရောကု
ဂျပန်ကျွန်းစုတွင် တစ်နေရာမဟုတ် တစ်နေရာ၌ ငလျင်မလှုပ်သောနေ့ဟူ၍ မရှိ။ ငလျင်ငယ်များကို ငလျင်တိုင်းစက်ကသာ သိသည်။ လူတို့မသိနိုင်ဟု ဆိုသည်။ မျက်မှောက်ခေတ်တွင် အကြီးဆုံးငလျင်မှာ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် လှုပ်သော ငလျင်ဖြစ်သည်။ ယိုကိုဟားမား တစ်မြို့လုံး ပျက်စီးသည်။ တိုကျိုမြို့တွင် အတော်များများ ပျက်စီးသည်။ ငလျင်နောက်ဆွယ်က မီးလောင်မှုလိုက်လာ၍ အပျက်အစီးပိုရသည်။ ပင်လယ်က ဒီကြီးရိုက်၍လည်း အပျက်အစီး လွန်ရသည်။ ထို့ကြောင့် ဂျပန်တို့ ငလျင်နှင့် အလွန်ရင်းနှီးသည်။ ရှေးဟောင်း အယူဝါဒအရ ငလျင်လှုပ်သည့် အချိန်နာရီနှင့် အညီ တခြားကပ်များဆိုက်တတ်သည်ကို အောက်ပါလင်္ကာဖြင့် အမှတ်ပြုကြသည်။
ဆယ့်နှစ်နာရီ ကပ်ရောဂါ
ရှစ်နှင့်လေးက မိုးကြီးရွာ
ဆယ်နာရီမှာ မိုးခေါင်တတ်
ခြောက်နှင့် နှစ်မှာ လေပြင်းခတ်
ငလျင် နိမိတ်ဖတ်။
(အထက်ပါလင်္ကာတွင် ဂျပန်နာရီကို စက်နာရီသို့ ပြောင်းထားသည်။)
ဂျပန်များ ငလျင်ကို ကြောက်ကြသည်။ သို့သော်လည်း မရှောင်သာ၊ မတိမ်းသာ။ ငလျင်နှင့်ပင် နေရသဖြင့် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြသည်။ ငလျင်များကြောင့် ကြောက်စဖွယ် သေကြ ကြေကြ ပျက်စီးကြသည့်အကြောင်းကို မှတ်တမ်းတင်ကြသည်။
အထက်ပါဟိုက္ကူတွင် ရှေးလွန်လေပြီးသောအခါက ငလျင်များအကြောင်းကို ခချမ်းချမ်းအေးအေးနှင့် မီးလင်းဖိုနားတွင် မီးလှုံရင်း လူကြီးသူမများက ကလေးသူငယ်များကို ရှေးစကားပုံပြင်အဖြစ် ပြောကြပုံကို ဖွဲ့ထားသည်။
ဤဟိုက္ကူတွင် စာဆို ကိယိုရောကုသည် ငလျင်လှုပ်စဉ်က ဒုက္ခရောက်ရပုံနှင့် ယခု မီးလင်းဖိုနား၌ နွေးနွေးထွေးထွေးနေရပုံတို့ကို အဖြူအမည်း တွဲဖက်ကာ ဖွဲ့ဆိုထားသည်။ တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာ ပဲ့တင်ထပ်နေသည်ကို သတိမူဖို့ရှိသည်။
_________________________________
၈၉
ချယ်ရီ ဥသြကျား
လမင်း၊ နှင်းပွင့်ဖြူဖြူများ
နှစ်ဟောင်း ကုန်လို့သွား။ ။
စမ္ပူ (၁၆၄၇-၁၇၃၂)
ဟိုက္ကူကဗျာ၏ အရေးကြီးသော အင်္ဂါတစ်ရပ်မှာ ကာလပြ ဝေါဟာရ ထည့်သွင်းခြင်း ဖြစ်သည်။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီဟု ရာသီအမည် တိုက်ရိုက်ထည့်သည်လည်း ရှိသည်။ ယင်းရာသီတို့နှင့်ဆိုင်သော ရာသီပန်း၊ ရာသီငှက်၊ ရာသီမိုး၊ ရာသီနေ၊ ရာသီလ၊ ရာသီအခြေအနေ အမူအရာ စသည်တို့နှင့်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းကို ထည့်သည်လည်း ရှိသည်။ အခြားသွယ်ဝိုက်သော နည်းတို့ဖြင့် ပြသည်လည်း ရှိသည်။ ဟိုက္ကူစာဆိုကြီး ဗသျှိုးကမူ ယင်းဝေါဟာရမျိုး မပါလျှင် ဟိုက္ကူမဟုတ်ပြီ ဟူ၍ပင် ယူသည်။ ယင်းကို ဂျပန်စကားလုံးတွင် ကိဂိုဟု ခေါ်သည်။ အချိန်ကာလကိုပြသော စကားလုံး ဆိုလိုသည်။ မြန်မာလို ရာသီညွှန်းပုဒ် ဆိုလျှင် သင့်နိုးရာသည်။
ရာသီညွှန်းပုဒ်၏ အကျိုးမှာ အကျယ်ပြရမည်ကို အကျဉ်းဖြင့် ပြီးစေခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် မြန်မာမှုတွင် ပိတောက် ဟူသော စကားတစ်ခွန်းကို ကြားရသောအခါ နောက်က တန်ခူးလ၊ သင်္ကြန်ချိန်၊ ရေကစားပွဲ၊ နွားလွှတ်ပွဲ၊ ငါးလွှတ်ပွဲ၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ဥပုဒ်ဇရပ်၊ နှစ်သစ်ကူး စသည်တို့နှင့်တကွ ယင်းတို့နှင့် ပတ်သက်သော ကျား၊ မ ကြီးငယ်တို့၏ ခံစားမှုအမျိုးမျိုးတို့သည် နိမိတ်ပုံများအဖြစ် တရိပ်ရိပ် တရေးရေး ပေါ်လာတော့သည်။ ပိတောက်တစ်လုံးနှင့် အများကြီး ကိစ္စပြီးသည်။
အထက်ပါကဗျာတွင် ဗသျှိုး၏ တပည့်ကြီး စမ္ပူက နွေဦး၏သင်္ကေတ ချယ်ရီပန်း၊ နွေ၏ ဥသြကျား၊ ဆောင်းဦး၏ လမင်း၊ ဆောင်း၏ ဆီးနှင်းတို့ကို အတိုချုပ်ပြထားသည်။ ဖတ်ခဲ့ပြီးသော ဟိုက္ကူတို့ကို ပြန်လည် ဆန်းစစ်ကြည့်ပါမူ ရာသီညွှန်းပုဒ်များကို တွေ့ရပါလိမ့်မည်။
_________________________________
၉၀
ကန်တော့ပါသေး…တဲ့
လူတွေအားလုံး ပြောကြရဲ့
နှစ်ကုန်ခါနီးကွဲ့။ ။
ရိုတစူ (၁၆၅၁-၁၇၃၉)
စာဆို ရိုတစူသည် သူဖုန်းစားဖြစ်သည်။ အိုးအိမ်အတည်တကျမရှိ။ အရပ်လှည့်၍ တောင်းခံ အသက်မွေးသည်။ ဗသျှိုးနှင့် တွေ့ဖူးသည်။ သို့သော်လည်း လွတ်လွတ်လပ်လပ် နေတတ်သော ၀ါသနာကြောင့် ဗသျှိုးဂိုဏ်းကိုမ၀င်။ တစ်ကိုယ်တော်သမား ဖြစ်သည်။
ရိုတစူသည် နှစ်ဟောင်းကုန်ခါနီး၊ နှစ်သစ်ဆန်းခါနီး လှည့်လည်တောင်းခံရာတွင် ဘာကိုမျှမရ။ ကန်တော့ဆန်ကိုသာ စားရပုံကို အထက်ပါ ဟိုက္ကူတွင် ဖေါ်ပြသည်။
နှစ်ကုန်ခါနီးတွင် ဂျပန်များ အလုပ်ရှုပ်သည်။ သူတစ်ပါးကို လှည့်မကြည့်နိုင်။ ထို့ကြောင့် ၀င်းပေါက်တွင် လာရပ်သော သူထုန်းစားအား ကန်တော့ပါသေးရဲ့ သာ ပြောလိုက်ကြသည်။
မြန်မာပြန်ချက်တွင် ရဲ့ နှင့် ကွဲ့ ပါနေသဖြင့် ရိုတစူ၏ နှလုံးထားအမှန်ကို ဖေါ်ပြရာ ရောက်ပါမည်လားဟု သံသယ ဖြစ်မိသည်။ ဂျပန်မူရင်းကို ကျနော်သဘောပေါက်သမျှ ပြောရလျှင် ၀မ်းနည်းသံလည်းမပါ။ မကျေနပ်သံလည်းမပါ။ ဘ၀အဖြစ်ကို သရော်သော ရယ်မောသံလည်း မပါ။
ကန်တော့ပါသေး….လို့၊ လူတွေအားလုံး ပြောတယ်ဗျို့၊ နှစ်ကုန် ခါနီးမို့ … ဟု ပြန်လျှင် အနက်ရိပ် ပြောင်းသွားပြန်သည်။ မို့ …ဟု ဆိုထားသဖြင့် မူရင်းတွင် အတိအလင်း ဖေါ်ပြမထားသော သဘောကို ကျနော်က ဖွင့်ဆိုထားဘိသကဲ့သို့ ရှိပြန်သည်။ ဂျပန်စကားကို မြန်မာပြန်ရာတွင် ဤပြဿနာ အလွန်ကြီးသည်။ ကျွမ်းကျင်သူတို့ ပြုပြင် နားလည်ကြစေလိုသည်။
_______________________________________
၉၁
ရေကျေး ရေငှက်ပင်
အိပ်မောကျသည် ကျွန်ုပ်ထင်
ယိုဂိုအင်းကြီးတွင်။ ။
ရိုတစူ
ဒေသမှာ လူသူလေးပါး အသွားအလာနည်းသော အင်းကြီးတစ်ခု။ အခြေအနေမှာ အလွန် ဆိတ်ညံသော အခြေအနေ။ ကာလမှာ အလွန်အေးသော ဆောင်းရာသီ။ ရာသီညွှန်းပုဒ် ထင်ထင်ရှားရှားမပါသော်လည်း အင်းတွင် လှုပ်ရှားကျက်စားလေ့ရှိသော ရေကြက်၊ ရေ၀မ်းဘဲ၊ ကြာဖက်၊ နှင်း၊ ဗျိုင်းအောက်၊ ဗျိုင်းနှမ်း စသည်တို့ကို မတွေ့ရဟု ဆိုသည်ကိုထောက်၍ ဆောင်းရာသီ၏ အအေးဒဏ် ပြင်းထန်သည်ဟု သိရသည်။
သူဖုန်းစားဘ၀တွင် တစ်ကိုယ်တည်းနေရသော ရိုတစူသည် အခါတိုင်းတွင်မူ ရေကျေး ရေငှက်များကိုကြည့်၍ အပျင်းပြေနိုင်သည်။ ယခုမှာ အရွက်ကျ ဆွေးမြည့် မည်းညစ်သွားသည့် မှော်ပင်၊ ကြာပင်၊ ပန်းပြားပင်၊ ဒိုက်ပင်များ မလှုပ်မယှက် ငြိမ်သက်နေသော အင်းရေတွင် မိမိအရိပ်ကိုသာ အဖေါ်ပြုနေရသည်။ သူ့စိတ် မည်သို့ နေမည်နည်း။ သူ့ဘ၀အကျိုးပေးကို သူ ကြံ့ကြံ့ခံရပေမည်။
___________________________________
၉၂
ငါ့ကုပ်အပေါ်မှာ
ငန်းရိုင်းကြီးများ ကျလို့လာ
နှင်းခါးရိုက် ညခါ။ ။
ရိုတစူ
ရိုတစူသည် လှေခတ်၍ ခရီးသွားနေသည်။ ညအချိန် ရေခဲလောက်အောင် အေးသဖြင့် နှင်းခါးရိုက်နေသည်။ မည်မျှ အအေးပြင်းထန်သည်ကို ပြလို၍ ကောင်းကင်တွင် ခရီးထွက်လာကြသော ငန်းရိုင်းကြီးများပင် သူ့ဦးခေါင်းကို ထိလုမတတ် နိမ့်ဆင်း ပျံသန်းကြရသည်ဟု ဆိုလိုက်သည်။ ငန်းရိုင်းများအကြောင်းကို ဖွဲ့၍ သူ့ဘ၀၏ ဆင်းရဲကြီးပုံကို ထုတ်ဖေါ်တင်ပြသည်ဟု မှတ်ယူနိုင်ပါသည်။
မြေပြင်တွင် လည်းကောင်း၊ ရေပြင်တွင် လည်းကောင်း ဆီးနှင်းခဲ၍ လောကကြီး ကုပ်ကုပ်လေး ကွေးနေချိန်တွင် အအေးဒဏ်ကို ကြောက်သဖြင့် ညအချိန်ကိုပင် မနားနိုင်ပဲ တောင်ဘက် ရာသီဥတု နွေးရာသို့ ငန်းရိုင်းများ ပျံရသည်ဟု အငြိမ်နှင့် အလှုပ်ကို တွဲပြထားသည်။ နှင်းခါးဆိုသော ရာသီညွှန်းပုဒ်သည် ဆောင်းဥတု၏ အမူအရာတို့ကို ကျောစိမ့် တုန်ခိုက်လောက်အောင် မြင်ယောင် ထင်ရောင် ခံစားမိယောင် ဖြစ်စေနိုင်သော သတ္တိနှင့် ပြည့်စုံသည်။
____________________________________
၉၃
ခုံဖိနပ်စီးလျှက်
ကျောင်းနေခင်ကြီး မြင်ရချက်
ပန်းပေါ်မှာ မိုးစက်။ ။
တိုကိုကု(၁၆၉၀ ကွယ်လွန်)
တိုကိုကုသည် ဗသျှိုး၏ လက်ရင်းတပည့်တစ်ဦး ဖြစ်သည်။ အထက်က ပြောဖူးသည့်အတိုင်း ဗသျှိုးသည် ခရီးသွားလေ့ရှိသည်။ ရာဇ၀င်၊ သာသနာဝင်တွင်သော အရပ်ဒေသများသို့ သွားရောက်လေ့လာကာ ရှေးဟောင်းအရသာကို ခံစားလေ့ရှိသည်။ ပြီးလျှင် ခရီးသွားမှတ်တမ်း ရေးလေ့ရှိသည်။ တစ်ခါသော် ဗသျှိုးသည် တပည့် တိုကိုကုနှင့်အတူ နာရာမြို့အနီး ယိုသျှိနိုတောင်သို့ ချယ်ရီပန်းရှု သွားသည်။ ထိုအခါ ကျောင်းဝင်းတွင် ခင်ကြီးတစ်ပါး ပန်းကြည့်နေသည်ကို တိုကိုကုမြင်၍ အထက်ပါ ဟိုက္ကူကိုရေးသည်။ ယင်းဟိုက္ကူကို ဗသျှိုး၏ ကျောပိုးအိတ်ထဲက လက်ရေးမူ ခေါ် အိုအိ၊ နို၊ ကိုဗုမိ ခရီးသွားမှတ်တမ်းတွင် တွေ့ရသည်။
နွေဦးရာသီတွင် ချယ်ရီပွင့်သည်။ မိုးရွာသည်။ ခင်ကြီးသည် ချယ်ရီပွင့်၍ ထွက်ကြည့်သည်။ မိုးရွာ၍ ခုံမြင့် သစ်သားညှပ်ဖိနပ်ကို စီးသည်။ ချယ်ရီပန်း၊ ရွာသောမိုး၊ ခုံဖိနပ်၊ ကျောင်းနေခင်ကြီး တို့သည် အမြင်အားဖြင့် သီးခြားဖြစ်သည်ဟု ထင်ရသော်လည်း အတွင်းသဘောအရကား အဆက်အဆံရှိကြသည်ကို ပြလိုသည်ဟု ဝေဖန်ရေးဆရာများက ဆိုကြသည်။
_________________________________
၉၄
ရေငှက် ကုန်းငှက်များ
ဆူဆူညံညံ အော်သံကြား
နှင်းမုန်တိုင်းတကား။ ။
အိုတိုကုနိ(သက္ကရာဇ် မသိ)
အိုတိုကုနိသည် မိခင်၊ ဇနီးတို့နှင့်အတူ ဗသျှိုးထံတွင် ဟိုက္ကူပညာကို သင်ယူသည်။ ဗသျှိုးကွယ်လွန်ခါနီး နာမကျန်းရှိသောအခါ အနီးမှမခွာ ပြုစုစောင့်ရှောက်သည်။
ကပ်တစ်ခုခု ဆိုက်မည်ဆိုလျှင် တိရစ္ဆာန်များ ဂနာမငြိမ် ဖြစ်တတ်သည်ကို လူများသတိပြုမိကြသည်။ ဤတွင် အလွန်အေးမြပြင်းထန်သော နှင်းမုန်တိုင်းလာခါနီး ပင်လယ်ထဲက ငှက်များနှင့် တောင်ပေါ်က ငှက်များ အုတ်အုတ်ကျက်ကျက် အော်ဟစ် ကြွေးကြော်ကြသည်ကို စာဆိုက ဖွဲ့ထားသည်။ ငှက်အော်၍ မုန်တိုင်းလာသလား။ မုန်တိုင်းလာ၍ ငှက်အော်သလား။ စာဆိုမသိ။ သို့သော်လည်း ငှက်များအော်လျှင် မုန်တိုင်းကျတတ်သည်ကို စာဆို သတိပြုမိသည်။
လောကကြီးတွင် ကပ်တစ်ခုခု ဆိုက်ခါနီး လူတို့ ဂနာမငြိမ် ဖြစ်တတ်သည့် သဘောကို စာဆိုပြောပြသည် ဟုလည်း ယူနိုင်ပါသည်။ ဤသို့မဟုတ်ပါကလည်း လာလတ္တံ့သော နှင်းမုန်တိုင်း၊ တနည်းအားဖြင့် လာနေဆဲ နှင်းမုန်တိုင်းကို ကန့်ကွက်သည့်အားဖြင့် ငှက်များ ကြွေးကြော် ဆန္ဒပြနေကြသည်ဟုလည်း အဓိပ္ပါယ်ပြန်နိုင်စရာ ရှိပါသည်။ နှင်းပွင့်ဖွေးဖွေးနှင့် ချစ်စဖွယ်ဖြစ်သော ဆောင်းရာသီကို ဒုက္ခပေးသဖြင့် မနှစ်မြို့သော လူ့သဘောနှင့် တွဲဖက် ပြဆိုထားသည်။
_____________________________________
၉၅
နွေဦးပေါက်စ လေ
ခွန်အားဗလ ပြိုင်လို့နေ
ဗီလုံး ငှက်ငယ်ပေ။ ။
ယစုအိ(၁၆၅၇-၁၇၄၃)
ဗီလုံးငှက်ငယ်သည် ကွင်းလွင်တွင် နေသည်။ မိုးမသောက်ခင်ပင် ကောင်းကင်သို့ ပျံတက်၍ တစ်နေရာတည်းတွင် အတောင်မပြတ်ခတ်ကာ ရပ်နေသည်။ ယင်းသို့ အတောင်ခတ်ခိုက် တေးသီနေသည်။
လေမရှိလည်း တခြားကိုမရွေ့။ လေရှိလည်း တခြားကိုမရွေ့။ လေထုထဲတွင် မရွေ့မလျား တည်ငြိမ်စွာနေရသည်မှာ လွယ်ကူသည်မဟုတ်။ အား အမြဲထုတ်နေရသည်။ ကောင်းကင် လေ နှင့် အမြဲ အားပြိုင်နေရသည်။
အလွန်ကျယ်ပြောသော ကောင်းကင်တွင် ကြည့်၍ရှာနိုင်ပါမှ အမည်းစက်ကလေးမျှကို မြင်ရသော ဗီလုံးငှက်သည် တေးချိုသီ၍ အတောင်ခတ်နေသည်ကို မြင်ရ ကြားရသော စာဆိုသည် အားကျကြည်နူးကာ ဤဟိုက္ကူကို ရေးလိုက်လေသည်။ ယစုအိသည် နာဂိုယာမြို့က ကုန်သည်တစ်ဦး ဖြစ်၏။
___________________________________________________________
ပြီးပါပြီ။
မင်းသုဝဏ်






ဟိုက္ကူ ကဗျာ လေ့ လာ ခွင့်ရသဖြင့်ကျေးဇူးပါ
ReplyDelete