ဒီလောက် ကျိကျိတက်ချမ်းသာနေတဲ့ကြားက လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု တိုးချဲ့လုပ်ကိုင်နေတဲ့သူ့ကို တချို့က အလွန်လောဘကြီးသူလို့ မြင်ကြတယ်။ ဟုတ်တယ်လေ သူ့မှာ ငိုစားရယ်စားမှမရှိတာ။ ရှိတဲ့သမီးတစ်ယောက်ကလည်း တိုင်းတစ်ပါးမှာ တင့်တောင်းတင့်တယ်။ လှည့်ကြည့်စရာမလို။ တချိ့ကတော့ သူ့ကို အလုပ်စွဲရောဂါရနေသူလို့ ညှာညှာတာတာ တွေးပေးပါတယ်။ သူ့ကိုနားမလည်ကြတဲ့ အဓိကအချက်ကတော့ အလုပ်စားပွဲပေါ်မှာ (တစ်ချိန်တုန်းက ငွေရောင်ဖြစ်ခဲ့ဟန်ရှိတဲ့ စက္ကူတစ်ချပ်နဲ့ပတ်ထားတဲ့ ဗူးစုတ်လေးကို ဖွင့်ဖွင့်ပြီး မကြာခဏ အားရပါးရရှူလေ့ရှိတဲ့ ကိစ္စပါပဲ။ ဘာမှမရှိတဲ့ စက္ကူဗူးစုတ်လေးထဲကလေကို တစ်ဝကြီးရှူသွင်းလိုက်ပြီးတိုင်း လန်းဆန်းတက်ကြွသွားတတ်တာကိုလည်း သူ့ဝန်ထမ်းအားလုံး မြင်ဖူးနေကျ။ ဒီစက္ကူဗူးလေးရဲ့ သမိုင်းကိုမသိသ၍ သူ့ကိုဘယ်သူကမှ နားလည်နိုင်မှာမဟုတ်။ ဟို တစ်ချိန်က ... .... ... ။ သာမန်ကုမ္ပဏီဝန်ထမ်းတစ်ယောက် ဘ၀တုန်းကပေါ့ ..... .....
______________________________
``ဟေ့ ! ဒီစားပွဲပေါ်မှာ တင်ထားတဲ့ ငွေရောင်စက္ကူ ဘယ်ရောက်သွားလဲကွ ´´
``သ...သမီးယူသွားတာ ဖေဖေ´´``ဘာ ! အဲဒီစက္ကူက သုံးစရာရှိလို့ ယူမဆော့ပါနဲ့လို့ ဖေဖေပြောထားတယ်လေ...သွား..ခုပြန်ယူခဲ့ ´´
သူ့ရဲ့လေသံမာမာအဆုံး သမီးက ငွေရောင်စက္ကူကို ပြန်ယူလာပေးခဲ့ပါတယ်။ ဒါပေမယ့် .... .... .... ....
``ဟာ...ကဲကွာ ...ကဲ....ကဲ...´´
``ဖြန်း......ဖြန်း...´´
``အီးဟီး....ကြောက်ပါပြီ ဖေဖေရဲ့ ´´
သူ့ဒေါသကို မထိန်းနိုင်တော့။ ပြန်ယူလာပေးတဲ့ ငွေရောင်စက္ကူက ကပ်ကြေးနဲ့ ဖြတ်တောက်ထားပြီးနေပြီ။
_____________________________
အရင်းနှီးဆုံး မိတ်ဆွေအပေါင်းအသင်းတွေလောက်သာ ဖိတ်ကြားပြီး အကျဉ်းချုံးလေးပြုလုပ်တဲ့ သူ့ရဲ့မွေးနေ့ပွဲ။သူငယ်ချင်း ၄/၅/၁၀ ယောက်လောက်ပဲဆိုတော့ အိမ်မှာပဲ စားကြ၊ သောက်ကြ၊ ရယ်ကြ၊ မောကြပေါ့။ ပြောဆိုရယ်မောနေကြရင်း စားပွဲပေါ်ကို လှမ်းကြည့်လိုက်တော့ သူငယ်ချင်းတွေပေးထားတဲ့ လက်ဆောင်ထုပ်တွေကြားမှာ ငွေရောင်စက္ကူဗူးလေးတစ်ခု။ ဗူးပေါ်မှာက မညီမညာမသပ်မရပ်၊ သတ်ပုံမမှန်တဲ့ စာလေးတစ်ကြောင်း။``ဖေဖေ့အတွက် မွေးနေ့လက်ဆောင်´´တဲ့။ ယူပြီးဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှမရှိ။ နေရာတကာရှုပ်ရန်ကော ဆိုတဲ့အကြည့်နဲ့ သမီးကို လှမ်းကြည့်လိုက်တော့ သူ့ကစားစရာအရုပ်လေးတွေဘေးမှာ ဒူနှစ်လုံးကိုဖက်ပြီး ငြိမ်ငြိမ်လေးထိုင်နေတယ်။
သူက စက္ကူဗူးကို သမီးဆီ ပြန်ပစ်ပေးလိုက်ပြီး .... ...
``ရော့ သမီး...နောက်ကို လူကြီးတွေကိစ္စထဲ ဘယ်တော့မှ ၀င်မရှုပ်နဲ့ ကြားလား´´
ခဏကြာတော့....သမီးက စက္ကူဗူးလေးပိုက်ပြီး သူ့ဘေးတရွေ့ရွေ့ရောက်လာတယ်။ သူက ဘာလာရှုပ်ပြန်ပြီလဲဆိုတဲ့အကြည့်မျိုးနဲ့ တစ်ချက်လှည့်ကြည့်လိုက်တော့ သမီးက မ၀ံ့မရဲလေသံလေးနဲ့ ...
``ဟို....ငွေရောင်စက္ကူလေးက ဒီဗူးမှာပတ်ဖို့ သမီးယူတာပါ ... ဖေဖေ့ကို မွေးနေ့လက်ဆောင်ပေးချင်လို့ ...နောက်...ဒီဗူးထဲမှာ ဘာမှမရှိဘူးဆိုတာ မဟုတ်ဘူးဖေဖေ ...သမီးလေ ဖေဖေ့အတွက် မွေးနေ့လက်ဆောင်အနမ်းတွေ ဒီဗူးလေးထဲမှာ အပြည့်ကြီးမှုတ်ထည့်ပေးထားတာပါ´´
`` ဟာ......သမီးလေးရယ်´´
သမီးကို ဖျပ်ကနဲပွေ့ချီလိုက်ပြီးတဲ့နောက် သူ့မှာ ပြောစရာစကားတို့ ဆွံ့အ။ သမီးက မငိုနဲ့လေဖေဖေရဲ့ ဆိုပြီး သူ့မျက်ရည်တွေကို သုတ်ပေးနေတယ်လေ။ အဲဒီနေ့ကစလို့ သူ့ရဲ့အလုပ်စားပွဲပေါ်မှာ ငွေရောင်စက္ကူဗူးလေးကို အမြဲတင်ထားဖြစ်ပါတော့တယ်။ အလုပ်တွေအရမ်းပင်ပန်းလာလို့ သမီးလေးရဲ့ ဗူးထဲက မွေးနေ့လက်ဆောင် အနမ်းတွေကို တစ်ချက်ရှူလိုက်ရတိုင်း သူ့အတွက်ကတော့ ဗီတာမင်အားဆေးတစ်သန်းပါပဲ။
ကိုကြည်နိုင်
သူငယ်ချင်းတစ်ယောက်ရဲ့ Forward mail ကိုမှီးပြီး ၀တ္ထုသွားပုံစံလေးနဲ့ ပြန်ရေးထားတာပါ။






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။