ရိုင်းလိုက်တဲ့ ကြမ္မာရယ်
အဲဒီရေအောက်မှာ
ဘာတွေများ ထူးထူးဆန်းဆန်းရှိလို့
ကလေးတွေကို ခေါ်သွားရတာလဲ။
...............
အဖေတွေက ...
ချောင်းရေပြင်ကိုကြည့်၊
မျက်ရည်ဝဲ၊ အံကြိတ်၊
တောက် တစ်ချက် ပြင်းပြင်းခေါက်ရုံ ...
အမေတွေက ...
ဘယ်တော့မှ ကျောင်းကိုမရောက်တော့မယ့်
အဖြူအစိမ်းဝတ်စုံနဲ့ လွယ်အိတ်လေးတွေကို
ရင်မှာ ပွေ့ ...ပွေ့ ....ပြီး ....သားရေ ...သားလေးရေ လို့သာ ....။
..............
ကြမ္မာဆိုး မွှေပုံများပြောပါတယ်
တစ်ရွာကနေ တစ်ရွာအကူး ၄၅ မိနစ်ခရီးလေးမှာမှ
မုန်တိုင်းနဲ့ တည့်တည့်တိုးကြသတဲ့
ပိုက်ကွန်တွေတင်ထားတဲ့ စက်လှေနဲ့မှ သွားဖြစ်ကြသတဲ့။
................
တကယ်ဆို ...
ကျောင်းကိုယ်စားပြု ဘော်လုံးသွားကန်ကြတာပါ
စစ်တလင်းကို ထွက်သွားတာမှ မဟုတ်တာ
ဘယ်အငြိုးကြောင့်များ
ကလေးတွေကို အစုလိုက် အပြုံလိုက် ... ... ...
၄၅ မိနစ်လောက်ပါ
၄၅ မိနစ်လေးလောက် နောက်ကျပြီးမှ
လာပါတော့လား မုန်တိုင်းရယ်။
...........
ခုတော့ ....

....................
ကြည့်ကြစမ်းပါဦးဗျာ
တစ်ချက်လေး မိုက်သွေးကြွပြတဲ့ မုန်တိုင်းအောက်မှာ
စက်လှေက ၀ုန်းကနဲ စင်းစင်းမှောက်
ကလေးတွေ
ကလေးလေးတွေ
ဘော်လုံးသွားကန်မယ့် ကျောင်းသားလေးတွေလေ
သူတို့ချစ်တဲ့ ဆရာမနှစ်ယောက်နဲ့အတူ
ပိုက်ကွန်တွေအောက်မှာ အထွေးထွေးအငြိငြိ
အဲဒီလိုနဲ့ ...
ဘော်လုံးကွင်းဆီ
သူတို့ ....
ဘယ်တော့မှ မရောက်ကြတော့ဘူး
အမေ့ရဲ့ အိမ်ဆီ
သူတို့ ....
ဘယ်တော့မှ ပြန်မရောက်ကြတော့ဘူး။
..................
ဘာတတ်နိုင်ကြတော့မှာလဲ

ကိုကြည်နိုင်
_________________________________________________
ဘ၀အဆက်ဆက် ဒီလိုအဖြစ်ဆိုးမျိုးမှ ကင်းဝေးကြပါစေ
ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်နိုင်ကြပါစေ
ကျနော်တို့ပြုခဲ့ဖူးလေသမျှ ကုသိုလ်အမှုအစုစုကို အမျှပေးဝေရင်း
ဒီနေရာကနေပြီး တလေးတနက် ဆုတောင်းပေးပါတယ်
.............................................................

6th. October. 2010နေ့က လပွတ္တာမြို့လေးရဲ့အောက်ဖက်က ဆလူဆိပ်ကျေးရွာလေးမှာ ဖြစ်သွားခဲ့တဲ့ ရင်နင့်စရာဖြစ်ရပ်လေးပါ။
ဆလူဆိပ်ကျေးရွာကျောင်းကနေ မိချောင်းအိုင်ကျေးရွာကျောင်းကို ဘော်လုံးသွားကန်ရင်း လမ်းမှာ မုန်တိုင်းမိကြတဲ့ ကျောင်းသားလေးတွေရဲ့ အဖြစ်ဆိုးပေါ့။ မနိုင်ဝန်ကို ဇွတ် နင်းကန်တင်ထားတဲ့ စက်လှေကြောင့် ကလေးလေးတွေခမြာ .... ....

0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။