သွေးမတော် သားမစပ်တဲ့ လူတစ်ယောက်ရဲ့ကိုယ်စား အခြားသူတစ်ယောက်က ``အစားဝင် သေပေးချင်တယ်´´ ဆိုတာမျိုး ရှိခဲ့တယ်ဆိုရင် ယုံကြည်ကြပါ့မလား။ မဖြစ်နိုင်ပါဘူး။ ကိုယ့်သွေးသားလည်းမဟုတ်၊ ကိုယ့်ချစ်သူလည်းမဟုတ်တဲ့ လူတစ်ယောက်အတွက် အခြားသူတစ်ယာက်က အစားဝင်သေပေးချင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ... ...တကယ်ဖြစ်ခဲ့တယ်ရှင်။ ဟောဒီဆေးရုံမှာ သူနာပြုအဖြစ် ကျမတာဝန်ကျခဲ့တဲ့သက်တမ်းတလျှောက် ဒီလိုအဖြစ်မျိုးရှိလိမ့်မယ်လို့၊ ကြုံရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ပါ။ ဒါပေမယ့် ... ...ကျမ တကယ်ကြုံခဲ့ရတာပါ။
ဒီသားအဖကို ကျမစတင်ပြီးသတိထားမိတာက သူနာပြုတစ်ယောက်၊ ဒါမှမဟုတ် သာမန်လူတစ်ယောက်ရဲ့ ဂရုဏာမျိုးနဲ့ပါ။ အမေမရှိရှာတော့တဲ့ အဲဒီကလေးလေးရဲ့ အဖေကလည်း တနယ်တကျေးမှာသွားပြီး ၀မ်းရေးအတွက် ရုန်းကန်နေရတာတဲ့။ ကလေးလေးကို ပတ်ဝန်းကျင်အိမ်နီးနားချင်းတွေက ၀ိုင်းဝန်းစောင့်ရှောက်နေရတာပေါ့။ နှစ်လတစ်ခေါက်၊ သုံးလတစ်ခေါက်လောက် အဖေဖြစ်သူက ပြန်ပြန်ရောက်လာပြီး ကလေးအတွက် စားဖို့ သောက်ဖို့၊ နေရေး ထိုင်ရေးတွေကို စီစဉ်ပေး။ ပြီးရင် ကလေးလေးကို ကျမတို့ဆေးရုံခေါ်လာ၊ ဆေးလာပြ။ နောက် ...အလုပ်ရှိရာပြန်သွား ...ပေါ့။
သြော် ... ကလေးက ကံဆိုးရှာသူလေးပေါ့ရှင်။ အမေကလည်းမရှိ။ အဖေကလည်း အဝေးမှာအနေများ။ နောက် ... ကလေးမှာ``ရိုးတွင်းချင်ဆီက သွေးဆဲလ်တွေ ထုတ်မပေးနိုင်တဲ့ရောဂါ´´ ရှိနေရှာတာ။ ဒီတော့ သူ့မှာသွေးဆဲလ်အသစ်တွေ ပြန်ပြန်ဖြစ်မလာပဲ သွေးသွင်းပြီး အသက်ရှင်နေရတဲ့ကလေးပေါ့။
အစပိုင်းတုန်းက (၆)လတစ်ကြိမ်လောက် ကျမတို့ဆေးရုံမှာ သွေးလာလာသွင်းရတာလေ။ သူ့အဖေက အချိန်မီပြန်ရောက်လာပြီး ကလေးကိုဆေးရုံခေါ်လာ၊ သွေးလာသွင်းပေးပေါ့။ ဒီလိုဆို ကလေးက သွေးသွင်းလိုက်ရတာရော သူ့အဖေကို တွေ့လိုက်ရတာရော အဲဒီအားနှစ်ခုလုံးကြောင့် လန်းဆန်းနေပြန်တာပေါ့။ တစ်ခါတစ်လေ သွေးသွင်းချိန်တန်လို့ သူ့အဖေပြန်ရောက်မလာပဲ ၂ရက် ၃ရက်လောက် နောက်ကျသွားရင် ဆေးရုံရောက်တဲ့အချိန်မှာ ကလေးက ဖွေးဖွေးဆွတ်ပြီး အားမရှိတော့ဘူး။ အသံလေးသဲ့သဲ့နဲ့ သူ့အဖေကို ဘယ်မှမသွားတော့ပဲ သူ့အနားမှာပဲနေဖို့ တတွတ်တွတ်ပြောနေရှာတော့တာ။
ဒီလိုနဲ့ ...(၆)လတစ်ကြိမ်လောက် သွေးသွင်းနေရာကနေ (၄)လတစ်ကြိမ်။ နောက်...(၂)လတစ်ကြိမ်လောက် သွေးသွင်းနေရတဲ့အဖြစ်ကို ရောက်လာပါတော့တယ်။ အခြေအနေပိုဆိုးလာတဲ့သဘောပေါ့ရှင်။ ကျမအနေနဲ့ ကလေးကို သနားရုံကလွဲလို့ ဘာများတတ်နိုင်မှာလဲ။
တစ်နေ့မှာပေါ့ ...
ကျမဘ၀တစ်လျှောက်လုံး တသသ သတိရနေတော့မယ့် တစ်နေ့မှာပေါ့ ....
``ဆ....ရာ..မ´´
ကျမလှည့်ကြည့်လိုက်တော့ ဖြူဖွေးအားပျော့နေတဲ့ မျက်နှာလေးတစ်ခု ။
``ဟင် ! သားလေး ဘာဖြစ်လာတာလဲ ...ဘာဖြစ်လို့လဲ´´
``သား အရမ်းမော...နေလို့ပါ ...ရင်ဘတ်ထဲကလည်း အောင့်တယ် ...ဖေဖေက ဒီညနေ(၅)နာရီ ရထားနဲ့မှ ပြန်ရောက်မှာမို့ ..သား ..တစ်ယောက်ထဲ လာခဲ့တာပါ...ဆရာ ...မ ရယ် သ... သားကိုလေ အမောပြေတဲ့ ဆေးလေး ထိုးပေးပါလားဟင် ...´´
ကလေးရယ်...ဖြစ်မှဖြစ်ရလေ။ ကလေးသဘာဝအရ``ဆေး´´ဆိုတာကြီးကို အင်မတန်ကြောက်ကြတာ။ ခုတော့ ..သူ့ခင်မျာ မခံမရပ်နိုင်လွန်းလို့ ကိုယ်တိုင်ဆေးလာတောင်းသောက်ရှာတာ။ကျမ.. ကုတင်တစ်လုံးကို အမြန်ပြင်ဆင်ပြီး ကလေးလေးကို ပွေ့တင်ထားလိုက်ပါတယ်။
``ဆရာ မ ရယ် ...သားကို ဆေးထိုးပေးပါနော် ...´´
``အေး ...အေးပါ သားလေးရယ် ခဏနေရင် ကောင်းသွားမှာပါနော် ´´
``..... ..... .. ...´´
``ဆရာမ ...ဘယ်နှစ်နာရီ ထိုးပြီလဲ ...ဟင်´´
``နှစ်နာရီထိုးပြီသားလေး ...မကြာတော့ဘူးနော် ..သားဖေဖေရောက်တော့မှာ´´
`` ....... ...... .. .....´´
``ဆ.....ဆရာ....မ ...သ....သားလေ ..ဘာမှ ...မမြင်ရတော့ ...ဘူး ...ဆ..ရာမ.. ရယ်´´
``အို ! သားလေးရယ် ...သားအရမ်းအိပ်ချင်နေလို့ ဖြစ်မှာပါ´´
မဟုတ်မှန်းသိသိနဲ့ ကျမ ဇွတ်ကြီးလိမ်ပြောဖို့ တစ်ခုကလွဲလို့ ....
``သ....သား အိပ်လိုက်ဦး...မယ်...ဆရာမရယ်....နော် ...ဖေဖေလာရင်လေ ..သားကို .....နှိုး ..... .... ...´´
ကလေးလေးတစ်ယောက် ဒီကမ္ဘာမြေထဲကနေ အပြီးတိုင် ကြွေလွင့်သွားခဲ့ပါပြီ။ နာရီကိုတစ်ချက်ကြည့်လိုက်တော့ .....သုံးနာရီခွဲ....။
ဘုရား ဘုရား ....ကံကြမ္မာရယ် ရက်စက်ပါဘိတော့။ တစ်နာရီခွဲလောက်လေးပါ။ ကလေးလေးတစ်ယောက် အတွက် တစ်နာရီခွဲလောက်ကလေးတောင် မစောင့်ပေးနိုင်တော့ဘူးလား ? ဒါမှမဟုတ် ...ကလေးလေးနဲ့ သူ့အဖေနဲ့ ပြန်တွေ့ချိန်အထိ ကျမကိုပဲဖြစ်ဖြစ် ခဏလောက် အစားဝင်ပြီး သေခွင့် ပေးလို့ မရနိုင်ဘူးလားရှင်.......။ ။
ကိုကြည်နိုင် 29.September.2010
____________________________________________
တစ်ခုသော တနင်္ဂနွေနေ့မှာပေါ့ ...မြ၀တီရုပ်သံကလာတဲ့ {Living Song} အစီအစဉ်မှာ တေးရေးဆရာ ဆရာဆိုင်းခမ်းလိတ်ရဲ့တေးများ ထုတ်လွှင့်ခြင်းကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာဆိုင်းခမ်းလိတ်ရဲ့ ရှင်သန်ဆဲတေးတစ်ပုဒ်ဖြစ်တဲ့``အဖေရောက်တဲ့အခါ ပြန်နှိုးပါ´´ဆိုတဲ့ သီချင်းလေးဖြစ်ပေါ်လာပုံအကြောင်း ဆရာဆိုင်းခမ်းလိတ်ကိုယ်တိုင် ရှင်းပြခဲ့တာလေးကို ကြားမိရာက ဒီ Post လေး ဖြစ်လာပါတယ်။ ဆရာဆိုင်းခမ်းလိတ်ရဲ့ သီချင်းခေါင်းစဉ်အတွက်၊ ဆရာ့ရဲ့အနုပညာအတွက် ဒီနေရာကနေ ဦးညွှတ်လိုက်ပါတယ်....







0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။