Wednesday, September 21, 2011

ဂျပန်စာပေ အဦးအစ(အပိုင်း ၃)

ကမာကုရခေတ် ၁၃ ရာစုဦးပိုင်းတွင် ဂျပန်ဘုရင်မင်းမြတ် ဂေါတောဘ(Emperor Gotoba)(၁၁၈၀- ၁၂၃၉)သည် ကဗျာပေါင်းချုပ် ကျမ်းတစ်စောင်ပြုစုရန် ပညာရှင်တို့အား အမိန့်တော်မှတ်သည်။ ဤသည်ကြောင့် ဖူဂျီဝါရာ နော တေအိက(Fujiwara No Teika)(၁၁၆၂-၁၂၄၁)သည် ရှင်ကောကင်ရှု(Shinkokinshu) ကဗျာကျမ်းသစ်တစ်စောင်ကို ပြုစုစီရင်သည်။ ဘုရင့်အမိန့်အရ ပြုစုရခြင်းကြောင့် ဖွဲ့စည်းပုံကို အထူးဂရုစိုက်ရသော ကဗျာကျမ်းဖြစ်သည်။ သို့ကြောင့် ကဗျာအနှစ်သာရချို့တဲ့သော ကျမ်းအဖြစ်သာ အသိအမှတ်ပြုခံရသည်။ သို့သော် ထိုကျမ်းတွင်ပါဝင်သော ဆိုင်ဂျို(Saigyo)(၁၁၁၈-၁၁၉၀)၏ ကဗျာများမှာမူ အလွန်ပြောင်မြောက်ပါပေသည်ဟု သီးသန့် မှတ်ကျောက်တင်ခံရသည်။


မုရောမာချိခေတ်တွင် ဂျပန်၌ စာပေအပြောင်းအလဲနှစ်ရပ် ပေါ်ပေါက်သည်။ ကဗျာပုံစံသစ်နှင့် ပြဇာတ်ပုံစံသစ် ပေါ်ထွန်းခြင်းဖြစ်သည်။ စာဆိုနှစ်ဦးတို့က အခံ/အအုပ်ဖြင့် စပ်ဆိုသော ကဗျာစနစ်သစ် ပေါ်ထွန်းလာခြင်းဖြစ်သည်။


ပမာအားဖြင့် ....မြန်မာပြည်၊ သာယာဝတီမင်းလက်ထက်တွင် ဖိုးသူတော်ဦးမင်း(၁၁၆၀-၁၂၁၀)နှင့် လူဥိးမင်း (၁၁၄၆-၁၂၀၉) ဟူသည့် စာဆိုတော်နှစ်ဦး တပြိုင်နက် ပေါ်ထွန်းခဲ့သည်။ ထိုစာဆိုနှစ်ဦး၏ ကဗျာများအနက် တင်္ခနုပ္ပတ္တိဥာဏ်ဖြင့် ရုတ်တရက်စပ်ဆိုရသော ဒွေးချိုးတို့မှာ ထင်ရှားသည်။ ဒွေးချိုးဟူသည် အခံ/အအုပ် ကာရန်ဖြင့် စပ်ဆိုရခြင်းဖြစ်သည်။ တစ်ခါသော် သာယာဝတီမင်းက ပဲပြုတ်ဖြင့် ပွဲတော်တည်ပြီး လေလည်မိလေသည်။ မိဖုရားကြီးက ပျော်စေလိုသောသဘောဖြင့် စာဆိုကြီးနှစ်ဦးအား ဘုရင်လေလည်မိသည့် ကိစ္စကို ကဗျာစပ်ဆိုခိုင်းပါလေသည်။ စာဆိုကြီး လူဦးမင်းက ချက်ခြင်းပင် ... ... ...


“ပဲကလေးက စိမ့်လိုက်တာ
ပြောစရာကွဲ့ရှိဘူး”
ဟု အခံပိုဒ်ကို စပ်ဆိုလေလျှင်... ဖိုးသူတော်ဦးမင်းက မဆိုင်းမတွပင်
 
“ညအခါ
လသာသာ ကိုယ်တော်သုံးတယ်
လေပုန်းကမြူး”

ဟု အအုပ်ပိုဒ်ကို စပ်ဆိုလိုက်ပါသည်။

ဂျပန်ကဗျာစပ်ထုံးတွင်လည်း ထိုကဲ့သို့ပင် အခံ/အအုပ်ဖြင့် စပ်ဆိုသော ကဗျာအမျိုးအစား ပေါ်ထွန်းလာခဲ့သည်။နာရာခေတ်က ထွန်းတောက်ခဲ့သော ၀ဏ္ဏ(၁၃)လုံးဖြင့် ဖွဲ့သည့် တန်က ကဗျာကိုပင် အခံ/အအုပ်ဖြင့် ပုံစံပြောင်း ဖွဲ့ဆိုခြင်းဖြစ်သည်။ဤသို့ဖြင့် ဂျပန်စာပေတွင်လည်း စာဆိုနှစ်ဦးက အခံ/အအုပ်ဖြင့်စပ်ဆိုသော ရင်ဂါ (Renga) ကဗျာစပ်ထုံးပေါ်လာသည်။ ဤသို့ အခံ/အအုပ်ဖြင့် စပ်ဆိုသော ရင်ဂါ ကဗျာစပ်ထုံးကို အနောက်တိုင်း ပညာရှင်တို့က ချိတ်ဆက်ကဗျာ( Linked Verse ) ဟု အမည်တပ်သည်။

နောက်ပိုင်းတွင် ၀ဏ္ဏ ၃၁ လုံး ရင်ဂါကဗျာများမှ ၀ဏ္ဏ ၁၇ လုံးဖြင့်ပြီးသော ရင်ဂါကဗျာများက ပို၍တွင်ကျယ်လာခဲ့သည်။ ၀ဏ္ဏ ၁၇ လုံးကို အခံ/အအုပ်ဖြင့်စပ်ဆိုသော ရင်ဂါကဗျာစပ်ထုံးကို ၁၇ရာစု၏ အကျော်ကြားဆုံးကဗျာဆရာ ဘရှိုး(Basho) ၏ ကဗျာများတွင်ပင်တွေ့ရသည်။ ဘရှိုး၏ ကဗျာတစ်ပုဒ်တွင်....

“တိမ်လိပ်ကြွေ
မြေပြင်သို့သက်ဆင်း
တောင်ထိပ်ငွေရည်ဖြန်း
စန်းသောတာမင်း”

ဟုဖွဲ့ဆိုထားသည်ကို တွေ့ရသည်။ ထိုကဗျာတွင် “တိမ်လိပ်ကြွေ၊ မြေသို့သက်ဆင်း” ဟူသော အခံပိုဒ်ကို “တောင်ထိပ်ငွေရည်ဖြန်း၊ စန်းသော်တာမင်း”ဟု အအုပ်ပိုဒ်ဖြင့် ချိတ်ဆက်ထားကြောင်း တွေ့ရပေမည်။

နောက်ပိုင်းတွင် ၀ဏ္ဏ ၁၇ လုံးဖြင့် အခံ/အအုပ် ဖွဲ့အပ်သော ရင်ဂါကဗျာစပ်ထုံးမှသည် ၀ဏ္ဏ ၁၇ လုံးဖြင့်ပင် ပထမပိုဒ် ၅ လုံး၊ ဒုတိယပိုဒ် ၇ လုံး၊ တတိယပိုဒ် ၅ လုံး ပုံစံဖြင့်ဖွဲ့ဆိုသော ကဗျာများအဖြစ် တဖြည်းဖြည်းပုံစံပြောင်းလာခဲ့သည်။

“အိုင်အိုကြီးပါလား
အလို...ရွှေဖား ခုန်ဆင်းသွား
ပလုံ..ရေသံကြား”

အထက်ပါကဗျာသည် မြန်မာတို့နှင့် အလွန်ရင်းနှီးသော ကဗျာတစ်ပုဒ်ဖြစ်ပြီး ဆရာကြီး မင်းသုဝဏ်က ဘယသာပြန်ခဲ့ခြင်းဖြစ်သည်။ ဤဖွဲ့ပုံသည် ဂျပန်ကဗျာများအနက် အလွန်လူကြိုက်များသော၊ ဂျပန်တို့ အလွန်မြတ်နိုးသော “ဟိုက္ကူ”ကဗျာအဖွဲ့ပင်ဖြစ်ပါတော့သည်။                     ။


မှီငြမ်း။      ။ ဆရာမောင်ထင်၏ ကမ္ဘာ့စာပေအညွှန်း
                Donald Keene...Anthology of Japanese Literature
                Lu Hsun...Old Tales Retold
 
ကျွန်တော့်ရဲ့ ခုဆောင်းပါးကို ဒီနေရာမှာ နားခွင့်ပြုပါခင်ဗျာ...။ ဂျပန်စာကို တစ်လုံးသော်မျှ ကျွန်တော်မတတ်ပါ။ ထို့ထက်ပို၍ ဟိုက္ကူကဗျာကို ဖတ်ဖူးရုံသာရှိပါသည်။ ယခုဆောင်းပါးမှာ ကျွန်တော်ဖတ်မိသလောက်၊ ကျွန်တော်မှတ်မိသလောက်ကို သူငယ်ချင်းများအတွက် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ တစ်ခုခု လိုအပ်ချက်၊ မှားယွင်းချက်များရှိပါက ထောက်ပြ  ပြင်ဆင်ပေးကြပါခင်ဗျာ။
ယခုဆောင်းပါတွင် အချက်အလက်မှားယွင်းခြင်း(သို့) အားနည်းချက်ရှိခြင်းများ ပါဝင်နေပါက ကျွန်တော်မှီငြမ်းသော မူရင်းစာရေးသူ ပညာရှင်များနှင့် လုံးဝ မသက်ဆိုင်ပါ။ ကျွန်တော်၏ တာဝန်သာဖြစ်ပါကြောင်း။
 
 
ချမ်းမြေ့ကြပါစေ
ကိုကြည်နိုင်





0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။