ရှေးဂျပန်တို့၏ လူ့ဘောင်အဖွဲ့အစည်းမှာ လူမျိုးစုကိုအခြေခံသည်။ ဘုရင်မှာ လူမျိုးစုခေါင်းဆောင်မျှသာဖြစ်သည်။ ကျန်သောလူမျိုးစုနှင့် အခြားဘုရင်များအပေါ် တန်ခိုးအာဏာ မရှိချေ။ သက္ကရာဇ်(၆၄၅) ခုနှစ်တွင် နန်းတွင်းအရေးတော်ပုံတစ်ရပ် ပေါ်ပေါက်သည်။ ထိုအရေးတော်ပုံအပြီး၌ ဂျပန်ဘုရင်သည် ပဒေသရာဇ်အပေါင်းတို့၏ ဦးစီးဦးကိုင် ဖြစ်လာသည်။ ဤကား ပဒေသရာဇ်တို့၏ အာဏာအလုံးကိုသိမ်းပိုက်၍ ဧကရာဇ်နိုင်ငံ ထူထောင်ခြင်းဖြစ်သည်။
ဧကရာဇ်နိုင်ငံဖြစ်လာပြီးနောက် ဂျပန်တစ်နိုင်ငံလုံး၏ မင်းနေပြည်မှာ နာရာမြို့ဖြစ်လာသည်။ နာရာမြို့ မင်းနေပြည်ဖြစ်သောနှစ်မှာ (၆၄၆) ခုနှစ်ဖြစ်သည်။ (၇၉၄) ခုနှစ်တွင် မင်းနေပြည်ကို နာရာမြို့မှ ကျိုတိုမြို့သို့ ပြောင်းရွှေ့သည်။ နာရာမြို့တွင် ထီးနန်းစိုက်ခဲ့သောကာလတစ်လျှောက်လုံးကို နာရာခေတ်ဟုခေါ်သည်။ (ထိုနာရာခေတ်တွင် ဂျပန်စာပေသမိုင်းစတင်ကြောင်း အပိုင်း-၁- တွင်ဖေါ်ပြခဲ့ပြီး။)
နာရာခေတ် တရုတ်၊ဂျပန်ဆက်ဆံရေးမှာ အလွန်ရင်းနှီး၍ ကောင်းမွန်ပြေပြစ်သည်။ ဂျပန်နန်းတွင်းသူ၊နန်းတွင်းသားတို့သည် တရုတ်စာပေကျမ်းဂန်တို့ကို အမြတ်တနိုးသင်ယူကြသည်။ (ပုဂံခေတ်တွင် နန်းတွင်းသားတို့က ပါဠိစာပေကို တလေးတစားသင်ယူကြသကဲ့သို့) တရုတ်ယဉ်ကျေးမှု၊ ကိုရီးယားယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများ အထူးသြဇာလွှမ်းသောကာလဖြစ်သည်။ ထိုခေတ်တွင် နန်းတွင်းကဗျာ၊ ဂီတများ တဟုန်ထိုးထွန်းကားလာခြင်းကြောင့် စာပေဆိုင်ရာရွှေခေတ်ဟု သတ်မှတ်ကြသည်။ တန်က(Tanka) ခေါ် ပိုဒ်တိုကဗျာနှင့် နဂဥတ(Nagauta)ခေါ် လင်္ကာရှည်တို့ စတင်ပေါ်ထွန်းရာကာလလည်းဖြစ်သည်။
ကမ္ဘာ့စာပေအရပ်ရပ်တွင် ကဗျာ၊ စကားပြေနှစ်မျိုးအနက် ဦးစွာပထမ ကဗျာကိုသာလျှင် စာပေအရာသွင်းလေ့ရှိသော နိယာမအတိုင်း ဂျပန်စာပေ အဦးအစတွင်လည်း မန်ယိုရှူ ခေါ် ကဗျာပေါင်းချုပ်ကျမ်းသည် ဂျပန်စာပေ၏ အဓိကနေရာကို ရောက်လာခဲ့သည်။ ထိုကျမ်းကို ဟိတောမာရော၊ အကာဟိတော၊ သြကုရ၊ ယာကာမောချိ စသည့် နန်းတွင်းစာဆိုတို့က စုပေါင်းရေးသားကြသည်။ ကဗျာပုဒ်ရေ(၄၅၀၀) ကို အတွဲပေါင်း(၂၀) ခွဲထားသည့်ကျမ်းဖြစ်သည်။ နဂဥတု လင်္ကာရှည် ၄၀၀ ကျော်နှင့် တန်က ကဗျာတိုပုဒ်ရေ ၃၂၄ ပုဒ်ပါဝင်သည်။
တန်က ကဗျာမှာ စာကြောင်းရေ ငါးကြောင်းစီရှိသည်။ ပထမနှင့် တတိယစာကြောင်းတို့မှာ ငါးလုံးစီ၊ ကျန်စာကြောင်းများ ခုနှစ်လုံးစီဖြင့် စုစုပေါင်း စာလုံးရေ (၃၁) လုံးရှိသည်။ နဂဥတ လင်္ကာရှည်မှာ စာကြောင်းရေ (၁၅၀) ရှိသည်။ ထိုကဗျာအမျိုးအစားသည် ရှစ်ရာစုနှစ်လွန်သော် တိမ်ကောလေသည်။ သက္ကရာဇ်(၇၅၁)တွင် ဂျပန်စာဆိုတို့က တရုတ်လိုရေးသားသော ကိုင်ဖူဆို(Kaifuso) ကဗျာပေါင်းချုပ်ကို ပြုစုသည်။ ထိုကဗျာပေါင်းချုပ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာ အဖွဲ့အနွဲ့များကို တွေ့လာရသည်။
ကိုင်ဖူဆိုကျမ်းကြောင့် ဂျပန်စာပေမှာ တရုတ်စာပေ၏ မိတ္တူဖြစ်သည်ဟု ဝေဖန်ခံခဲ့ရသည်။ စင်စစ် ထိုကျမ်းမှာ တရုတ်လိုဝတ်စားထားသော ဂျပန်စစ်စစ်သာဖြစ်သည်။ ကိုင်ဖူဆိုကျမ်းတွင် မင်းသားကြီး အိုစု(Prince Otsu)(၆၆၂-၆၈၇)၏ ကဗျာမှာ ထင်ရှားသည်။ နန်းတွင်းပုံကန်မှုကြောင့် အသတ်ခံရအံ့ဆဲဆဲ မင်းသားကြီးက သူ့ကဗျာကို ဤသို့ဖွဲ့ခဲ့သည်။

“ယခု ငါသည် သေရွာသို့ မြန်းရအံ့
ရွှေကျီးသည် အနောက်ဖက်တဲအိမ်စုများ၌
နားလျှက်ရှိပြီ။
တိုတောင်းလှသည့် ဘ၀သက်တာ
ကုန်ဆုံးတော့မည့်အကြောင်းကို
ဗဟိုစည်က နှိုးဆော်နေပြီ။”
ရွှေကျီးသည် အနောက်ဖက်တဲအိမ်စုများ၌
နားလျှက်ရှိပြီ။
တိုတောင်းလှသည့် ဘ၀သက်တာ
ကုန်ဆုံးတော့မည့်အကြောင်းကို
ဗဟိုစည်က နှိုးဆော်နေပြီ။”
ထိုကဗျာ၌ ရွှေကျီးဆိုသည်မှာ နေမင်းကို ကိုယ်စားပြုသော အလင်္ကာစကားဖြစ်သည်။( မြန်မာတို့က နေမင်းကို ဥဒေါင်းမင်းဟု ရည်ညွှန်းသကဲ့သို့ ) မင်းသားကြီး အိုစုက တရုတ်လိုရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ဤကဗျာကိုကြည့်ခြင်းအားဖြင့် တရုတ်စာဖြင့်ရေးသော်လည်း ဂျပန်အတွေးစစ်စစ်ဖြစ်ကြောင်း မြင်နိုင်သည်။ ဗုဒ္ဓဘာသာမှ “သင်္ခါရ” အငွေ့အသက်တို့ကိုလည်း တွေ့ရမည်ဖြစ်သည်။
ကိုကြည်နိုင်
ဆက်ပါဦးမယ်ခင်ဗျာ
မှီငြမ်း။ ။ ဆရာမောင်ထင်၏ ကမ္ဘာ့စာပေအညွှန်း
Donald Keene...Anthology of Japanese Literature
Lu Hsun...Old Tales Retold

0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။