Wednesday, September 21, 2011

ဂျပန်စာပေ အဦးအစ(အပိုင်း ၁)


ဂျပန်ခေတ် စာပေအကြောင်းကိုပြောလျှင် ဂျပန်သမိုင်းကြောင်းတို့ကို ချန်လှပ်ထား၍မရ... ဂျပန်တို့ကား ခေတ်/စနစ်/ယဉ်ကျေးမှု အရာအားလုံးတွင် ဒဏ္ဍာရီများကသာ ရှေ့မှမြင်သာထင်ရှားဦးဆောင်နေသည်။ တကယ့်ဖြစ်ရပ်များကို ဒဏ္ဍာရီလာဖြစ်ရပ်များက နောက်နှောင်းလူတို့ ဒွိဟပွားဖွယ် ဖုံးလွှမ်းနေတတ်သည်။

ခရစ် ၇၂၁ တွင် ယာဆုမာရော(Yasumaro) က တရုတ်အက္ခရာဖြင့်ရေးသော  ကောဂျိကိ(Kojiki) ကျမ်းပေါ်ထွက်ခဲ့သည်ဆို၏။ ထိုကျမ်းမှ သမိုင်းဦးခေတ်တွင် ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုး ပေါ်ပေါက်လာပုံကိုသိရသည်။ ဒဏ္ဍာရီဆန်ဆန်ပင်ဖြစ်သည်။

ကမ္ဘာဦး၌ အိဇာနာဂီနှင့် အိဇာနာမီ နတ်မောင်နှမတို့ ရှိကြလေသည်။နတ်တို့၏သနင်း နေနတ်မင်းက ထိုမောင်နှမကို ဂျပန်နိုင်ငံတော် ထူထောင်စေဟု အမိန့်တော်မှတ်ခဲ့သောဟူ၏။ ထိုအခါ နတ်မောင်နှမတို့က ရတနာလှံကို သမုဒ္ဒရာရေထဲနှစ်၍ ကောင်းကင်သို့ထောင်ပြီး နေနတ်မင်းအား အရိုအသေပြု၏။ လှံမှကျသော ရေစက်ပေါင်း(၄၂၂၃) စက်မှ ဂျပန်ကျွန်းပေါင်း ၄၂၂၃ ကျွန်းပေါ်ထွန်းလာသည်ဟု ထိုကျမ်းက ပြဆိုသည်။ ထို့နောက် နတ်မောင်နှမတို့ အိမ်ရာထူထောင်ကြသောအခါ အိဇာနာဂီ နတ်ယောက်ကျား၏ လက်ဝဲမျက်လုံးမှ ရာဆု အမည်ရှိသော နတ်သမီးကိုဖွုားမြင်သည်။ ပထမဆုံး ဂျပန်ဧကရာဇ် ဂျင်မူ(Emperor Jimmu) သည် ထိုနတ်သမီးမှ ဆင်းသက်လာသူဟုဆို၏။ထို့ကြောင့် ဂျပန်တို့သည် နေနတ်နွယ်ဟု အစွဲပြုခေါ်တွင်ကြလေသည်။

ဂျပန်စာပေဆိုင်ရာ သုတေသီတို့က ဂျပန်နိုင်ငံ၏ စာပေသမိုင်းနှင့်ပတ်သက်၍ .....ရှေးဟောင်းခေတ်၊ ရှေးဂန္ထ၀င်ခေတ်၊ အလယ်ခေတ်၊ မရှေးမနှောင်းခေတ်၊ ခေတ်သစ် ဟု ပိုင်းခြားကြသည်။
 
၁။ နာရာခေတ်( Nara Period ) မတိုင်မီကာလကို ရှေးဟောင်းခေတ်၊
၂။ နာရာခေတ်နှင့် ဟေအိယန်ခေတ် ( Heian Period ) နှစ်ခေတ်ပေါင်းကို ရှေးဂန္ထ၀င်ခေတ်၊
၃။ ကမာကူရ နှင့် မူရောမာချိခေတ် (Kamakura and Muromachi Periods)နှစ်ခေတ်ပေါင်းကို အလယ်ခေတ်၊
၎။ ယေဒိုခေတ်( Edo Period ) ကို မရှေးမနှောင်းခေတ်၊
၅။ မေအိဂျီ ဘုရင့်ခေတ်( Meiji Era ) မှ ဟိရိုအိတို ဘုရင့်ခေတ်(ံHerohito Era) ထိကို ခေတ်သစ်ဟု ခွဲခြားပြခဲ့သည်။


ဂျပန်တို့၏ စာရေးခြင်းအတတ်ကို တရုတ်နိုင်ငံမှ ရသည်ဟု အဆိုရှိသည်။ ကိုရီးယားတို့က သယ်လာပေးသည်ဟု မှတ်တမ်းအချို့တွင်တွေ့ရသည်။ ဂျပန်ဒဏ္ဍာရီများအရ ဘီစီ(၃၀၀)အတွင်းက တရုတ်လုင်ငယ် သုံးရာနှင့် တရုတ်လုံမငယ် သုံးရာတို့သည် ဖူဂျီယာမတောင်ရိပ်ကိုခို၍ အာယုစွမ်းအင်ဆေးကို မှီဝဲရန်အလို့ငှာ ဂျပန်ကျွန်းသို့ ရောက်လာကြသည်။ ထိုနေရာ၌ပင် သက်ဆုံးတိုင် နေထိုင်သွားကြသောဟူ၏။ ဤကား တရုတ်နှင့် ဂျပန်တို့ ဆက်စပ်ပုံ ဒဏ္ဍာရီသက်သက်သာဖြစ်ပါသည်။

မှတ်တမ်းများအရ ခရစ်ကိုးရာစုနှစ် ဂျပန်နိုင်ငံသန်းခေါင်စာရင်းတွင် တရုတ်နှင့် ကိုရီးယားလူဦးရေမှာ ဂျပန်နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၁% ရှိကြောင်းတွေ့ရသည်။ ဂျပန်၊ တရုတ်၊ ကိုရီးယားတို့ ကူးလူးဆက်ဆံမှုရှိခဲ့ကြောင်း အထောက်အထားဖြစ်သည်။

သက္ကရာဇ် (၃၈၄) ခုနှစ်တွင် ကိုရီးယားလူမျိုး သံတမန် အာချိကီ(Achiki) က ကွန်ဖြူးရှပ်၏ ဂန္ထ၀င်ကြမ်းတို့ကို ဂျပန်ဘုရင်အား ဆက်သသည်။ ထိုကျမ်းတို့ကိုလေ့လာရန် ဂျပန်ဘုရင်က တရုတ်သုခမိန် ၀နိ(Wani) ကို ပင့်ဖိတ်ရသည်။ ထိုသုခမိန်ထံမှ တရုတ်စာတို့ကို ဂျပန်ဘုရင်နှင့်တကွ မှူးမတ်တို့က လေ့လာသင်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် တရုတ်စာလုံးများကို ဂျပန်တို့က အပြီးအပိုင် ယူငင်မွေးစားခဲ့ကြသည်။ စာလုံးပုံစံကိုသာ ယူခဲ့ကြခြင်းဖြစ်သည်။ အသံကား ကိုယ်ပိုင်အသံဖြင့်သာ ဖတ်သည်။ ဥပမာ ... တရုတ်စာလုံး “ရင်” ကိုယူ၍ ဂျပန်တို့က “ဟိတော” ဟု အသံထွက်သည်။

ဂျပန်တို့၏ မူရင်းအသံမှာ (၄၇) သံရှိသည်။ ထို(၄၇) သံအတွက် တရုတ်စာလုံးပုံစံ ၄၇ လုံးကိုယူ၍ စာရေးခြင်းစနစ် စတင်သည်။ ဤသို့ဖြင့် “ဟိရဂန” ဟုခေါ်သော ဂျပန်စာရေးနည်းစနစ် ပေါ်ပေါက်လာခဲ့သည်။ ထို ဟိရဂန စနစ်ဖြင့် စာရေးသည့်အခါ အသံအချိတ်အဆက်၊ အတွဲအစပ် အလွန်ခက်လေသည်။ ကိုးရာစုနှစ် နာရာခေတ်သို့ ရောက်သည့်အခါ နောက်ထပ်အက္ခရာ ၄၇ လုံးကို ဂျပန်တို့က ကိုယ်တိုင်တီထွင်ခဲ့သည်။ “ကတကန”စနစ်ဟုခေါ်တွင်ခဲ့သည်။ ဤသို့ဖြင့် ဟိရဂနနှင့် ကတဂန တို့ တွဲဖက်လိုက်သည့်အခါ အဆင်ပြေချောမွေ့သော ဂျပန်စာရေးနည်းစနစ် စတင်ပေါ်ပေါက်လာပါတော့သည်။

ဂျပန်စာရေးနည်းစနစ် ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ သုတေသီတို့ပင်လျှင် အမျိုးမျိုး ၀ိဝါဒကွဲခဲ့ကြ၏။ မည်သို့ပင်ယူဆကြသည်ဖြစ်စေ ဂျပန်စာပေ စတင်ပေါ်ပေါက်လာသောခေတ်ကို နာရာခေတ်ဟု တရားဝင် အတည်ပြုထားခဲ့ကြပါသည်။   
 
 
မှီငြမ်း။      ။ ဆရာမောင်ထင်၏ ကမ္ဘာ့စာပေအညွှန်း
                Donald Keene...Anthology of Japanese Literature
                Lu Hsun...Old Tales Retold


ဆက်ပါဦးမယ်ခင်ဗျာ...
 
 
လေးစားစွာဖြင့် 
ကိုကြည်နိုင်


0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။