Wednesday, September 21, 2011

အေပေးတစ်ယောက်ရဲ့ မာစီဒီးတမ်းချင်း




(၁)
ကျွန်တော် အထက်တန်းကျောင်းသားတုန်းကပါ.. ဆရာမေးလိုက်တဲ့ မေးခွန်းတစ်ခုကို တစ်တန်းလုံးမဖြေနိုင်ပဲ ကျွန်တော် တစ်ယောက်ပဲ ဖြေနိုင်ခဲ့တယ်ဗျ... အဲ ..... ကျွန်တော် တစ်ယောက်ပဲ နားရွက်ဆွဲပြီး ထိပ်ထိုးခံလိုက်ရတယ်။

ဒီလိုပါ ။ ကျွန်တော်တို့ရဲ့ မြန်မာစာဆရာက စာသင်ရင် ကျောင်းသားနဲ့ အပြန်အလှန် ဆွေးနွေးတဲ့ပုံစံနဲ့ အမြဲသင်ပါတယ်။ တစ်နေ့တော့ ကဗျာတစ်ပုဒ်ကို သူ့ဘက်ကအမြင် ဘယ်လိုရှိကြောင်း ရှင်းပြပါတယ်။ ပြီးရင် ..... ကျွန်တော်တို့ဘက်ကအမြင်ကို မေးတော့မယ်ပေါ့။ မေးမယ်လုပ်တုန်း လက်ထဲကမြေဖြူ လွတ်ကျသွားလို့ ဆရာက မြေဖြူကုန်းကောက်ရင်း ပြောလက်စ စကားဆက်ပြောပါတယ်။

 “အဲဒီတော့ .....တပည့်တို့ဘက်ကအမြင်က ဘယ်လိုရှိလဲဟေ့”
တစ်တန်းလုံးငြိမ်ပြီး စဉ်းစားနေချိန်ကျွန်တော်တစ်ယောက်ထဲ ထရပ်ပြီး .....
“အတော်ကြည့်မကောင်းဘူးဆရာ ..... ဟီး”
ကျွန်တော့် ဆိုလိုရင်းကို သဘောပေါက်သွားကြတော့ တစ်တန်းလုံး ၀ါးကနဲ ထရယ်ကြတာပေါ့။ ဆရာကတော့ ကျွန်တော့်ဘေးရောက်လာပြီး ကျွန်တော့်ကို နားရွက်လိမ်၊ ထိပ်ထိုးသွားပါတယ်။ “အတော်အမြင်စူးရှတဲ့ အေပေး” လို့လည်း ဂုဏ်ပြုသွားပါသေးတယ်။



(၂)
အထက်တန်းကျောင်းသားဘ၀က အဖြစ်လေးပါလဲ။ ကျောင်းစဖွင့်တဲ့နေ့မှာ ကျောင်းသူအသစ်တစ်ယောက် ကျွန်တော်တို့အတန်းကို ရောက်လာပါတယ်။ (အတော်လှတယ်ဗျ ..... ဟီး) ကံကောင်းထောက်မစွာပဲ အဲဒီကျောင်းသူကို ဆရာမက ကျွန်တော့်ရှေ့တည့်တည့်က ခုံမှာလာပြီး နေရာချပေးပါတယ်။ (သူ့ခမြာ အလွန်ကံဆိုးသွားပြီလို့ အဲဒီတုန်းက မသိရှာဘူးပေါ့)

ကျွန်တော်လေ ..... အဲဒီကျောင်းသူကလှတော့ နာမည်လေးသိချင်လာရောဗျ။ ဒါနဲ့ အသာလေးမတ်တပ်ရပ်၊ သူ့ပုခုံးပေါ်ကကျော်ပြီး ရှေ့မှာချထားတဲ့ စာအုပ်အဖုံးကို လှမ်းဖတ်ကြည့်လိုက်ပါတယ်။ စာအုပ်ဖုံးမှာရေးထားတဲ့ သူ့နာမည်ကိုမြင်လိုက်ရတော့ ကျွန်တော့်ရင်ထဲ ဟာကနဲ ဖြစ်သွားတယ်ဗျာ။ သူ့မိဘတွေကိုလည်း ရက်စက်လိုက်ကြတာလို့ စိတ်ထဲက ထင်သွားမိတယ်။ ဒီလောက်လှတဲ့သူလေးကို ဒီလိုနာမည်ကြီး ပေးရက်ကြတယ်ဗျာ။ နောက်ဆုံးတော့ ကျွန်တော် မမြိုသိပ်နိုင်တော့ဘူးဗျ။ အဲ့ဒီကောင်မလေးကို ...

“ဟဲ့ ..... ဟဲ့”
ကောင်မလေးက ဆတ်ကနဲ လှည့်ကြည့်ပြီး .....
“ဘာလဲ”
“နင့်ကို နင့်မိဘတွေက ဘာဖြစ်လို့ ကားနံပါတ်ကြီးကို နာမည်လုပ်ပြီးပေးထားတာလဲဟင်”
“အမ်!”
ကောင်မလေး ကြောင်စီစီဖြစ်သွားပြီးတော့ ..... .....
“ဘာ ..... ဘာဖြစ်လို့လဲဟင်”
“ဟိုလေ ..... နင့်စာအုပ်အဖုံးကို ငါ အမှတ်တမဲ့ လှမ်းကြည့်လိုက်တော့ ၀၀၁၀၇ လို့တွေ့လို့ ..... ဖြစ်မှဖြစ်ရလေဟာ”
“ဘာ ! ..... ဘာကားနံပါတ်လည်း အဲဒါငါ့နာမည်ဟဲ့ ဒီမှာမတွေ့ဘူးလား “ထာဝရ” လို့ရေးထားတာ ..... အကန်းရဲ့”


ကျွန်တော့်ရဲ့ စူးရှတဲ့အမြင်ကြောင့် အရမ်းလှတဲ့ ကျောင်းသူလေးခမြာ “မာစီဒီး” လို့ အမည်တွင်သွားပါတော့တယ်။


_________________ ကိုကြည်နိုင် __________________


ဆရာနဲ့ ကျွန်တော့်ရဲ့မာစီဒီးလေးကို သတိရနေတုန်း ကိုကျော်ဆက်က “အမြင်များ” ခေါင်စဉ်နဲ့ Tag လာလို့ ရေးလိုက်တာပါ။ ကိုကျော်ဆက်ကတော့ စာခန့်ခန့် ရေးစေချင်လို့ ခေါင်းစဉ်ခန့်ခန့် ရွေးပြီး Tag လိုက်ပုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က စာခန့်ခန့် မရေးတတ်လို့ ရေးတတ်သလို ရေးလိုက်ရကြောင်းပါ။

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။