Saturday, March 2, 2013

စင်တော်ဖွင့်အမီ

.


.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)

.

4 comments:

  1. သဘာဝဘေးထက် လူလုပ်တဲ့ဘေးက ပိုပြီးရက်စက်တာ သေချာပါတယ် ။

    ReplyDelete
  2. မှန်ပါတယ်။ တလောကလုံး ရွှေဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ရင်တောင် နေမကွယ်အောင်တော့ ကြိုးစားပေးသင့်ပါတယ်။ တစ်ယောက်တစ်လက်နဲ့ အားလုံးက ကိုယ်နိုင်သလောက် ဝိုင်းဝန်းကုညီပေးဖို့ပဲ လိုတာပါ။

    ReplyDelete
  3. ကဗျာလေးရဲ့အဆုံးသတ်ခါနီးလေးမှာ ဂရုဏာသံလေးတွေနဲ့ရယ်...
    အင်း...
    အပြစ်မဲ့ မျက်နှာလေးတွေနဲ့ အဆင်မပြေကြရှာတဲ့ ကလေးလေးတွေ ဘယ်လောက်များနေပြီလဲ မသိတော့ပါဘူးဗျာ...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  4. လူသားတွေမှာ နှလုံးသားအဟာရဓါတ်နည်းနေသမျှ ငြိမ်းချမ်းရေးနဲ့ ဝေးမြဲ
    ဝေးဆဲ ဖြစ်နေပြီး ရက်စက်တဲ့ကံကြမ္မာဆိုတာကလည်း အလွယ်တကူ ကျရောက်နေအုံးမှာပါ ။ ဒါကြောင့်ကဗျာလေးကိုခံစားဖတ်ရှုရင်း နှလုံးသားအဟာရတွေ လူတွေမှာ အမြန်ဆုံး ဖြစ်တည်နိုင်ပါစေလို့ ဆုတောင်းရင်းးးးးးးးးးးးးးးးးး ။

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။