Sunday, September 25, 2011

ဒဏ်


ဒဏ်

ခင်ပွန်းသည်တွေက
တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားတဲ့
ဇနီးသည်တွေရဲ့ အသံတွေကို
နားထဲမှာ ခုထိ
စူးစူးနစ်နစ် ကြား ကြားနေတုန်း …။

ဇနီးသည်တွေက
သားအတွက်၊ သမီးအတွက်၊ ဇနီးအတွက် စွန့်စားရင်း
မိသားစုအသက်ကို
သူ့အသက်နဲ့ အလဲအထပ်လုပ်သွားသူ
ခင်ပွန်းသည်တွေကို ခုထိ
နင့်နင့်သည်းသည်း  အမှတ်ရ ရနေတုန်း …။

``အမေရေ …သား..ကြောက်တယ်´´
``အဖေရေ …သမီးကို ..ကယ်ပါဦး´´
ကြားသာ ကြားလိုက်၊  ဘာမှ လုပ်ပေးခွင့်မရလိုက်တဲ့
အဲဒီအသံတွေ အမိအဖတို့နားထဲ ခုထိ
ကျယ်ကျယ်လောင်လောင် တိုး တိုးဝင်လာတုန်း….။

ဘယ်တော့မှ ကျောင်းကို မရောက်တော့မယ့်
အဖြူအစိမ်းဝတ်စုံနဲ့ လွယ်အိတ်နွမ်းလေးတွေကို
ပွေ့ ပွေ့ပြီး ``သားရေ …ကျောင်းတွေ ဖွင့်ပြီလေ´´
``သမီးရေ … သမီးလေးရေ ´´လို့
ဆို့ဆို့နင့်နင့် ငို ငိုနေရတုန်း …။

ဒါပဲလား …အမှတ်တရဆိုတာ
ဇနီးသည် ငြိကျန်ခဲ့တဲ့ တဘက်ဟောင်းလေးက
တစ်သက်တာ အမှတ်တရတဲ့လား။

ရော့.. မင်းတို့ သားအမိတွေ မြဲမြဲတွယ်ထား ဆိုတဲ့
ပလပ်စတစ်ပုံးဟောင်းလေးကရော
ခင်ပွန်းသည် ကိုယ်စားတဲ့လား။

မိဖမဲ့ သားတွေ
သားသမီးမဲ့သွားတဲ့ မိဘတွေ
သေလို့ သေသွားကြရတဲ့သူတွေ
မသေပဲ သေသွားကြရသူတွေ
ချီပိုးယုယရမယ့်သူ မရှိတော့တဲ့ အဘိုးတွေ
သူတို့ ပုံပြင်ကို နားထောင်ပေးမယ့်သူ မရှိတော့တဲ့ အဘွားတွေ
တွေ ….
တွေ….
တွေ ….
သူတို့ …သူတို့ တွေရဲ့
အမှတ်တရတွေမှာ
(မဟုတ်ဘူး)
အမှတ်ထင်ထင် ဒဏ်ရာတွေမှာ
သွေးစိမ်းရှင်ရှင်တွေ ခုထိ
စီး စီးကျနေတုန်း…။     ။


ကိုကြည်နိုင်


၂.၅.၂၀၁၁ နေ့မှာ ကျရောက်မယ့် နာဂစ် သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အတွက် မြန်မာမာတီပလိုင်းသုံးစွဲသူများအဖွဲ့ (M::M::G) က ကျင်းပတဲ့ ကဗျာပြိုင်ပွဲမှာ
ပထမဆုရခဲ့တဲ့ ကဗျာလေးပါ။


1 comment:

  1. ကဗျာလေးက ပထမရတာလဲမပြောပါနဲ့တော့ရှင် ဖတ်ပြီး
    ရင်ထဲကိုတမ်းထိတာပါပဲ

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။