Sunday, September 25, 2011

ပိတောက်နဂ္ဂတစ်

 
 
ရော်ရွက်ဝါတို့ ၀ဲလွင့်သက်ကြွေလေပြီ။ ကြည့်လေရာတိုင်း စူးရှဖွေးလက်သည့်နေခြည်က ဖိတ်ဖိတ်လျှံတောက်ပ။ စာသင်ကျောင်းတို့ခေတ္တပိတ်ချိန်။ နေ့ခင်းနေ့လည် လမ်းတကာပေါ်မှာ လူမဆိုထားဘိ ခွေးပင်ခြေမဆန့်ချင်သည့်အချိန်။ မန်ကျည်းပင်၊ ကုက္ကိုပင်၊ တမာပင်၊ ပိတောက်ပင်တို့အရိပ်အောက် ယပ်တောင်တဖျပ်ဖျပ်ဖြင့် စကားတွတ်ထိုးနေကြချိန်။ နွေရင့်လေပြီ။ ဟိုနားသည်နားမှ တူးပို့သံ ဖျောက်ဆိပ် ကြားရပြီ။ သင်္ကြန် ....  ....  မြန်မာလူမျိုးတို့ရဲ့ မွေးရာပါရောဂါပိုးတို့ ခေါင်းထောင်ထချိန်။

ကိုကျုံတိုင်းရဲ့ရင်ထဲမှာလည်း သင်္ကြန်ပိုးတို့က လူးလူးလွန့်လွန့် တူးပို့သံပေးနေကြပြီ။ အင်း ... သင်္ကြန်ဝတ္ထုလေးတစ်ပုဒ်တော့ အချိန်မီအခါမီ ရေးပြီး လက်သင့်ရာ မဂ္ဂဇင်းတစ်စောင်ဆီပို့လေဦးမှ..။ ဒီဝတ္ထုအတွက် ပထမဆုံး ဖြတ်ရမယ့် အယ်ဒီတာစားပွဲက မဒမ်ကျုံတိုင်း။ မဒမ်ကျုံတိုင်းဖတ်ပြိးလို့ စိတ်တိုင်းကျလေမှ စာတိုက်မှတဆင့် မဂ္ဂဇင်းတစ်ခုခုသို့ပို့ပေရော့။

``အိမ်ရှေ့ပိတောက်ပင်အိုကြီးကား ညကရွာခဲ့သည့်မိုးတစ်ဖြိုက်ကြောင့် ငယ်မူငယ်သွေးကြွရွလျှက် စိမ်းလတ်နုဖတ် မြရည်လိမ်းလဲ့ ပိတောက်ရွက်တို့ကြားမှာ ၀ါရွှေရောင်ပိတောက်တို့က ကြွားဝင့်မင်းမူလျှက်။´´

ဟုတ်ပြီ ..... ၀တ္ထုကိုဒီလိုလေး စ ရမယ်။ ဒါမှသင်္ကြန်ဆိုတာကို ချက်ခြင်းမြင်သာလာမှာ။ ကိုကျုံတိုင်း၏ သင်္ကြန်ဝတ္ထုကြီး စ ဖွင့်လေပြီ။

``နွေမ ..အောင့်ကိုပြောထားတာ မှတ်မိသေးလားဟင်´´
``ဟင် .. နွေမက ဘာပြောထားလို့လဲ´´
``အပေါ်ကို မော့ကြည့်လိုက်စမ်းနွေမ´´
``ဟယ် ! ပိတောက်တွေ .. ခူးပေးပါလားအောင်ရယ်  နော် ´´
``နွေမရယ်  အဆင်သင့်ပါပဲ။ နွေမအတွက် ပိတောက်ပန်းကို အစောကြီးကတည်းက အောင်ခူးထားပြီးသားပါ။ ကဲ ... ပိတောက်တွေပွင့်ရင် အဖြေပေးမယ်ဆို ... ခုပေးတော့ ´´
``အို´´
ပါးပြင်လေး ရဲတွတ်ရှိန်းမြကာ ခေါင်းလေးငုံ့သွားသည့် နွေမ၏ ဆံစဦးမှာ အောင့်ရဲ့ပိတောက်ဖူးလေးကို တယုတယပန်ဆင်ပေးလိုက်သည်။ နွေမ နှင့် အောင်၏ အချစ်စာမျက်နှာကို အတာရေအေးအေး ပန်းပိတောက်မွှေးမွှေးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါပြီ။

မိုက်တယ်ကွာ ...တကယ့် ရိုမန်တစ်လေးပဲ။ ဒါကို ဒုတိယပိုဒ်မှာထားရမယ်။ ငွားငွားလွင့်လွင့်ရှင်သန်နေသော စိတ်ကူးတို့ဖြင့် ကိုကျုံတိုင်း၏ သင်္ကြန်ဝတ္ထုကြီး ဆက်လက်ရွက်လွှင့်နေပါပြီ။ အင်း ... ဇာတ်သိမ်းကို ဘယ်လိုသိမ်းရပါ့။ ပျော်စရာလား၊ လွမ်းစရာလား။ စာဖတ်သူရင်ထဲ ဖတ်ပြီးပျောက်သွားတာမျိုး မဖြစ်စေရ။ တစ်ခုခုကျန်ရစ်ခဲ့ရမည်။ ဒါဆို ... ဇာတ်နာအောင်ရိုက်ချလိုက်ပေါ့။ စာဖတ်သူကို တသသဖြစ်ကျန်ရစ်ပေတော့။ ကဲ .. ပြောနေကြာတယ်။ နွေမ နဲ့ အောင်ကို ခွဲပစ်လေမှ ...။

``ပိတောက်တွေ ဆယ်ကြိမ်ဖူးပွင့်ခဲ့ပြီနွေမရယ်...။ အစိုးရ၀န်ထမ်းဆိုတဲ့ ထားရာနေ စေရာသွား မင်းမိဘကြောင့် တို့တွေဝေးခဲ့ကြတာ ဆယ်နှစ်တောင်ရှိပါပေါ့လား...´´
အိမ်ရှေ့ပိတောက်ပင်ကြီးတွင် ၀င်းဝင်းဖိတ်လဲ့ပွင့်နေကြသော ပိတောက်ပွင့်တို့ကို မော့ငေးရင်း အောင့်အတွေးတို့ကား အတိတ်ကာလဆီသို့ တရစ်ဝဲ၀ဲ။

``နွေမရယ် ... တကယ်တော့ ဟောဒီပိတောက်ပန်းတွေဟာ မင်းရဲ့ကိုယ်ပွား၊ အောင့်အသည်းနှလုံးတွေပါပဲ။ နွေမအတွက်ကလွဲလို့ ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး ... ဒါကြောင့် အောင်လေ နွေမ မရှိချိန်ကတည်းက ဒီပိတောက်တွေကို ဘယ်သူ့ကိုမှ အခူးမခံခဲ့ဘူး။ အောင်ကိုယ်တိုင်လည်း မခူးခဲ့ဘူး။ သူ့အတိုင်းကြွေကာမှ ကြွေကုန်ရော့ပဲ။ ပိတောက်ပင်ကြီးကတောင် အောင့်ကိုပြောနေပြီနွေမရယ် ...မင်းက ငါ့ဘ၀ကို အဓိပ္ပါယ်မဲ့အောင် လုပ်တယ်တဲ့။ ငါ့မှာ ပွင့်သာပွင့်နေရတယ် ဘယ်သူမှလည်း ပန်ခွင့်မရရှာဘူးတဲ့ ...´´

အလဲ့ .... ဇာတ်သိမ်းကတော့ အတော့်ကိုမိုက်နေပြီ။ အခုတောင်ကြေကွဲစရာကောင်းလှပြီ ခပ်ဆတ်ဆတ်လေး တစ်ချက်လောက် ထပ်ရိုက်ချလိုက်ဦးမယ်။ နာလေရော့ ....ဇာတ်။

``မင်းရဲ့ဆံနွယ်ဦးမှာ ပထမဆုံးပန်ပေးခွင့်ရခဲ့တဲ့ ပိတောက်ခက်လေးဟာ ခုချိန်ထိ အောင့်နှလုံးသားရဲ့ ရင်ထက်အက္ခရာအဖြစ်ရှိနေဆဲပါ နွေမရယ်´´
``သားရေ ....´´
 
ပိတောက်ပင်ကိုမော့ငေးရင်း အတိတ်ခရီးရှည်ဆီလွင့်မျောနေတဲ့ အောင်တစ်ယောက် မီးဖိုခန်းထဲမှ အမေ့ခေါ်သံကြောင့် ပစ္စက္ခကာလသို့ ဖျောက်ကနဲ ပြန်ရောက်ခဲ့ရပြီ။
 
`` အာ .. ဗျာ ...အမေ´´
``ဒီနေ့အဖို့ ဆန်ကုန်နေပြီသားရေ။ အဲဒါ ... အိမ်ရှေ့အပင်က ပိတောက်ပန်းတွေခူးရောင်းပြီး ....´´
``ဟုတ်ကဲ့ပါအမေ´´
 
အတိတ်မှာသာ နေရစ်ခဲ့ပါတော့ နွေမရယ်။

ပြီးပါပြီ
လေးစားစွာဖြင့်
ကိုကျုံတိုင်း

ဟားးး !! မိုက်ချက်ကွာ။ သေချာပြီ ဒီလောက်ဆိုရင်တော့ ဘယ်အယ်ဒီတာကမှ ပယ်မှာမဟုတ်တော့ဘူး။ မင်းသိပ်တော်နေပါလားကိုကျုံတိုင်း ဟဲဟဲ။ ကဲ ...ပထမဆုံး အယ်ဒီတာစားပွဲကို ဖြတ်ဦးမှ။

``မိန်းမရေ´´
``ဘာတုန်း´´
 
မီးဖိုချောင်ထဲမှ မဒမ်ကျုံတိုင်း၏ တုန့်ပြန်သံခပ်တင်းတင်း။
 
``ဒီမှာ ငါဝတ္ထုတစ်ပုဒ်ပြီးသွားပြီကွ။ ဖတ်ကြည့်ဦး။ ဟဲ  ဟဲ မင်းခိုက်သွားစေရမယ်´´ 
``ဖတ်ပေးမယ်လေ ...ဒါပေမယ့် ကြိုတော့ပြောရဦးမယ်။ ရှင်သင်္ကြန်ဝတ္ထုရေးလာတာ ကျမနဲ့စညားကတည်းကနော်။ အခု.. အကြီးကောင် ဆယ်တန်းဖြေပြီးပြီ။ ကျမသိသလောက်တော့ အိုင်ဒီယာတစ်ခုတည်းကို စာသားပြောင်းပြောင်းရေးနေတာပဲ။
ကောင်လေးနဲ့ ကောင်မလေး ပိတောက်ပင်အောက်မှာ ချစ်သူဖြစ်၊ နောက် ... ဝေးသွားကြ၊ နှလုံးသားရေးထက် ၀မ်းရေးခက်လို့ဆိုပြီး ပိတောက်ပန်းခူးရောင်းပြီး ဆန်ဝယ်ရတဲ့ဇာတ်လမ်းမျိုး ဆိုရင်တော့ မဖတ်ဘူးနော်။ ဇွတ်ကြီး ဇာတ်နာအောင်လုပ်ထားတဲ့ဟာမျိုးဆို မဖတ်ဘူး။ ဒါပဲ။ ´´


_______________________

ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းကပါ ကျနော့်ရဲ့ မူလဇာတိ ကျုံတိုင်းရွာဆိုဒ်မှာ ရေးခဲ့တာလေးကို အမှတ်တရ ပြန်တင်ထားတာပါ။

(ပိတောက်မြေမဂ္ဂဇင်းဟောင်းတစ်အုပ်မှာ စာရေးဆရာ မောင်မြင့်အောင်ရေးခဲ့တဲ့ ``ပိတောက်=ဆန်´´ တစ်မျက်နှာဝတ္ထုတိုလေးကိုပြန်ဖတ်မိပြီး ကျနော့်ရဲ့ ဒီဝတ္ထုလေးအတွက် စိတ်ကူးရဖြစ်ပါတယ်။)

ကိုကြည်နိုင်

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။