(၁)ကျနော် လေလိုပဲ ဦးတည်ရာမဲ့ လွင့်ချင်သည်။ မုန်တိုင်းတော့ မဖြစ်လိုပါ။ ငြိမ့်ငြိမ့်လေးစီးမျောနေရလျှင် ကျေနပ်ပါပြီ။ ဘယ်သူမှ မထိခိုက်နိုင်။
(၂)``နိုးနိုးကြားကြား အိပ်လေ့ရှိတယ်´´ ဟုဆိုသူများကို သနား၏။ အိပ်မယ့်အိပ် ပျော်အောင်ပဲအိပ်ချင်သည်။ ကိုယ့်အိပ်စက်ခြင်းကိုတော့ ကိုယ်ပိုင်စိုးချင်၏ ။
(၃)``အိုအေစစ်´´ ဆိုတာကို ဘာကြောင့်များ အမွှမ်းတင်နေကြပါလိမ့်။ ကျနော်ကတော့ ကန္တာရကြီး၏ သစ္စာဖောက်ဟု မြင်သည်။
(၄)``တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ´´ ဟုဆိုလေ့ရှိကြသည်။ ဟုတ်ကဲ့။ ပုဂံက ဘယ်မှမရွေ့ပါ။ တစ်နေ့နှစ်လံ ခရီးပေါက်အောင် မကြိုးစားသင့်ပေဘူးလား ?
(၅)ဘ၀မှာ လိုအပ်လာလျှင် တိုက်ပွဲဝင်ပါမည်။ မလိုအပ်အောင်ကြိုးစားမည်။ ဘာတိုက်ပွဲကိုမျှ မဆင်နွှဲလိုပါ။ မည်သည့်တိုက်ပွဲမှ အမြတ်အစွန်းမရှိဟု ထင်ပါသည်။
(၆)``တစ်ခုခုလိုချင်လျှင် တစ်ခုခုပေးရ၏´´ ဟူသောစကားကို ဘယ်သူပြောခဲ့ပါသလဲ ? ကျနော်လက်မခံပါ။ မာသာထရီဇာ၊ ဂန္ဒီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ...... ဘာမှယူမသွားပါ။ အများကြီးပေးခဲ့၏ ။
(၇)``နှင်းဆီ၏အားမာန်´´ ဟု ဆူးနှင်းဆီကို အမွှမ်းတင်ကြသည်။ ကျနော့်သဘောအတိုင်းဆိုလျှင် ဖြူလဲ့ကြည်စင်စွာလှသော၊ သဲ့သဲ့မြမြရနံ့ရှိသော၊ မာန်မာနကင်းသော စပါယ်ပန်းကလေး၏ ရိုးပုံရိုးလက်ကို အမွှမ်းတင်ချင်သည်။
(၈)မီးရှူး၊ မီးပန်းလေးများ မှ စိတ်ကူးတစ်ဆင့်တက်ကာ ဒုံးပျံကြီးများ ဖြစ်လာလေသလားမသိပါ။ ကျနော်ဟာ ဒုံးပျံကြီးဖြစ်ခဲ့ရင်တောင်မှ မီးရှူး မီးပန်းလေးလို သဘောထားပေးကြပါ။ ဘ၀ကို ... ပေါ့ပေါ့ပါးပါး၊ လင်းရဲလန်းပွင့်စွာ ဖြတ်သန်းပါရစေ။
(၉)``အဆင့်အတန်းမြင့်မှစားတယ်၊ အဆင့်မြင့်မြင့်ပဲနေတယ်၊ အဆင့်မြင့်တဲ့ အသုံးအဆောင်ပဲ သုံးတယ်´´ ဟု လက်မထောင်ပြီး ပြောပြောနေသူများကို တွေ့ပြီးမှ ဒါဝင်၏သီအိုရီကို ကျနော်လက်ခံနိုင်တော့သည်။ ``လူဆိုတာမျောက်ကဆင်းသက်လာတာပါ ..´´ ဟုဆိုသည်မဟုတ်လား။
အမြင့်ကြိုက်သူများ သတိချပ်သင့်၏ ။
(၁၀)စိတ်ကျန်းမာရေးဆေးရုံမှ ဆင်းလာသူတစ်ယောက်က ပြော၏။``ဒီမှာတွေ့လား ...ငါ့မှာ လူကောင်းဖြစ်ကြောင်းထောက်ခံစာ ရှိတယ် ´´

ကျနော်တို့မှာရော .... ..... လူကောင်းဖြစ်ကြောင်းထောက်ခံစာ ရှိပါသလား ?
ကိုကြည်နိုင်
________________________________
ကျနော်တစ်ဦးတည်း၏ အမြင်၊ ကျနော့်အတွေးများကို ရေးထားမိတာတွေပါ။
သဘောမတူစရာတွေ ရှိလာနိုင်ပါတယ်။
လွတ်လပ်စွာ၊ ချစ်ကြည်စွာ သဘောထားကွဲလွဲကြပါစို့ ...

ReplyDelete