Tuesday, December 27, 2011

:: အချစ်လားဟေ့ ၀င်ခဲ့လေကွယ် ::




အခန်း(၁)

ကြယ်တာရာတွေက ဒီကမ္ဘာမြေကို ငြိုးငြိုးငြိမ့်ငြိမ့် ငုံ့ကြည့်နေကြပြီနွယ်။ ညဉ့်ငှက်တွေကလည်း သူတို့ရဲ့အတောင်ပံနဲ့ လရောင်ကို တဖြန်းဖြန်းရိုက်ဟီး။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဂုံး ဒီလိုနဲ့ဆုံးရတော့မလား။ ကိုယ်မမှားခဲ့ပါဘူးနွယ်။ ဘင်တီးသူရဲ့ မျက်လှည့်တီးလုံးတွေကြောင့်မဟုတ်ပါဘူး။ ဒီအလှည့်အကွေ့၊ အလိမ်အကောက်တွေက မျက်လှည့်ဆရာကြောင့်ပဲ ဆိုသလိုပေါ့။ မင်းကြောင့်။ မင်းရဲ့စကားတစ်ခွန်းကြောင့်ပါ။ ငါ့သိက္ခာ၊ ငါ့မာန။ အလွှာလွှာကွာကျခဲ့ရ။ “ကံကြမ္မာကိုက ရှင့်ထက်သာအောင် ကျမကို မျက်နှာသာပေးခဲ့တာလေ။” ဒီစကားလေးပါပဲ။ စေတန်တစ်ကောင်ရဲ့ လွှသွားလို ခါးသီးပြတ်ရှ။ ကိုယ် …အရိုးထိအောင်ကိုက်မြိုခဲ့ရပြီနွယ်။

“ဘက်ဆဲလား စာရေးဆရာမ” ဆိုတဲ့ဂုဏ်ပုဒ်လိုသလားနွယ်။ တစ်ကယ်ဆိုရင် ကမ္ဘာပေါ်က ရှိရှိသမျှ ဇနီးမောင်နှံတွေလိုပဲ “လျှာ နဲ့ သွား” တိုက်မိတဲ့ပြဿနာမှာ ငါမှားခဲ့ရင် ငါဝန်ခံ၊ မင်းမှားခဲ့ရင် မင်းဝန်ခံ။ သံခင်းတမန်ခင်းနဲ့ ငြိမ်းချမ်းရေးလုပ်ယူဖို့ လိုသေးလို့လား။

တစ်ချိန်က ဆောင်းရာသီဆန်လွန်းခဲ့တဲ့နွယ်။ နွေအတုတစ်ခု မင်းခြုံထားမိပြီ။ မင်းဟာမင်းမဟုတ်တော့ဘူး။ ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတဲ့ လူအတုတစ်ယောက်ဖြစ်နေပြီ။ မင်းရဲ့ ဘက်ဆဲလားစာရေးဆရာမဆိုတဲ့ ၀ိသေသအောက်မှာ ငါဟာ.. အရာရာ ၀င်းရှင်းပေါက်ကွဲ၊ လူတဆုံး ၀ိဉာဉ်တဆုံး၊ အကြွင်းမဲ့ ဘုန်းဘုန်းလဲကျသွားမယ် မင်းထင်သလားနွယ်။ မင်းအသေအချာသိပေးပါ။ ငါဟာ လောကကိုပိုင်စိုးတယ်။ ငါ..ကဗျာဆရာ။

ကျမဘ၀မှာ ရှင့်တစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတာပါ။ မင်းပြောခဲ့ဖူးသလိုပေါ့။ ငါမင်းကို ချစ်ပါတယ်။ တကယ့်ကို။ တစ်သက်တာလုံးအတွက်စကားပါ။ မြင်းရုပ်ကြီးစီးပြီး သစ်သားခွာတွေနဲ့ ခရီးနှင်ခဲ့ချိန်တုန်းက မေ့မေ့ကို အချစ်ဆုံးဆိုတဲ့စကား။ ငါနည်းနည်းထပ်ဖြည့်မယ်။ အဲဒီအချစ်နဲ့မတူတဲ့ နောက်တစ်မျိုးနဲ့ မင်းကိုအချစ်ဆုံး။ ငါ့ရင်ခွင် အလင်းပြာမှတ်ကျောက်မှာ မင်ရည်တစ်စက်သွန်ချ၊ မင်းအမည်ကို ပီသစေခဲ့တယ်နွယ်။ လေကိုလေနဲ့ မှုတ်တာကမှ လွဲရင်လွဲဦးမယ်။ ငါမင်းကို … …။ ဒါပေမယ့်နွယ်…

မြူမှုန်မိုးနှင်းတွေက ရွှေရောင်တ၀င်းဝင်းတောက် တို့နှစ်ယောက်ကမ္ဘာကို စောင့်ရှောက်ကြလိမ့်မယ်။ ငြိမ်းငြိမ်းချမ်းချမ်း။ “လင်း” ပြီးမှ ပျောက်သွားမယ့် အ၀ါရောင်မီးရှူးမီးပန်းလို ဖြစ်ရတော့မလားနွယ်။ ကိုယ်တို့နှစ်ယောက်ရဲ့မှတ်တမ်း နွေဦးရာသီကလမင်းလို ဖိတ်ဖိတ်ပြာပြာ လင်းပဖို့အတွက် ကိုယ်စောင့်နေပါတယ်။ ထားခဲ့ဖူးတဲ့သစ္စာ၊ ပေးခဲ့ဖူးတဲ့ဂတိများ၊ အမှတ်တရများ၊ အရောင်များ၊ အရိပ်များ၊ … ကိုယ့်ရင်ခွင်အခန်းမှာ လွှင့်မပစ်ပဲ သိမ်းထားတယ်နွယ်။ ၀ိဉာဉ်ရုန်းကန်၊ တစ်နေ့မှာ သူတို့ ပြန်ရှင်သန်ကြလိမ့်မယ်လို့ ကိုယ်မျှော်လင့်နေပါရစေ။

ကဗျာဆရာ မလိုဘူး၊ ဘက်ဆဲလား စာရေးဆရာမ မရှိဘူး။ ကိုယ်တို့ရဲ့ စာမျက်နှာမှာ ကိုယ်တို့ပဲရှိရမယ်နွယ်။ “ရှင့်ရဲ့ ကဗျာရေးလို့ရတဲ့ဝင်ငွေက ကျမဖိနပ်ဖိုးတောင်မရှိဘူး” အဲဒီစကား။ ရောက်ရာအရပ်မှာ မွမွနင်းချေ မြှပ်နှံခဲ့ပါနွယ်။ သစ်ကိုင်းခြောက်လေးတစ်ခုကြောင့် တစ်တောလုံး ဟုန်းဟုန်းကျ ပြာမှုန်အန္တမဖြစ်ခင် မင်းက နွယ်အဖြစ်ပဲ ကိုယ့်ဘ၀ထဲကို ပြန်ဝင်လာခဲ့ပါနွယ်။ ဘက်ဆဲလား စာရေးဆရာမကို ကိုယ်အလိုမရှိဘူး။ ငါ့ရဲ့ကဗျာတွေကို ငွေကြေးနဲ့၊ အရေအတွက်နဲ့၊ စီးပွားတွက်နဲ့ … ဘာနဲ့မှမတွက်မယ့်နေ့ ငါ့ရင်ခွင်တံခါး မင်းအတွက် ဖွင့်ထားပြီးသားဖြစ်စေ။

“ကျမက ရှင့်ကို ဘာအလုပ်မှမခိုင်းပဲ တစ်သက်လုံးတင်ကြွေးထားလို့ရတယ်” .. နွယ် မင်းရင်ထဲမှာ နတ်ဆိုးပူးနေပြီ။ ယောက်ကျားတစ်ယောက်ဟာ အဲသလောက် မနုံနဲ့ဘူးနွယ်။ အထူးသဖြင့် ကဗျာဆရာတစ်ယောက်ပေါ့။ မင်းရဲ့စကားလုံးတွေအားလုံးကို မွမွညက်ချေခင်းကျင်း၊ ရဲရဲကြီးနင်းလျှောက်လာခဲ့နွယ်။ ဒီမှာဘက်ခြမ်းမှာ နတ်ဆိုးတို့ကင်းဝေး၊ ငြိမ်းချမ်းရေးနယ်ရှိနေတယ်ဆိုတာ ယုံထား။ တို့နှစ်ယောက်ရဲ့ ရှေ့မှောက်မှာမှ လရောင်တွေကွေ့ကောက်လွန်းတဲ့အဖြစ် မင်းလည်း လိုလားမယ်မဟုတ်ဘူးနွယ်။

ငါက ကဗျာဆရာ မဟုတ်ပဲ “ငါ” အဖြစ်နဲ့၊ မင်းကလည်း “နွယ်” အဖြစ်နဲ့ပဲ နောက်ထပ်နေ့ရက်တွေ ဖြတ်သန်းကြစို့။ မင်းရဲ့စကားတွေကို ရုပ်သိမ်းပေးရုံပါနွယ်။ ကျန်တာတွေ ဘာမှ မပြောင်းလဲပါဘူး။ မီးခိုးငွေ့တွေကလည်း ရိုးရာအခြေအနေတိုင်း လှိုင်းထကော့လန်၊ ဒရွတ်တိုက်ပျံတက်။ တို့မှတ်တမ်းတွေလည်း အကောင်းအတိုင်း ကျန်မြဲပါနွယ်။ ကိုယ့်ရဲ့“နွယ်” ကိုပဲ ကိုယ်စောင့်မျှော်ပါရစေ။ သန်းခေါင်ယံကို ခြံရံစောင့်ကြပ် အလင်းနတ်သမီးက မီးအိမ်ကိုင်ပြီး လမ်းပြနိုင်ပါစေနွယ်။

အခန်း(၂)

တစ်ခါသားပေါ့။ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးနဲ့ ကြင်ရာတော်မင်းသားကြီးတို့ ဇနီးမောင်နှံတို့ရဲ့ ရံခါဖြစ်တတ်တဲ့ သဘာဝအတိုင်း ကတောက်ကဆ စကားများကြတယ်တဲ့။ ဘုရင်မကြီးဘက်က မှားခဲ့တာပါ။ မှားခဲ့ပေမယ့် အင်္ဂလန်ပြည့်ရှင်မို့ အလျှော့မပေးဘူးပေါ့။ ကြင်ရာတော် မင်းသားကြီးအဖို့လည်း ယောက်ကျားတို့ရဲ့ မာန်မာနက အင်္ဂလန်ပြည့်ရှင်ကို အောက်ကျမပေးနိုင်ခဲ့ဘူး။ ဒီလိုနဲ့ … … …

မင်းသားကြီးက အိပ်ခန်းထဲမှာ တံခါးပိတ်လို့ တစ်ယောက်ထီးတည်း တနုံ့နုံ့ခံစားနေတော့တယ်။ သူ့ရင်ထဲမှာ ခံစားနေရတဲ့ အဓိကအကြောင်းရင်းက ဇနီးမောင်နှံအဖြစ် ဆက်ဆံမခံရပဲ အင်္ဂလန်ပြည့်ရှင်အဖြစ် အနိုင်ပိုင်းခံလိုက်ရတဲ့ အဖြစ်။ သူမမှားခဲ့။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဇနီးမောင်နှံတို့ရဲ့ သဘာဝအတိုင်း “လျှာနဲ့သွား” တိုက်မိတဲ့ ကိစ္စမှာ ….သူ့ဖက်က လုံးဝမမှားခဲ့။
ဘုရင်မကြီးအဖို့လည်း စိတ်အေးလက်အေး အချိန်ကျမှ တရေးရေး ပြန်စဉ်းစားလိုက်တော့ သူမှားခဲ့တဲ့အမှားကို တစ်စစ မြင်လာခဲ့တယ်။ ဒါကြောင့် မင်းသားကြီးအခန်းရှိရာ ရောက်သွားပြီး …

ဒေါက် … ဒေါက်
``ဘယ်သူလဲ´´
``အင်္ဂလန်ပြည့်ရှင်ပါ …´´
`` အင်္ဂလန်ပြည့်ရှင်ကို မသိဘူး ..၀င်မလာနဲ့´´

ဘုရင်မကြီး ဘာမှမတတ်နိုင်ခဲ့။ ၀မ်းနည်းမှုကို ရာဇအိဒြေ္နနဲ့ အကာအကွယ်ပြုရင်း တိတ်တဆိတ်လေးပဲ လှည့်ပြန်ခဲ့ရတာပေါ့။ ဒါပေမယ့် သူ့ဖက်က မှားခဲ့တဲ့အမှားကိုတော့ ကျေနပ်အောင် တောင်းပန်ချင်သေးတယ်လေ။ အင်္ဂလန်ပြည့်ရှင်ဆိုတဲ့ သူ့ဘ၀မှာ ဘာမဟုတ်တဲ့ အမှားလေးတစ်ခုကိုတောင် ဖွင့်ဟ၀န်ခံ တောင်းပန်ဖို့ မရဲလောက်အောင် ဂုဏ်သိက္ခာမမဲ့သင့်ဘူး မဟုတ်လား။ နောက်တစ်ကြိမ် … …မင်းသားကြီးအခန်းရှိရာ ..

ဒေါက် …. ဒေါက် ..
``ဘယ်သူလဲ´´
``အယ်လီဇဘက်ပါ .. ကျမ..´´
``ဘယ်က အယ်လီဇဘက်လဲ .. မသိဘူး .. ၀င်မလာနဲ့ ´´

တိတ်တိတ်လေးကြေကွဲ၊ လှည့်ပြန်ရုံမှအပ..။ ဘုရင်မကြီးအာရုံမှာ ဖြစ်ခဲ့သမျှတို့က အနှေးပြကွက်တစ်ခုလို တစ်စချင်း၊ တစ်ပိုင်းချင်း၊ ပျက်ပျက်ထင်ထင်။ ``မှားခဲ့တယ်။ သိပ်ကိုမှားခဲ့တယ်။ တကယ်ဆိုရင် ဒီပြဿနာဟာ ဘာမှကြီးကျယ်လှတာလည်းမဟုတ်။ ငါ့ဖက်က မှားနေတယ် ဆိုတာကိုလည်း အဲဒီအချိန်ကတည်းက ငါသိခဲ့တာပဲ။ ငါ .. ငါ.. လျှော့ပေးသင့်ခဲ့တာ။ အခုတော့ .. ငါဟာ မိန်းမသားတစ်ယောက်အဖြစ်ထက် အင်္ဂလန်ပြည့်ရှင်အဖြစ်သာ တစ်ချိန်လုံးရှိနေပါပေါ့လား။ တကယ်ဆိုရင် တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်လေးမှာတော့ ငါဟာ သူ့ဇနီးပဲ ဖြစ်ရမှာ။ ကျမ..သိပ်မှားတယ်မောင်။´´ နောက်တစ်ကြိမ် … မင်းသားကြီးအခန်းရှိရာသို့ …

ဒေါက် … ဒေါက် ..
``ဘယ်သူလဲ´´
``ကျမ။ .. မောင့်ဇနီးပါ ဒါလင်´´
``အချစ်လားဟေ့ .. ၀င်ခဲ့လေကွယ်´´


အခန်း(၃)


“နွယ်”လားဟေ့။ ၀င်ခဲ့လေကွယ်။




==========================================

ကျနော့်ရဲ့ ဒီစာစုလေးမှာ ဆရာတာရာမင်းဝေရဲ့

``ခေါင်းလောင်းသံ စာတမ်း´´ ကဗျာမှ စကားလုံးအချို့ကို တိုက်ရိုက်ယူသုံးထားပါတယ်။

ဆရာတာရာမင်းဝေခင်ဗျား .. မတန်မရာမို့ ရောက်ရာဘုံဘ၀မှ ခွင့်လွှတ်ပေးပါ။

===========================================

ကိုကြည်နိုင်

1 comment:

  1. မင်းလူရဲ့စာခေါင်းစီးဖြစ်နေပါတယ်

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။