Saturday, February 24, 2018

ကြယ်တခြား လတခြား ငါ့ သုညနေ့ရက်များ


သက်တံ့ကြီးရဲ့ ဟိုမှာဖက်ခြမ်းကို
မြင်ခွင့်မရခဲ့ဘူးကွယ်။
အဲဒီအကွေးအညွှတ်ထက် ငါက
ပိုပြီးကွေးညွှတ်ကိုင်းကျ
ငာ့သုညလေးထဲမှာ ငာ့ဘာသာဝန်းဝိုင်း
ငာ့တံတိုင်းနဲ့ငာ ပိတ်မိနေခဲ့တာလေ။

ငါ့မုတ်သုန်ရေ ...
သံယောဇဉ်ကို ခုတ်ထွင်ရှင်းလင်းခဲ့တာမှ မဟုတ်ဘဲကွယ့်
နှင်းတို့ရဲ့အပြန်လမ်း
ကြယ်တွေနဲ့ ခမ်းနားပါစေလေ
နေတခြား လတခြား ငါတို့ရဲ့ အမှောင်ကာလများ.....
ရပ်ကြပါစို့ကွယ်။
.
မုတ်သုန်ရေ...
ငါ့ရဲ့မုတ်သုန်ရေ...
ပဒိုင်းပန်းရနံ့တွေ ချောင်းချောင်းထ
အဲဒီမာနတွေလေ
ထက်အောက်ဝဲယာ ညှို့ပြာယှက်သန်း
တလောကလုံး အမှောင်လွှမ်းခဲ့ဖူးတာပဲ
ဒီဇာတ်ဝင်ခန်း ဒီမှာရပ်ပေါ့။
(...........)
.
အို...
ပန်းကိုစောင့်ကြပ်
နတ်ဘီလူးအပေါင်းတို့ငဲ့
သူ့တူရိယာအဖြစ်
နှင်းဆီပွင့်ဖတ်ချင်းတီးခတ်
ငါတို့ရဲ့ လောကနတ်လေး
နိုးထပါစေကွယ်။
.
.
.
ကိုကြည်နိုင်
22. 2. 2018

တေးသွားနံပါတ် ၂၂


ငါဟာ ပေါက်ချွန်းတစ်လက်ပါကွယ်
ကိုယ့်ရင်ဘတ်ကိုယ်ပြန်တူးလို့မှ
ကြယ်ငွေ့တွေ ဖြာကျမလာနိုင်တဲ့ကောင်က
စံပါယ်တွေကို ပစ်ပေါက်ပျိုးထောင်ချင်သေးသတဲ့။
(ရယ်စရာပဲကောင်းသေးတော့.. )
.
ဝေးခဲ့တာလေ...
ရနံ့နဲ့ရော ဝတ်မှုန်နဲ့ပါ ဝေးခဲ့မှတော့
ငါ့စံပါယ်ရုံကလေးရေ ...တို့အတွက်...
ဒီဆယ်စုနှစ်တွေဟာ ပန်းမပွင့်တဲ့ခေတ်
နောက်...မဖြစ်စေတော့နဲ့ကွယ်။
.
နတ်ဘီလူးတွေကြဲပက်တဲ့
ကောင်းကင်ဘုံက အက်စစ်တစ်စက်ဟာ
ငါ့ရင်ခွင်စိုက်ခင်းပေါ် တည့်တည့်ရွာချ
ငါ့ပျိုးခင်းလေး "အ" သွားခဲ့တာ ကြာလှပေါ့။
.
မုတ်သုန်ရေ...
ငါ့ရဲ့မုတ်သုန်ရေ..
အလင်းတွေ ပျို့အံလာချိန်ထိ
မှောင်မိုက်နေရဦးမှာလား
တို့နှစ်ယောက်ရဲ့တေးသွား
စောင်းကြိုးများ မြည်ပါစေကွယ်။
.
.
ကိုကြည်နိုင်
23. 2. 2018
12 : 22 AM

ဧတေန သစ္စ ဝဇ္ဇေန


ငာ့သစ္စာတရားဟာ
ငာ့ဘုရားသခင်ဖြစ်ကြောင်း
ငါ့ဥက္ခောင်းကိုညွှတ်တွား
ကမ္ဘာမြေအထုအား သက်သေထားပါရစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
ငါ့အလင်းနဲ့
ပန်းတစ်ခင်းပြီးတစ်ခင်း ပွင့်ပါစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
ပန်းတို့ရဲ့ဘာသာစကား
လူသားတိုင်း ကြားပါစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
စစ်မက်
အမုန်း
ရန်ငြိုး
မာန
ဒီဝေါဟာရတွေအားလုံး
မသုံးဖြစ်ရသောကိုယ် ဖြစ်ရပါလို၏။
.
.
.
ကိုကြည်နိုင်
22. 2. 2018

ဝတ်မှုန်စီးချင်း


ဝတ်မှုန်လေးနှစ်ခု တိုးတိုက်မိတာပါပဲ
ရာစုပေါင်းများစွာက
ကျောက်ဆိုင်ကျောက်သားတွေ
တဝုန်းဝုန်း ပြိုကျနိုင်သလိုမျိုးပေါ့
.
ပန်းခေတ်တစ်ခုလုံးရဲ့ ရာဇဝင်ကိုချိုးဖောက်
ငါ.....
နှင်းဆီနိုင်ငံတော်ကို
တစ်ရက်တည်းနဲ့ တည်ဆောက်မိပြီ။
.
.
ကိုကြည်နိုင်
19th. FEB. 2018

ကြယ် (၄)


ပွဲတော်ညလေ
ကလေကလွင့် ညအပြာထဲ
လခြမ်းလှေငယ်လေး ညီလာခံအတက်လမ်း
ခမ်းနားလှချည့်။
.
အဲ့သည်...
ဒူးနေရာဒူး တော်နေရာတော် ဇာတ်ဝင်ခန်းမှာ
ရံရွေတော် စံပါယ်တစ်ခင်းက
မင်း....
ရင်ကိုအေးမြစေသားကွယ်။
.
.
.
.
ကိုကြည်နိုင်
11. 2. 2018 (SUN)

ကြယ် (၃)


.
ဖြုတ်ကနဲချွေ ခုန်ချ
ကောင်းကင်မျက်နှာကျက်ဆီက
လွတ်မြောက်ချင်ရုံပါ။
.
အလျှံငြီးငြီး လောင်ကျွမ်းခဲ့ရပြီးပြီလေ
ပြာမှုံလေးရဲ့ အန္တိမလမ်း
ငြိမ်းချမ်းပါစေကွယ်
မြေကမ္ဘာရေ...
ဆီးကြိုထွေးပွေ့ မင့်ရင်ငွေ့နဲ့အေးစေသော်ဝ်။
.
.
ကိုကြည်နိုင်
8. 2. 2018 (THU)

ကြယ် (၂)



စူးရဲဝန်းမောက်....
ဖွင့်ဖောက်လိုက်တဲ့ အလင်းတွေမှာ
ထုတ်ချင်းခတ်အလွမ်းတွေ တနင့်တပိုး
ဟိုး.... အနန္တအကွာအဝေးထိကြွေကျ
မြေကမ္ဘာရေ....
ကြွေသူ့အတွက်ဆုတောင်း
ယာပုခုံးစောင်းမှာ နားစေကွယ်။
.
.
.
ကိုကြည်နိုင်
7. 2. 2018 (WED)

Saturday, March 1, 2014

ကျောက်သင်ပုန်းလေးတစ်ချပ်



(၁)

“အဘ .. အဖွားကို သတိရနေတာလား”
လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြတင်းပေါက်မှတဆင့် ဘယ်ဆီမှန်းမသိတဲ့အရပ်ရှိရာ ငေးရီမျှော်တွေးနေတဲ့ အဘကို ဆရာဝန်လေးက ချစ်စနိုးနောက်လိုက်တယ်။ ဒီလူနာအဘက အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်ဆိုတာရယ်၊ ဇနီးသည် ဆုံးပါးသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတာရယ်၊ သားသမီးတွေနဲ့နေပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာရယ်၊ ဒါတွေကို ဆရာဝန်လေးက သိထားပြီးသား။ အကူအတွဲမပါပဲ ထနိုင်ထိုင်နိုင်ပြီး ဟိုနားဒီနား လျှောက်နိုင်နေတာရယ်ကြောင့် အဘရဲ့ အခြေအနေဟာ လူနာတစ်ယောက်လိုမဟုတ်တော့ပဲ သာမန် သက်ကြီးရွယ်အိုတစ်ယောက်က ဆေးရုံမှာ လာရောက် အနားယူနေသလို ပုံစံမျိုး။ တစ်ခါတစ်ရံ နေ့ခင်းနေ့လည် အလုပ်ပါးချိန် အဘလည်း အိပ်မနေဘူးဆိုရင် ဆရာဝန်လေးနဲ့ စကားလက်ဆုံကျနေမြဲ။ အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးတစ်လျှောက်က အတွေ့အကြုံ၊ ဗဟုသုတ၊ မှတ်သားစရာပေါင်းများစွာကို ဆရာဝန်လေးက နှစ်နှစ်ခြိုက်ခြိုက် နားထောင်လေ့ရှိမြဲ။

တစ်ခါတစ်ခါတော့ အခုလိုမျိုး ဘယ်သူနဲ့မှ စကားပြောချင်ပုံမရပဲ တစ်ယောက်တည်း ငေးငေးငိုင်ငိုင်ရှိနေတတ်ပြန်ရော။ အခုလည်း ဆရာဝန်လေးက လူနာခန်းထဲဝင်အလာ ဟိုး … ခပ်ဝေးဝေးတစ်နေရာဆီ ငေးမျှော်နေတဲ့အဘကို တွေ့လိုက်ရလို့ အခုလို စိတ်ပြေရာပြေစေကြောင်း ခပ်သောသောလေး မေးလိုက်တာ။ အဘရဲ့ မျက်နှာက ဆရာဝန်လေးဘက် ခပ်ဖြည်းဖြည်း လှည့်လာပြီး …
“အဘွားကို … ဟုတ်လား .. အင်းသတိရတာပေါ့။ နှစ်ပေါင်းများစွာ ဘ၀ကို အတူတွဲဖြတ်သန်းခဲ့ကြသူတွေပဲကွယ်။”
ပြုံးတုံ့တုံ့ ရှက်ဝဲ၀ဲအပြုံးနဲ့ အဘက ပြန်ဖြေတယ်။ ဆရာဝန်လေးက သူစတွေ့လိုက်တုန်းကလိုမဟုတ်ပဲ အဘမျက်နှာ နည်းနည်း ကြည်သွားတာနဲ့ စနောက်ချင်စိတ်ပေါ်လာပြီး
“ဒါဆို … … … အခုနေ အဘကို တန်ခိုးရှင်တစ်ယောက်ယောက်ကများ အတွေ့ချင်ဆုံးတစ်ယောက်နဲ့ တွေ့ခွင့်ပေးမယ်ဆို အဘွားပဲ ဖြစ်ရမယ်။ ဟုတ်ရဲ့လားအဘ ဟီး”

ဆရာဝန်လေးပြောသမျှကို မျက်နှာကြည်ကြည်လေးနဲ့ ထိုင်နားထောင်နေတဲ့အဘ ပြတင်းပေါက်ရှိရာ ပြန်လှည့်ငေးမျှော်သွားပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုးလေး ရေရွတ်နေတယ်။ ဆရာဝန်လေးလည်း သူနောက်လိုက်တာ အဘရဲ့ ခံစားချက်ကို ပြန်အစဖေါ်မိသလိုများ ဖြစ်နေလေပြီလားလို့ စိုးရိမ်သွားတယ်။
“အဘ  အဘ ဘာပြောလိုက်တာလဲဟင် … ကျနော်တောင်းပန်ပါတယ်အဘ။ အဘကို အစဖေါ် …”
“ရပါတယ်ကွယ်။ ဆရာလေးသိချင်တာကို အဘဖြေပါ့မယ်။ ဖြေလည်း ဖြေချင်ပါတယ်။ အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့ တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။ သူ့ကို အဘ … ..”
“ဗျာ”

ဆရာဝန်လေး အံ့သြမယ်ဆိုလည်း အံ့သြလောက်တယ်လေ။ ဒီအဘ ဆေးရုံစတက်ကတည်းက အိမ်က သားသမီး မြေးမြစ်တွေသာမက၊ လာလိုက်တဲ့ တပည့်ဟောင်းတွေ။ လာသမျှတပည့်တွေကလည်း သူတို့ဆရာအတွက် စားစရာ သောက်စရာလေးတွေပါလာမြဲ။ ပြောရရင် လူနာတွေအားလုံးထဲမှာ ဒီအဘက ဧည့်တွေ့အများဆုံး။ စားစရာသောက်စရာဆိုရင်လည်း အနီးအနားက လူနာတွေကို အမြဲဝေခြမ်းပေးနေရတာ။ ဆရာဝန်တွေ၊ သူနာပြုတွေကိုတောင် တစ်ခါတစ်လေ လာလာပေးတတ်သေးတာ။ ဒီလောက်တပည့်တပန်းတွေ တဖွဲဖွဲ လာတွေ့နေကြတဲ့ကြားက တစ်ယောက်သော တပည့်ကိုမှ တွေ့ချင်သတဲ့။ အဘကိုကြည့်လိုက်တော့ ဒီလောက်အထိ ထိထိခိုက်ခိုက် ကြေကြေကွဲကွဲ ဖြစ်နေတာမျိုး ခုတစ်ခါသာ မြင်ဖူးတာမို့ ဆရာဝန်လေးလည်း ဘာမှ ဆက်မမေးတော့ပဲ အသာလေး လှည့်ထွက်လာခဲ့တယ်။ ရင်ထဲမှာတော့ အဘနဲ့ အဘရဲ့တပည့်တစ်ယောက်အကြောင်းကို သိချင်နေမိတယ်။

(၂)
“ဆရာ … ဆရာ … ထပါဦး။ အဘရယ် အမောဖေါက်နေလို့”
ညကတာဝန်ချိန်မှာ အတော်ညဥ့်နက်သည်အထိ အလုပ်များခဲ့လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဆရာဝန်လေးမှာ သူနာပြုဆရာမတစ်ယောက်ရဲ့ ရေးကြီးသုတ်ပြာ နှိုးသံကြောင့် ငေါက်ကနဲ ထထိုင်လိုက်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်ငါးနာရီခွဲ။ ဂျူတီကုတ်ကောက်စွပ်လိုက်ပြီး အဘရှိရာ လူနာခန်းထဲအပြေးတပိုင်း ၀င်သွားလိုက်တယ်ဆိုရင်ပဲ …။ အဘရဲ့ ကုတင်ပတ်လည်မှာ အခြားဆရာဝန်တစ်ယောက်နဲ့ သူနာပြုတွေ ၀ိုင်းနေကြတယ်။

လက်မှာဆေးပိုက်တွေတန်းလန်း၊ နှာခေါင်းမှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အဘက ကုတင်ပေါ်မှာ အသိမဲ့။ ပိန်ချိချိရင်အုံလေးကတော့ နိမ့်ချည်မြင့်ချည်။ အသက်ကို ပင်ပန်းတကြီး ခက်ခက်ခဲခဲ ရှူသွင်းနေရပုံ။ သူဝင်သွားတော့ သူနာပြုတစ်ယောက်က ခပ်တိုးတိုးလှမ်းပြောတယ် အဘသတိမရဘူးတဲ့။
“ခွဲစိတ်ဖို့ လိုပါမယ်။ လူနာရဲ့ အခြေအနေကတော့ မီးစာကုန်ဆီခမ်းအရွယ်မို့ ကျနော်တို့ဘာမှ မပြာနိုင်ပါဘူး။ ၅၀- ၅၀ ပါပဲ။ အတတ်နိုင်ဆုံးတော့ ကျနော်တို့ဘက်ပါအောင် ကြိုးစားပါ့မယ်။ နှလုံးရောဂါဆိုတာမျိုးကလည်း ခက်သားလားဗျာ။ ခုကောင်းပေမယ့် တော်ကြာ ထဖောက်ရင် ဖောက်တာ”
အဘရဲ့ မိသားစုဝင်တွေကို ဆရာဝန်ကြီးက ရှင်းပြနေတော့ အဘကျန်းမာပါစေကြောင်း ဆရာဝန်လေးလည်း ဆုတောင်းပေးနေမိတယ်။ နောက် .. ဒီခွဲစိတ်မှုမှာ သူကိုယ်တိုင် ဆရာဝန်ကြီးကို ၀င်ကူရမှာမို့ …။

*****

အချိန်အတော်ကြာတဲ့ ခွဲစိတ်မှုအပြီးမှာတော့ နားနေခန်းထဲမှာ ဆရာဝန်လေး ခြေပစ်လက်ပစ် ထိုင်နေမိတယ်။ ခွဲစိတ်မှု အောင်မြင်စွာ ပြီးသွားပေမယ့် အဘရဲ့ အခြေအနေက ဘာမှစိတ်ချလို့မရသေး။ အခုလောလောဆယ်တော့ မေ့ဆေးအရှိန်ကြောင့် သတိပြန်လည်မလာသေးချိန်။ သတိရော ပြန်လည်လာဦးမှာလား။ ဒါမှမဟုတ် လုံးဝ သတိပြန်မလည်တော့ပဲနဲ့ ဒီလိုနဲ့ပဲ အဘ ထွက်ခွာသွားတော့မှာလား။ မသိ …။ ဆရာဝန်လေးမသိနိုင်သလို။ ဘယ်သူမှလည်း မသိနိုင်သေးဘူး။ အဘရဲ့ ကံတရားသာ။ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးရုံမှအပ ဘာများတတ်နိုင်ဦးမှာလည်း။

“ဆရာ .. ဒီမှာ။ ဆရာတို့ခွဲခန်းဝင်နေတုန်းက အဘကုတင်အောက်မှာ ကျနေတာတွေ့လို့ ကျွန်မသိမ်းထားပေးတာ။ အဘရဲ့ ဒိုင်ယာရီလို့ ထင်တယ်။ သူ့မိသားစုတွေ ဗျာများနေကြတုန်းမို့ ဆရာ့ဆီ ခဏသိမ်းထားပေးဖို့ ..”
တာဝန်ကျသူနာပြုဆရာမကမ်းပေးလာတဲ့ အဘရဲ့ဒိုင်ယာရီလေးကို လှမ်းယူထားလိုက်ရင်း အဘရဲ့စကားအချို့ကို ဆရာဝန်လေး ပြန်ကြားယောင်နေမိတယ်။
“အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့ တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။”
ခွင့်လွှတ်ပါအဘ။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဆိုတာကို ၀င်စွက်ဖက်တာဟာ ရိုင်းပြမှုတစ်ခုပဲ ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဘနဲ့ အဘရဲ့တပည့်တစ်ယောက်အကြောင်းမှာ မှတ်သားစရာ၊ အတုယူစရာ တစ်ခုခု ရှိနေမှာပဲဆိုတာ ကျနော်ယုံတယ်။ ဒီ ဒိုင်ယာရီထဲမှာ အဲဒါကို တွေ့ရလိမ့်မယ်လို့လည်း ကျနော်ထင်တယ်အဘ။ ကျနော့်ကို ဖတ်ကြည့်ခွင့်ပြုပါ။ အတွေးနဲ့အတူ ဆရာဝန်လေးက သားရေဖုံးအစိမ်းရောင်လေးနဲ့ သပ်သပ်ယပ်ယပ် ဖုံးထားတဲ့ ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတွေကို တစ်ချပ်ချင်း … တစ်ရွက်ချင်း …။

(၃)

၁၉၈၁ ခုနှစ်၊ ဇွန်လ (၁) ရက်။
ဒီကနေ့ ကျောင်းတွေ စဖွင့်ပြီ။ အနာဂတ်ရဲ့ ပန်းဖူးပန်းငုံလေးတို့ အသံစာစာကို ပြန်ကြားရတော့မယ်။ ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ ငါ့ရဲ့ နွေရာသီအားလပ်ရက်များ ကုန်ဆုံးပြန်ပေါ့။

၁၉၈၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်။
ငါ့ရဲ့ မနက်ခင်းတိုင်းဟာ လှပလို့နေတော့တယ်။ “မင်္ဂလာပါဆရာ” ဆိုတဲ့ အသံလေးတွေနဲ့ မနက်တိုင်း စတင်ထိတွေ့ခွင့်ရတဲ့အတွက် ကံတရားကို ငါကျေးဇူးတင်တယ်။
ဒီနေ့ စာသင်ချိန်တစ်ဝက်လောက်မှာပဲ ပြဿနာသေးသေးလေးတစ်ခု စကြုံရတယ်။ ဒီနှစ်အဖို့ ပထမဆုံးကြုံတာပေါ့။ အတန်းရဲ့ ဟိုးနောက်ဆုံးနားက ကလေးလေးပါ။ ငါက သင်ပြီးသွားတဲ့စာတွေကို ကျောက်သင်ပုန်းမှာ ရေးပြီး ဆရာ့ကို လာပြကြလို့ ပြောပြီး ထိုင်စောင့်နေတယ်။ သိပ်မကြာခင်မှာပဲ ကလေးတစ်ယောက် ငိုသံကြားလို့ ငါလှမ်းကြည့်တော့ ကျောင်းသားလေးတစ်ယောက် သူ့ကျောက်သင်ပုန်းလေးကိုင်ပြီး ငါ့ဆီလာတိုင်တယ်။ သူရေးထားတာတွေကို ဘေးက ကျောင်းသားက ဖျက်ပစ်လိုက်လို့တဲ့။ ဖျက်ပစ်တယ်ဆိုတဲ့ ကျောင်းသားကို ခေါ်ပြီး ငါကအဆင်သင့်ရှိနေတဲ့ သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။ နောက်ကို ဒီလိုမဆော့ဖို့လည်း ဆုံးမလိုက်တယ်။ အင်း .. ကလေးတွေနဲ့ နေရတာ ဒီလိုလေးတွေလည်း တစ်ခါတစ်ခါ ရှိမှာပေါ့။


၁၉၈၁ ခုနှစ်၊ သြဂုတ်လ (၅) ရက်။
ထပ်ဖြစ်ပြန်ပြီ။ သူများကျောက်သင်ပုန်းပေါ်ကစာကို ဖျက်ပစ်တဲ့ကိစ္စ၊ အဖျက်ခံရတာတော့ နောက် ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် ဖျက်တဲ့သူက အရင်တစ်ခါက ကလေးလေးပဲ။ ငါစိတ်ထဲ နည်းနည်းတိုသွားတယ်။ ဘယ့်နှယ် ပေတံနဲ့ရိုက်လွှတ်လိုက်တာမှ ရက်ပိုင်းလေးရှိသေး။ ဒီအတိုင်း ထပ်ဆော့ပြန်ပြီ။ ဖျက်တဲ့ ကလေးလေးက ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီး ခေါင်းလေးငုံ့ထားတယ်။ ကျောင်းဝတ်စုံ အတော်နွမ်းနွမ်းလေးနဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသတွေ ပြေးထွက်ကုန်ပြီ။ ဘာကြောင့် ဆရာဆုံးမထားပါရဲ့နဲ့ ဒီလိုထပ်လုပ်ရတာတုန်းလို့ မေးတော့ ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး ဘာမှ ပြန်မဖြေဘူး။ ငါ .. သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။



၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။
ဒီတစ်ကြိမ်တော့ သင်းကလေး လွန်လွန်းပြီ။ ဘယ်လိုအကျင့်ဆိုးမှန်းမသိ။ သူများကျောက်သင်ပုန်းက စာကို ဖျက်လိုက်ပြန်ပြီ။ ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီး ယို့ယို့လေးရပ်နေတဲ့ ကျောင်းသားကိုကြည့်ပြီး တတ်လည်းတတ်နိုင်တဲ့ကောင်လို့ ငါတွေးနေမိတယ်။ ခုကျတော့ သူမဟုတ်တဲ့ အတိုင်း။ ဘာကြောင့် ဖျက်ပစ်တယ်ဆိုတာကို ငါမေးတော့ ထုံးစံအတိုင်း တုံနှိဘာဝေ။ ပေါင်မရှိတဲ့ ကျောက်သင်ပုန်းအပဲ့လေး ကိုင်ထားတဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသကို ငါမနည်းထိန်းနေရတယ်။
“ပြော .. မင်းဘာကြောင့် သူများကျောင်သင်ပုန်းပေါ်ကစာတွေ ဘာကြောင့်ဖျက်ပစ်တာလဲ”
ငါ့လေသံနည်းနည်းမာသွားတော့ ကလေးလေး ဆတ်ကနဲ တစ်ချက်တုန်သွားတယ်။ ပြီး အသံတိမ်တိမ်လေးနဲ့ …
“သူတို့ … သူတို့ ကျောက်သင်ပုန်းတွေက အသစ်မို့လို့ပါဆရာ” တဲ့။
ကလေးတစ်ယောက်မှာ ဒီလောက်ကြီးတဲ့ ၀န်တိုမှုကြီးရှိနေတာ ငါလုံးဝစိုးရိမ်သွားတယ်။ ထုံးစံတိုင်း ပေတံနဲ့ ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်ပြီးတော့ အဲဒီလို မနာလိုဝန်တိုစိတ် မမွေးသင့်ကြောင်း ဆုံးမရသေးတယ်။


၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်။
ဒီလကုန်ရင် ဒီကျောင်းကလေးကနေ ငါပြောင်းရတော့မယ်။ ရာထူတိုးနဲ့ ပြောင်းရမှာ ဖြစ်ပေမယ့်လို့ စာသင်နှစ်မကုန်ပဲ ငါ့တပည့်တွေကို ထားခဲ့ရမှာမို့ ငါမပျော်နိုင်ဘူး။ သူတို့ကို စိတ်မချဘူး။
ငါမပြောင်းခင်လေးမှာပဲ အရင်လို ပြဿနာက ထပ်ဖြစ်လိုက်သေးတယ်။ ဒီတစ်ခါတော့ ကလေးလေးကို ငါ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ပေတံလေးနဲ့ ခပ်ဆတ်ဆတ်နှစ်ချက်ရိုက်ပြီးတယ်ဆိုရင်ပဲ နောက်ထပ်မဖြစ်အောင် သင်းကလေး တစ်သက်စာ မှတ်သွားမယ့်စကားမျိုး ငါပြောချလိုက်တယ်။
“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင် ..”
ငါမှန်းဆထားတဲ့အတိုင်းပဲ ခေါင်းငုံ့ထားတဲ့ ကလေးလေး ဆတ်ကနဲ ခေါင်းမော့လာတယ်။ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေကို ငါဘယ်တော့မှ မေ့မှာမဟုတ်တော့။ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေပြီး တစ်ခုခုပြောချင်နေပုံရတယ်။ ဒါပေမယ့် ဘာမှမပြာပဲ ငါ့ရှေ့ကနေ လက်ကလေးပိုက်ပြီး လှည့်ထွက်သွားတယ်။ ဒါ .. ဒီကလေးနဲ့ ငါနဲ့၊ ဒီကျောင်းလေးနဲ့ ငါနဲ့ နောက်ဆုံးတွေ့ဆုံခြင်းပဲ။


၁၉၈၂ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့။
ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပေမယ့် ငါမပျော်နိုင်ဘူး။ ငါ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို သတိရနေတယ်။ ကလေးတစ်ယောက်အပေါ်မှာ ငါ အရမ်းရက်စက်ခဲ့မိတယ်။ နောက်လူတွေ၊ ငါ့တပည့်တွေက ဆရာဖြစ်ကြတဲ့အခါ ငါ့လို မမှားကြဖို့ ငါဆုံးမရမယ်။
ကလေးတစ်ယောက်ကို “မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်” လို့ ဘယ်တော့မှ သွားမပြောမိကြပါစေနဲ့။ ကလေးလေးတွေဟာ အဖြူထည်သက်သက်လေးတွေပါ။ ငါ့ရဲ့ ကလေးလေးဆိုပါတော့ ငါကပြောချလိုက်တဲ့အချိန်မှာ သူ့ခမြာ သိပ်ကို ခံစားသွားရရှာမှာ။ အရမ်းဝမ်းနည်းသွားမှာပဲ။ ငါအခုသိပြီ။ သူကလေးက ကျောက်သင်ပုန်းအပဲ့လေးနဲ့မို့ ငါ့ဆီစာလာမပြရဲဘူး။ စာလာမပြပဲလည်း တစ်ယောက်ထဲ ကျန်မနေခဲ့ရဲဘူး။ ဒီတော့ သူများတွေလည်း သူ့လို စာမပြနိုင်အောင် ဖျက်ပစ်တာပါ။ အဖေါ်ရှာတာ။ အားကိုးရှာတာနေမှာပါ။ တစ်ယောက်တည်း မနေရဲတဲ့ သိမ်ငယ်စိတ်ပေါ့။

နောက်တော့ … အဲဒီကလေးလေး ကျောင်းထွက်သွားရတယ်တဲ့။ မိဘက မတတ်နိုင်တော့လို့ ကျောင်းထုတ်လိုက်ရတာဆိုပဲ။ ဒီသတင်းဆိုးကို ကြားလိုက်ရတော့ ငါ မျက်ရည်တောင်လည်မိတယ်။ ငါ့ကလေးလေးကို ငါတွေ့ချင်လိုက်တာ။ သူ့ကို ငါက ဒေါသထွက်လို့ ပြောမိတာပါဆိုတဲ့အကြောင်း။ သူဟာ မနာလိုကြီးတဲ့သူမဟုတ်ကြောင်း ပြောပြချင်လိုက်တာ။ အခု .. အပြင်လောကမှာ သူကလေး ဘယ်လောက်အားငယ်နေရှာမလဲ။ ငါ အားပေးနှစ်သိမ့်ချင်လိုက်တာ။ ကျောင်းဝတ်စုံလေးတွေ မြင်တိုင်း သူကလေး ဘယ်လောက် ကြေကွဲရှာမလဲ။ သူ့ရဲ့ ကျောက်သင်ပုန်းအပဲ့လေးရော ရှိသေးရဲ့လား။ တစ်ချိန်ချိန်တော့ ပြန်တွေ့ခွင့်ရချင်ပါသေးတယ် သားရယ်။


(၄)

“ဆရာ .. ဆရာ .. အဘ အခြေအနေမကောင်းဘူး”
ခွဲစိတ်ပြီးကတည်းက ကုတင်ပေါ်မှာ သတိလည်လာသလိုလိုဖြစ်လိုက်၊ သတိပြန်လစ်သွားလိုက် ဖြစ်နေတဲ့အဘ။ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီ။ တာဝန်ကျသူနာပြုရဲ့ စကားအဆုံး ယူစရာရှိတာတွေယူပြီး အဘရှိရာ လူနာကုတင်ကို ဆရာဝန်လေး ရောက်လာခဲ့တော့ အဘဆီမှာရှိနေခဲ့တဲ့ တို့လို့တန်းလန်းပိုက်တွေအားလုံး ဖြုတ်ထားကြပြီ။ ဒါဆို အဘအခြေအနေမကောင်းဘူးဆိုတာ အမှန်ပေါ့။ ဆရာဝန်လေးသူ့အနားကိုရောက်တော့ အဘမျက်လုံးလေး နည်းနည်းပွင့်လာတယ်။ ဘာကိုမှတော့ မြင်ဟန်မရှိဘူး။ တဖြည်းဖြည်းချင်း ကြိုးစားပြီး မြင်အောင်ကြည့်နေပုံ။ ဆရာဝန်လေးက အဘရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ခပ်တိုးတိုးခေါ်ကြည့်တော့ .. သူ့ဘက်လှည့်လာတယ်။ ကြိုးစားဖွင့်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ဆရာဝန်လေးကို ခပ်ဝါးဝါးတော့ မြင်လေသလားမသိ။

“သ .. သား  …  ဆရာလေး”
“ဆရာလေးလို့ မခေါ်ပါနဲ့ အဘရယ်။ သားလို့ပဲခေါ်ပါ .. နော် … ဒီမှာကြည့်ပါဦး ဒါ ဘာတွေလဲလို့”
ဆရာဝန်လေးက လက်ထဲကပစ္စည်းလေးကို အဘရဲ့ ချိနဲ့ပိန်လှီလွန်းလှတဲ့ လက်ကလေးထဲ ထည့်ပေးလိုက်တော့  တဖြည်းဖြည်း ထိကိုင်ကြည့်ရင်း  …
“ကျ ..ကျောက်သင်ပုန်း အပဲ့လေး ..”
“ဟုတ်ပါတယ်အဘ … နောက် ဒီမှာရှိသေးတယ်အဘ။ ရော့ ဒါလေးကိုယူ”
ဆရာဝန်လေးက အဘရဲ့ လက်တုန်တုန်လေးထဲ သစ်သားပေတံလေးတစ်ချောင်း ထည့်ကိုင်ပေးလိုက်ရင်း အဘရှေ့ လက်ဝါးဖြန့်ပေးလိုက်တယ်။
“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်လို့ ပြောပြီး ခပ်ဆတ်ဆတ်လေး နှစ်ချက်လောက် ရိုက်လိုက်ပါဆရာ”
“ဟာ .. ဆ .. ဆရာလေး  … သ ..သားဟာ …”

အဘရဲ့ ဘာကိုမှ အသေအချာမြင်ပုံမရတဲ့ မျက်ဝန်းအစုံ တောက်ပသွားလိုက်ပုံများ။ မျက်ရည်တစ်စ အပြုံးတစ်ပွင့်နဲ့ အတူ။ ဆရာဝန်လေး နားလည်လိုက်တယ်။ အဘရဲ့မျက်ရည် … ဒါ ၀မ်းသာလွန်းလို့ကျလာခဲ့တာ။ သူ့ဘ၀ရဲ့ အမျှော်လင့်ဆုံးအရာကို အဘရခဲ့ပြီ။ မျှော်လင့်တဲ့နေ့ကို တကယ်ပဲ ရောက်လာခဲ့ပြီ။ ဆရာဝန်လေးလည်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို မမြင်နိုင်တဲ့အဘ မြင်သွားမှာစိုးစိုးရိမ်ရိမ်မို့ ကွယ်သုတ်ရင်း …
“ဟုတ်ပါတယ်ဆရာ။ ဆရာရဲ့ အဲဒီဆုံးမစကားကြောင့်ပဲ ကျနော်တစ်သက်လုံး လိမ္မာသွားခဲ့တာ အခုအခြေအနေ ရောက်တဲ့အထိပဲပေါ့။”
“သားရယ် .. ဆ   … ရာ .. ၀မ်း … … ..သာ … … ”

(၅)

“ဆရာ့ကို မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးဘူး။ ဟိုရက်ထဲတုန်းကလည်း အဘရဲ့ နာရေးကိစ္စတွေနဲ့ ဆရာ အလုပ်များနေတာနဲ့ … ”
“ဘာများလဲဆရာမရဲ့ မေးပါ။ ကျနော်ဖြေနိုင်တာဆို ဖြေမှာပေါ့။”
သူနာပြုဆရာမလေးက ချိတုန်ချတုန် စဉ်းစားနေရင်း ..
“ ဟို … ဆရာက … အဘရဲ့တပည့် .. အဲ ..  အဘသိပ်တွေ့ချင်နေတဲ့ တပည့်လေးပေါ့နော်..”
“မဟုတ်ပါဘူးဆရာမ … ကျနော် အဘရဲ့တပည့် မဟုတ်ပါဘူး။ နေ၀င်လုလုအဘိုးအိုတစ်ဦးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ပေးရုံသက်သက်ပါ။”



ကိုကြည်နိုင် (ကျုံတိုင်းရွာ)

နှလုံးသား




.
သန်း ၆၀ အတွက် သပြေခက်ကိုက်ချီလာတဲ့
ခိုဖြူတွေတော့ မဟုတ်ပေဘူး
လူသားအားလုံးအတွက် ဘာဖြစ်ရမယ် ညာဖြစ်ရမယ်လည်း မဆိုပါဘူး
ငါတို့မြို့ရွာ ငါတို့အ၀န်းအ၀ိုင်းလေးအတွက်
ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ  သဲတစ်ပွင့်တွေပါ
တစ်ချပ် … နောက်တစ်ချပ် … နောက်ထပ်တစ်ချပ် ကျောချင်းကပ် မြဲမြဲရပ်
တစ်ပွင့် … နောက်တစ်ပွင့် … နောက်ထပ်တစ်ပွင့် လက်ချင်းချိတ် မြဲမြဲတွဲ
ဒီလိုနဲ့ .. ငါတို့ လုပ်နိုင်ခဲ့ပြီ။

အခြားသူတွေရဲ့ မျက်ရည် ငါတို့မျက်ဝန်းတွေက ကူကျပေးပါ့မယ်
အခြားသူတွေရဲ့ သောကပရိဒေ၀ ငါတို့ ရင်ဆီးခံပေးပါ့မယ်
တစ်ဖက်သောလက်ကိုဆန့်တန်း ကူညီဖို့ အသင့်ကမ်းထားပါ့မယ်
ကျန်တစ်ဖက်ကို ဖွဖွဆုပ် မျက်ရည်သုတ်ပေးနိုင်ဖို့ ငါတို့ကြိုးစားပါ့မယ်
ရွေးမြစ်ကိုသက်သေအရာထား ဒီသစ္စာစကား ငါတို့ဆိုတယ်။

ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ  သဲတစ်ပွင့်တွေပါ။                

                                                                  ကိုကြည်နိုင်
____________________________________________
24-25/2/2014 တွင် လပွတ္တာမြို့ ``နှလုံးသား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့´´ ၏ သွေးလှူဂုဏ်ပြုပွဲအတွက် ရေးဖွဲ့ရွတ်ဆိုခဲ့သောကဗျာ ဖြစ်ပါတယ်။

Tuesday, December 10, 2013

ငါတို့မြို့လေးရဲ့ ပြတိုက်ထဲမှာ ရိုးသားမှုတွေရှိတယ်




မြောက်ပြန်လေက ဆောင်းတွေကို ထိုးခွဲသုတ်သင်သွားသလိုပ
ငါတို့မြို့လေးမှာ နှင်းတွေမမြင်ရတာကြာပြီ
တိမ်တစ်အုပ်နဲ့ ဆုတ်ခွာသွားတဲ့ မုတ်သုန်ရေ
လောဘမီးတွေနဲ့ ခပ်မို့မို့တည်ဆောက်
ဟုန်းဟုန်းတောက်နေတဲ့ မြို့လေးဆီ
ရောက်ရာအရပ်က ပြန်ကွေ့ပြီး
ဒီအရပ်လေးပေါ်သွန်ချ ရသလောက်လေး အေးပါစေဦး။

ဒီဇင်ဘာမပီသတော့တဲ့ ဒီဇင်ဘာရေ …  
ငါ့မွေးရပ်မြေကို ကယ်တင်တယ်လို့ သဘောမထားပဲ
ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ဆယ်တယ်လို့ သဘောထားပြီး
လွမ်းရင်လိုက်လာခဲ့ … လို့တောင် မှာမသွားတဲ့နှင်းတွေကို ပြန်ခေါ်
တစ်မျှော်တစ်ခေါ် အတိတ်တွေတုန်းကလို ပိန်းပိတ်အောင် ဖြူမနေလည်း
အဲဒီအဖြူရဲ့ အဖြူတစ်ဝက်လောက်ဖြစ်ဖြစ်
ငါ့မြို့လေးပေါ်ဆွတ်ဖြန်း ပြန်ရိုးသားစမ်းပါစေ။

ကိုကြည်နိုင်
10. 11. 2013 ( ည ၁၂ နာရီ ၇ မိနစ် )

Monday, June 10, 2013

တကယ်လေတိုက်ရင် တကယ်လည်တယ်




(၁)

ကတ္တရာလမ်းနက်နက်ရဲ့ ကျောပေါ်မှာ တံလျှပ်တို့ကို တနင့်တပိုးထမ်းပိုးထားရချိန်။ လမ်းမပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ အထူးတလည်ကိစ္စမရှိပါပဲ ဖြတ်သန်းသွားလာဖို့ ဆန္ဒမရှိတဲ့အချိန်။ ပူပြင်းလှပေစွ။ လမ်းတလျှောက်မှာလည်း ကြီးကြီးမားမား အရိပ်ခိုစရာအပင်ဆိုလို့ နတ္ထိ။ ရှိစုမဲ့စု အပင်လေးတစ်ပင်တစ်လေတောင်မှ သူ့အရွက်တွေကို တအီအီခါချနေလိုက်တာ ရိုးတံနဲ့ငေါငေါ။ တဖြည်းဖြည်း မြို့ပြပိုဆန်ဆန်လာတဲ့ တောမြို့လေးဟာ အခြားမြို့ပြတွေလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်နဲ့ အချိုးကျ ရောနှောရှူရှိုက်။ မြစ်ပြင်ကို ဖြတ်တိုက်လာရတဲ့ လေအေးအေးတွေလည်း ရရာမြေနေရာလေးပေါ် တစ်ထပ်ပြီးတစ်ထပ် တင်ဆောက်လာရတဲ့ မိုးတိုးမတ်တပ် အဆောက်အဦတွေကို မကျော်နိုင်တော့ မြစ်ပြင်ထဲကလေ မြစ်ပြင်ထဲမှာသာ အေးမြခွင့်ရနေတော့တယ်။ မြို့ကလေးပေါ်ထိ၊ လမ်းတွေပေါ်ထိ ခြေချခွင့်မရနိုင်တော့။ 

အရင်က ရှိခဲ့ဖူးတဲ့ လမ်းဘေးရေအိုးစင်လေးတွေသော်မှ အခုမရှိတော့။ အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားတဲ့ ရေအိုးစင်လေးတွေအစား သံကြိုးတည်းနှောင်ထားခံရတဲ့ ပလတ်စတစ်ခွက်တွေ နေရာယူလာ၊ နောက် .. သောက်ရေအိုးကိုပါ တံခါးပိတ်၊ သော့ခတ် အကျဉ်းချထားရ။ နောက်တော့ … ရေအိုးစင်လေးတွေ ရှားပါး ပျောက်ကွယ်လာ။ ရာသီဥတု ဖေါက်ပြန်ပျက်ယွင်းခြင်း၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာခြင်းဒဏ်တွေအောက် မြို့ကလေးဟာ ပြားပြားမှောက် ဖွံ့ဖြိုးနေဆဲ။ အမြီးနဲ့ ခေါင်း ကျက်တာအရင်စားမယ်ဆိုတဲ့ လူ့အန္ဓတွေ ပိုပိုများလာတဲ့မြို့လေး၊ ပရထက် အတ္တကို ပိုပိုပြီး မွေးမြူလာတဲ့ မြို့လေး။ အထဲမှာဗလာကျင်းနေတဲ့ ခေါင်းကိုမော့၊ နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ကြီးကို ကော့ကော့ပြီး မြို့ကြီးပြကြီးဟန်ဆောင်နေပေမယ့် တစ်ချိန်တုန်းက သူ့ရဲ့ရိုးသားမှု၊ အေးဆေးမှု နဲ့ မြို့ပြမဆန်တဲ့ အလှအပတွေကို သူကိုယ်တိုင် ပြန်လွမ်းနေရတဲ့မြို့လေး။ 

အပူချိန်က တရိပ်ရိပ်နဲ့ တက်တက်လာပြီ။ နွေလယ်နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်ကိုရောက်လာခဲ့ပြီ။ မကြာခင်မှာပဲ ဒီလမ်လေးပေါ်မှာ တံလျှပ်တွေအလိမ်းလိမ်းကြားမှာ တရွေ့ရွေ့လျှောက်လာတဲ့ သူ့ကို တွေ့ကြရတော့မယ်။ သေချာတယ် သူ စာသင်ကျောင်းတွေဖက်က ပြန်လာတာ။ အခုအချိန်ဆိုရင် စာသင်ကျောင်းတွေမှာ မုန့်စားလွှတ်ပြီးလို့ ကျောင်းပြန်ခေါ်နေပြီ။ ဆိုတော့ .. သူ့အလုပ်ဘာမှ မရှိတော့။ ကျောင်းပြန်ခေါ်ချိန်ရောက်ပြီ ဆိုတာနဲ့ လမ်းတကာပေါ် သူလျှောက်သွားနေပြီ။ ဘယ်လမ်းတကာကို ဘယ်လိုပဲ သူလျှောက်သွားသွား ခုလိုအချိန်ဆိုရင် ဒီလမ်းလေးကိုတော့ သူရောက်ရောက်လာမြဲ။ ဘာကြောင့် ဒီအချိန်တိုင်း ဒီလမ်းကလေးပေါ်ကို ရောက်ရောက်လာပါသလဲလို့ သူ့ကိုသွားမေးရင် “ဒီလမ်းလေးက ဆင်းရဲတယ်လေကွာ။ ငါ့အလုပ်နဲ့တော့ ကွက်တိပေါ့ကွ။ နောက် .. ငါ့မိတ်ဆွေလေးတွေက ဒီအချိန်ဆိုရင် လမ်းပေါ်ရောက်နေကြပြီ။ တခြားမှာဆိုရင် ဒီအချိန် လမ်းပေါ်လူမရှိဘူး။” လို့ အသေအချာဖြေလိမ့်မယ်။

မြို့လေးရဲ့ လမ်းတကာပေါ်မှာ သူ့ကိုတွေ့တွေ့နေရတယ် ဆိုပေမယ့်လို့ တိုက်မြင့်မြင့်ကြီးတွေရဲ့ အခန်းကျဉ်းလေးတွေထဲ အဲကွန်းသံတ၀ီဝီအောက် ကိုယ့်ဘာသာ အကျဉ်းကျနေတဲ့ “လူချမ်းသာ” ဆိုသူတွေသာနေတဲ့ မြို့လယ်လမ်းမကြီး တွေ ပေါ်မှာတော့ သူ့ကို တွေ့ရခဲတယ်။ တကယ်လို့သာ ဘာကြောင့် အဲဒီလမ်းတွေပေါ် အလာကျဲသလဲလို့ သူ့ကိုမေးကြည့်ရင် “ငါ့အလုပ်နဲ့ မကိုက်ဘူးလေကွာ။ သူတို့ ငါ့ကိုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။” လို့ဖြေမှာပါပဲ။ သူ့အလုပ်ကလည်း အဲဒီလို။ သူ့မိတ်ဆွေဆိုသူတွေက သူ့ကိုစိတ်ဝင်စားပါမှ အဆင်ပြေမှာဆိုတော့ သူအဆင်မပြေတဲ့ လမ်းတွေဆိုရင် သိပ်မရောက်ဖြစ်။ လုံးဝမရောက်တာတော့လည်းမဟုတ် တစ်ခါတရံ အဆင်ပြေလိုပြေငြား ရောက်လာတဲ့အခါလည်း ရှိတယ်။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ လမ်းတကာပေါ်မှာတော့ သူ့ကို မပျက်မကွက် တွေ့တွေ့နေရမှာပဲ။ “နေပူတယ် မိုးရွာတယ်ဆိုတာ သဘာဝတရားကြီးက လုပ်နေတာလေကွာ။ ငါမှ သဘာဝတရားကြီးကို မထိမ်းနိုင်တာ နေပူမိုးရွာ ဘယ်ရှောင်နိုင်ပါ့မတုန်း။ လမ်းပေါ်ထွက်မှ ဖြစ်မှာဆိုတော့ ထွက်ရတာပါပဲကွာ။ အဆင်ပြေလားဆိုတော့ … အင်း … အဆင်ပြေပါတယ်။ မြို့လေးမှာ ငါ့ကိုစိတ်ဝင်စားတဲ့၊ ငါ့ကို နေ့စဉ်မျှော်နေတဲ့ ငါ့မိတ်ဆွေတွေ အမြဲ ရှိတယ်လေကွာ။ အဆင်ပြေတယ် ဆိုပါတော့။” သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်သူတိုင်းကို ဖြေနေကျ သူ့အဖြေ။



(၂)


လျှပ်စစ်စကားပြောခွက်ကို ခါးမှာချိတ်ချိတ်ပြီး ဟိတ်ဟန်ထုတ်တတ်တဲ့မြို့လေးဟာ အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ သူ့ကမ်းပါးတလျှောက် ဘာပင်မှ ဟုတ်ဟုတ်ငြားငြား မရှိတော့တဲ့ ၀တ်လစ်စလစ်မြစ်ကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ မြို့လေးရဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်များကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ ဘယ်သူတွေဘယ်လိုပဲ နောက်ကြောင်းပြန်လွမ်းလွမ်း ဖလင်တစ်ချပ်ပေါ်က ဇာတ်ကွက်တစ်ခု မဟုတ်တော့လည်း ရုပ်ရှင်ကားတွေလို အဖြူအမည်းနဲ့ နောက်ကြောင်းပြန် ပြလို့မရတော့တဲ့မြို့လေး။ ဘာပဲဖြစ်ဖြစ် နဂိုရည်ပျက်ခဲ့ပေမယ့် အပျိုစင်တစ်ယောက်လို စတိုင်ထွားနေဆဲမြို့လေး။ ဒီမြို့လေးမှာ တဖြည်းဖြည်း များများလာတာက လူ့မလိုင်ရေပေါ်ဆီများ။ တဖြည်းဖြည်း ရှားရှားလာတာက ဗြဟ္မစိုရ်တရားနဲ့ ငါးပါးသီလ။ တဖြည်းဖြည်း ထွားထွားလာတာက လျှင်သူစားစတမ်းဓလေ့။

သူဟာ ဒီမြို့သားစစ်စစ်ပါလို့ အမြဲပြောလေ့ရှိတယ်။ မြို့လေးရဲ့အပြောင်းအလဲကိုလည်း သိပ်စိတ်ဝင်စားပုံမရ။ သူသိတာက ဒီမြို့လေးရဲ့ လမ်းတစ်ချို့မှာ သူ့ကိုနေ့စဉ်မျှော်နေတဲ့ သူ့မိတ်ဆွေတွေရှိတယ်။ ဆိုက္ကားဂိတ်၊ ကားဂိတ်တွေမှာ သူ့အလုပ် ခဏတာနားတုန်း စကားလက်ဆုံကျမယ့် သူ့အသိတွေရှိတယ်။ ညနေအလုပ်သိမ်းချိန် သူပြန်စရာ မြို့လေးနဲ့ အောက်ဖက်ရွာတွေ ဆက်သွယ်ထားတဲ့ မြေသားတာဘောင်ဘေးက ၀ါးတဲလေးရှိတယ်။ (အိမ်သူ နဲ့ သားသမီးတွေတော့ မရှိဘူးလို့ သူ့အပြောအရသိရတယ်။) ဒီလောက်နဲ့တင်ပဲ ဒီမြို့လေးက သူ့အတွက် နေချင့်စဖွယ်ဖြစ်နေတော့ပုံ။ “ငါလား .. ဒီမြို့လေးကို ချစ်တာပေါ့။ ငါ့မြို့လေးပဲ။ အဲ … မြို့လေးကတော့ ငါ့ကို အရင်ကလောက် မချစ်တော့ဘူးထင်ပါရဲ့။ နည်းနည်းများ စိမ်းလာသလားလို့”  ဆိုက္ကားဆရာတွေ၊ ကားသမားတွေနဲ့ စကားထိုင်ပြောဖြစ်တဲ့ တစ်ခါတရံမှာတော့ သူ့ဆီက စိတ်မကောင်းသံလား၊ သံဝေဂသံလား စွက်နေတဲ့ ဒီစကားကို မကြာခဏ ကြားရလေ့ရှိတယ်။

တစ်ခါတစ်ခါ စိတ်လိုလက်ရရှိနေချိန်တွေမှာတော့ “တို့ငယ်ငယ်တုန်းကများဆိုရင် ဒီမြို့လေးဟာ … ” အစချီတဲ့ နောက်ကြောင်းပြန်အလွမ်းတွေက ဖြတ်ကနဲ ပြိုဆင်းလာတတ်တယ်။ အဲဒီလို ..  မြို့လေးရဲ့တစ်ခါက အခင်းအကျင်းကို ပြန်ပြန်ပြောတိုင်း သူပြောလေ့ရှိတာက “အခုနောက်ပိုင်းတွေမှာ တို့မြို့လေးလည်း ဘာတွေဖြစ်လာတယ် မသိပါဘူးကွာ။ လူတွေက တဖြည်းဖြည်း ကဏန်းတွေနဲ့ ပိုတူလာတယ်။ ကဏန်းတွေကို ပုံးထဲထည့်ထားသလိုပေါ့။ တစ်ကောင်က သူ့လွတ်မြောက်လမ်းအတွက် တွယ်တက်သွားလိုက်၊ နောက်တစ်ကောင်က အောက်ကနေ ဆွဲချလိုက်။ ဒီလိုနဲ့ ဘယ်ကဏန်းမှ မလွတ်မြောက်တော့ဘူး။ ဒီကလူတွေလည်း အဲဒီလိုဖြစ်နေတယ် ထင်တာပဲ။”  

နောက် သူ့ဘ၀တလျှောက်လုံး ပင်ပင်ပန်းပန်းနဲ့ ဆင်းတောင့်ဆင်းရဲ ရှာဖွေစားသောက်လာရတာဆိုပေမယ့် သူ့ကိုယ်သူတော့ ဂုဏ်ယူတယ်ဆိုပဲ။ “ငါ .. ဒါလေးတွေလုပ်တတ်တယ်။ ဒါလေးတွေကို ရောင်းပြီး ၀မ်းရေးဖြေရှင်းတယ်။ တစ်ခါမှ ဖြတ်စား၊ ခုတ်စား၊ လိမ်ညာစားတဲ့အလုပ် ငါမလုပ်ခဲ့ဖူးဘူး။ ငါကျိန်ပြောရဲပါတယ် .. ခုအသက်အရွယ်ထိ ငါစားခဲ့တဲ့ ထမင်းလုတ်တိုင်းအတွက် ငါ့လိပ်ပြာ ငါလုံတယ်။” ဆိုတာကို တရှိုက်မက်မက် သူပြောခဲ့ဖူးတယ်။ သူပြောချင်တာတွေပြော၊ သူ့ခံစားချက်တွေဖွင့်ထုတ်၊ သူ့ရဲ့ မြို့လွမ်းချင်းတွေ ချပြပြီးရင်တော့ သူ့လုပ်ငန်းခွင်ရှိရာ နေပူပူအောက်၊ သို့မဟုတ် မိုးစိုစိုအောက် တရွေ့ရွေ့ ထွက်ခွာသွားမြဲ။ သူထွက်ခွာသွားပြီဆိုတာနဲ့ …

 “ဓါတ်ခဲမလို၊ လျှပ်စစ်မလို၊ ဘက်ထရီအိုး မလိုဘူးနော် .. တကယ်လေတိုက်ရင် တကယ်လည်တယ်။ … …. တကယ်လေတိုက်ရင် တကယ်လည်တယ် …      တကယ်လေတိုက်ရင် ….   ….       …. ”
ဆိုတဲ့ သူ့အသံက သူ့နောက်ပါးမှာ ဝေ့ကာဝဲကာ ကျန်ခဲ့မြဲ။

ရောင်စုံစက္ကူလေးတွေကို စင်္ကြာလေးတွေချိုးပြီး အဲဒီစက္ကူစင်္ကြာလေးတွေကို ငှက်ပျောတုံးတစ်တုံးမှာထိုးစိုက်၊ပြီးတော့ ပုခုံးပေါ်ထမ်း၊ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ကလေးကစားစရာစင်္ကြာလေးတွေကို နှုတ်ရွှင်ရွှင် အာသွက်သွက်နဲ့ လိုက်လံရောင်းချနေတဲ့ အဖိုးအိုရဲ့ အသံကြားတိုင်း “တကယ်လေတိုက်လို့ တကယ်လည်သွားရတာက ကျုပ်ပါဗျာ။ ခင်ဗျားကတော့ တစ်ဘ၀လုံး မုန်တိုင်းမိလာတာတောင်မှ လိပ်ပြာလှနေတုန်းပါ။ ကျုပ်မှာသာ …” ဆိုတဲ့အတွေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့  မြို့လေးက အဖိုးအိုနဲ့ သူ့ရဲ့ တဖျပ်ဖျပ်လည်နေတဲ့ စင်္ကြာလေးတွေကို ရှက်ဝဲ၀ဲ ငုံ့ကိုင်းကြည့်နေမြဲ။




                                                                                                                                                    ကိုကြည်နိုင်



Saturday, March 2, 2013

စင်တော်ဖွင့်အမီ

.

.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)

.