Wednesday, January 4, 2012

ကြိုးဝိုင်းတွင်းမှ တစ်ရေးတစ်မော ခွင့်ယူခြင်း



၁)
တစ်နေ့သ၌
ခရီးစရိတ်အဖြစ် ကျောပိုးအိတ်တစ်လုံးစာ ရိုးသားမှုတွေထည့်ပြီး
မြို့လေးတစ်မြို့ကိုရှာဖို့ ကျနော် ခရီးထွက်ခဲ့ပါတယ်။

၂)
တောင်တန်းမြင့်မြင့်သွယ်သွယ်တို့ရဲ့အခြေက
လွင်ပြင်ကျယ်တွေ၊ စမ်းချောင်းလေးတွေ၊ ပန်းခင်းရောင်စုံတွေနဲ့ ၀န်းပရံခ နေတဲ့
အဲဒီမြို့ကလေးဆီ ကျနော်ရောက်တော့
နေရောင်ကလည်း ရွှေအဆင်းနဲ့ ၀င်းရှင်းတောက်ပ
လူတွေကလည်း အဖြူရောင်ဝတ်စုံတူညီနဲ့ ကြည်ကြည်မွေ့မွေ့ သွားသွားလာလာ
ကလေးလေးတွေက ထမင်းဆီဆမ်းကို ရွှေလင်ဗန်းကြီးနဲ့ ထည့်ထည့်စားနေကြ
အမေတွေကလည်း ရင်နှစ်ကလေးတွေရဲ့ အိပ်ချိန်တိုင်း အိပ်ချိန်တိုင်းမှာ
ဗျိုင်းတွေကို ရှေ့က သုန်သုန်ဖြူးဖြူး ပျံစေကြ။

၃)
မြစ်များ၊ ချောင်းများ၊ ရေတံခွန်များ ကလည်း
ကျောက်တုံးရောင်စုံတွေကို ပွတ်ဝှေ့ကြည်စယ်ရင်း နုနုညက်ညက် စီးဆင်းနေကြ
ပန်းတွေတိုင်း ပန်းတွေတိုင်း နဲ့ လိပ်ပြာတိုင်း လိပ်ပြာတိုင်းက
နှစ်ကိုယ်ကြားစကားကို ဖွဖွသာသာ ရွတ်ဆိုနေကြ
ငှက်တွေတိုင်း ငှက်တွေတိုင်းက
သူတို့ရဲ့ ဆင်ဖိုနီကို ၀ဲဝဲလွင့်လွင့် ကျူးရင့်နေကြ

၎)
ငြိမ်းချမ်းလိုက်တာမေမေရယ်
ကျနော့်ကို တဆိတ် မနိုးပါစေနဲ့
ဝံပုလွေများနဲ့ ကစားကွင်းထဲ ကျနော်ပြန်မရောက်ချင်သေးဘူး။


ကိုကြည်နိုင်


1 comment:

  1. ဒီကဗျာကိုဖတိတာအေးချမ်းတယ်လို့ထင်တယ်။စိတ်ထဲတောင်ငြိမ်းချမ်းတယ်။

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။